Wednesday, 17 February 2010

ရွှေ့ပြောင်း အလုပ်သမား မူဝါဒ ပြင်ဆင်ရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆို

Tuesday, 16 February 2010 18:05 ဘစောတင်
 

နိုင်ငံခြားသား အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်သော မူဝါဒများကို ပြင်ဆင်ပေးရန် ထိုင်းနိုင်ငံ အခြေစိုက် NGO အဖွဲ့များက ဦးဆောင်၍ ဘန်ကောက်မြို့တွင် ထိုင်းဝန်ကြီးချုပ်ရုံးသို့ လည်းကောင်း၊ ချင်းမိုင်မြို့တွင် ခရိုင် အုပ်ချုပ်ရေး ရုံးသို့လည်းကောင်း ယနေ့ သွားရောက် တောင်းဆိုခဲ့ကြသည်။ဘန်ကောက် မြို့တွင် မြန်မာ့ အရေးကို ဆောင်ရွက်သည့် အဖွဲ့ အစည်းများ၊ ထိုင်း အလုပ်သမား သမဂ္ဂများ၊ NGO များနှင့် အတူ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂၀၀ နီးပါးခန့်သည် ယနေ့ နေ့လယ်က ယာယီ ပတ်စ်ပို့ လုပ်ငန်းစဉ်မှ တင်းကျပ်သော မူဝါဒများကို ကန့်ကွက်သည့် စာတစောင်ကို ထိုင်း ၀န်ကြီးချုပ် ရုံးသို့ ချီတက် ပေးပို့ ခဲ့ကြသည်။ အလားတူ ချင်းမိုင်မြို့တွင်လည်း Migrant Workers Federation နှင့် Workers Solidarity Association အဖွဲ့တို့က ဦးဆောင်၍ အလုပ်သမား ၅၀ ခန့်က ပိုစတာများ ကိုင်ဆောင်၍ သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့သည်။
တောင်းဆို ချက်ထဲတွင် ထိုင်းအစိုးရ အနေဖြင့် ယာယီပတ်စ်ပို့ လုပ်ရန် လျှောက်ထားရမည့် နောက်ဆုံး သတ်မှတ်ရက် ဖေဖော်ဝါရီ ၂၈ ရက်မှ ထပ်မံ တိုးပေးရေး၊ ထို သတ်မှတ်ရက် နောက်ပိုင်း အစုလိုက် အပြုံလိုက် ဖမ်းဆီး ပြန်ပို့ခြင်းများ မပြုရေး၊ ယာယီပတ်စ်ပို့ လုပ်ရာတွင် ပွဲစား ကုမ္ပဏီများ၏ ဆောင်ရွက်ချက် များကို ကြပ်မတ် စိစစ်ပေးရေး စသည့် အချက်များပါဝင်သည်။  

ထိုင်းအစိုးရက လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ယာယီပတ်စ်ပို့ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်သည့် အစီအစဉ်သို့ လျှောက်ထားခြင်းမရှိလျှင် ထိုသူများအားလုံးကို ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့ မည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်သည် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း နှင့် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကို တဖက်တလမ်းက အထောက်အကူပြုနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များကိုလည်း များစွာ ခြိမ်းခြောက် နေသည်ဟု ယနေ့ တောင်းဆိုချက်များတွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်ထံသို့ ပေးပို့ သောစာတွင် ထိုင်းနိုင်ငံမှ သြဇာကြီးမားသော အလုပ်သမား သမဂ္ဂအဖွဲ့  အစည်းများဖြစ်သည့် The State Enterprise Workers Relations Confederation မှ အထွေထွေ အတွင်းရေးမှူး Mr. Sawit Keawan၊ Thai Labour Solidarity Cmmittee မှ ဥက္ကဋ္ဌ Ms. Wiliwan Saetia၊ Migrant Working Group မှ တာဝန်ခံ Mr. Adisom Kedmongkol၊ Action Network for Migrant မှ တာဝန်ခံ Mr. Bundit Panwiset တို့က လက်မှတ်ရေးထိုးထားကြသည်။

ဘန်ကောက်မြို့ရှိ အလုပ်သမားများသည် ရှေးဦးစွာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ မိတ္တူ တစောင်ကို ပေးပို့ ပြီးနောက် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ချင်းမိုင်မြို့တွင် တောင်းဆိုချက်များကို ခရိုင် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတဦးက လက်ခံယူခဲ့ပြီး အထက် တာဝန် ရှိသူများထံ တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ချင်းမိုင်အခြေစိုက် Migrant Workers Federation အဖွဲ့မှ ကိုစိုင်းပီးက ယင်းတောင်းဆိုချက်များကို ထိုင်း အစိုးရအနေဖြင့် ဆုံးဖြတ် ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဘန်ကောက်မြို့တွင်မူ နံနက် ၁၀ နာရီခန့်မှ စတင်ကာ ၀န်ကြီးချုပ်ရုံးရှေ့တွင် စုရုံးခဲ့ကြသော်လည်း နေ့လယ် ၁ နာရီ ကျော်ထိ စာထွက်ယူမည့် အရာရှိကို စောင့်ဆိုင်းခဲ့ကြရသည်။ ထိုင်းအဖွဲ့ အစည်းများက ပြင်းထန်စွာ ဖိအားပေးပြောဆိုမှသာ ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူတဦး ထွက်ယူခဲ့ကြောင်း တွေ့ရသည်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ တရားဝင်ဖြစ်လာစေရန် ဆောင်ရွက်ရေး၊ အလုပ်သမားသစ်များ စေလွှတ်ရေး ဆိုင်ရာ အစည်းအဝေးကို ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မြင့်နှင့် ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ ၀န်ကြီး Mr. Phaitoon Kaeothong တို့ တက်ရောက် ခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ယင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်၍ ၂ ရက်ကြာ ကျင်းပခဲ့ရာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား များအား နိုင်ငံသား စိစစ်ရေး တရားဝင်ဖြစ်လာစေရေးနှင့် အလုပ်သမားအသစ်များ ထိုင်းနိုင်ငံ၌ အလုပ် လုပ်ကိုင်ခွင့်များ ရရှိရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သတင်းစာတွင် ရေးသားထား သည်။ 

မြန်မာ အလုပ်သမားများ တရားဝင် အလုပ် လုပ်ကိုင်နိုင်ရန် အတွက် ယာယီ နိုင်ငံကူး လက်မှတ် ၁ သောင်း ထုတ်ပေးရေး အစီအစဉ်ကို နှစ်နိုင်ငံ အာဏာပိုင်များက လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှ စတင် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
ထို အစီအစဉ် အတွက် နိုင်ငံသား လက်မှတ် စိစစ်သည့် ဌာနများကို ထိုင်း - မြန်မာ နယ်စပ်မြို့များ ဖြစ်သည့် ကော့သောင်း၊ မြဝတီနှင့် တာချီလိတ် တို့တွင် ဖွင့်လှစ် ထားသည်။

မြန်မာဘက်မှ အာဏာပိုင်များက လျှောက်ထား သူ၏ နေရပ်ဒေသသို့ သွားရောက်၍ နိုင်ငံသား စိစစ်မှုအတွက် စစ်ဆေးပြီး သတ်မှတ် ထားသည့် အချက် အလက် ပြည့်စုံသူ များကိုသာ ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုင်း နိုင်ငံတွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား ၂ သန်းခွဲခန့် ရှိသည်ဟု ခန့်မှန်း ထားသည့် အနက်မှ ၁ သန်း ၂ သိန်း ကျော်ကသာ အလုပ်သမား လက်မှတ် ပြုလုပ်ထားရာ ကျန် ၁ သန်းကျော်မှာ အလုပ်သမား လက်မှတ် မရှိသူများဖြစ်သည်။

ဘန်ကောက်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ မှ အလုပ်သမား ရေးရာ တာဝန်ခံ ကိုသက်ခိုင်က “ဒီလ ၂၈ ရက်နေ့ မှာမှ ယာယီပတ်စ်ပို့ လုပ်ဖို့ ဖောင်မတင်ထားရင် အစု လိုက် အပြုံလိုက် ဖမ်းဆီးပြီး နယ်စပ်ကို ပြန်ပို့တော့မယ်။ ဒါ့အပြင် ယာယီပတ်စ်ပို့ အစီအစဉ်တွေထဲမှာ ပွဲစားတွေရဲ့ ချယ်လှယ်မှုကြောင့် လိုအပ်တာထက် အဆမတန် ကုန်ကျတာတွေရှိလို့ အလုပ်သမားတွေ ဒုက္ခရောက်ကြရတယ်” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ထိုင်းဝန်ကြီးချုပ်ထံ ပေးပို့သော စာထဲတွင် မြန်မာအစိုးရက လော နှင့် ကမ္ဘောဒီးယား အစိုးရများကဲ့သို့ ထိုင်းနိုင်ငံအတွင်း လာရောက်ကာ နိုင်ငံသားဖြစ်ကြောင်း စိစစ်ချက်ကို လုပ်ဆောင်ပေးမည်ဆိုပါက ပိုမို လွယ်ကူ မြန်ဆန်ပြီး လူအများ လက်ခံနိုင်မည့် အနေအထား ရှိနိုင်မည် ဆိုသည့် အချက်လည်း ပါဝင် ကြောင်း၊ ထိုင်း အစိုးရက သေချာ စဉ်းစား လုပ်ကိုင်ပေးမည်ဆိုလျှင် ထိုင်း နိုင်ငံနှင့် မြန်မာ အလုပ် သမားများ အတွက် ပိုမို အကျိုးရှိ ကောင်းမွန်မည့် အစီအစဉ်ဖြစ်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံ အတွင်း တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပ အလုပ်သမား များအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့သည်။

မြန်မာနိုင်ငံ အပါဝင်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင် ထားသူများကို ထိုင်းနိုင်ငံ အတွင်း ငါးဖမ်းလုပ်ငန်း၊ အစားသောက် ထုတ်လုပ်ရေးလုပ်ငန်း၊ လယ်ယာ လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အိမ်တွင်းမှုလုပ်ငန်းများ၌ တရားဝင် အလုပ်လုပ်နိုင်ရန် ခွင့်ပြုထားသည်။

ဧရာဝတီ သတင်းထောက် သန်းထိုက်ဦး ပါဝင်ရေးသားသည်။
အပြည့်အစုံသို့ >>

ထိုင်းနိုင်ငံတွင်း မြန်မာအလုပ်သမားများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်

နန်းခမ်းကယောက် ၁၅ ဖေဖော်ဝါရီ ၂၀၁၀

မြန်မာနယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၁ သန်းကျော်ကို တရား ၀င် နိုင်ငံကူးလက်မှတ် ထုတ်ပေးသွားမယ်လို့ ပြည်တွင်း ၀စ်လီးအလဲဗင်းဂျာနယ်ကို ကိုးကားပြီး ဒီကနေ့ ရန်ကုန်ကလာတဲ့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်၊
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ပုဂံမြို့မှာ ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်ရဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးကြပြီး အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်အရ  ၁ သန်းကျော်ထဲက မြန်မာအလုပ်သမား ၆ သိန်းစီကို ၂ သုတ်ခွဲပြီး ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ ပထမအသုတ်ကို ဒီနှစ်ထဲမှာ ထုတ် ပေးမှာဖြစ်ပြီး ကျန်တသုတ်ကိုတော့ ၂၀၁၂ ခု ဖေဖေါ်ဝါရီလမှာ ထုတ်ပေးသွာမယ်လို့ သတင်းက ဆိုပါတယ်၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ခွင့် ၂ နှစ်သက်တမ်းရမယ့် ဒီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအစီအစဉ် ကို လွန်ခဲ့တဲ့ ၄ နှစ်က စတင်တာဖြစ်ပြီး။ အခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံကူးလက် မှတ်လုပ်သူ စုစုပေါင်း ၃ သောင်းကျော်သာရှိတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါ တယ်။ အခုလို ထိုင်းနိုင်ငံမှာ လုံခြုံမှုကင်းပြီး သွားလာအလုပ်လုပ်ကိုင်နိုင်ဖို့ နိုင်ငံ ကူးလက်မှတ်ထုတ်ပေးတာတောင် မြန်မာအလုပ်သမားတွေက ဘာကြောင့် လက် မခံကြတာလဲ ၊ ထိုင်းနိုင်ငံရှိ ဘန်ကောက်က မြန်မာအလုပ်သမားတဦးကတော့ ကျန်နေတဲ့ မြန်မာပြည်က မိသားစုတွေအတွက် လုံခြံမှုမရှိတာကြောင့်လို့ အခုလို ပြောပါတယ်၊ ပြတ်စ်ပို့ လျှောက်လွှာတင်ပြီးတော့မှ နောက် သက်တမ်းတိုးခွင့်ရှိတယ်။ ဒါပေမဲ့ ဒီလူတွေကတော့ ပတ်စ်ပို့မလုပ်ချင်ကြဘူး။ အမှန်အကန်ဖြစ်လို့ရှိရင်လည်း ဗမာပြည်က ကိုယ့်အိမ်မှာ သွားပြီးတော့ ငွေးညစ်စားမှာစိုးလို့ ဒီကြားထဲ ၂ နှစ်အ တောအတွင်း ကိုယ်အိမ်ပြန်လို့ရှိရင်လည်း ကိုယ့်ကို ဒုက္ခပေးမှာစိုးလို့ အဲဒီလိုမျိုးပေါ့။ အခုတောင်မှ အဲဒီ ၁၂ ရက် အပိုင်းမှာ ကြားနေရတာက သူတို့အိမ်မှာ သွားပြီး ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်ပြီးတော့ မင်းတို့သမီးကို ငါတို့ ဖမ်းထားပြီးပြီပေါ့။ ယိုးဒယားနိုင်ငံမှာ ဖမ်းထားပြီးတော့ ဗမာပြည်ပို့ထားပြီးပြီလို့ ပြောထားတာလေ။ အြဲဒါကနေပြီးတော့ သူ့အဖေဆီကို ပိုက်ဆံ ၁၀ သိန်း သွားတောင်းတယ်။ တောင်းတော့ သူ့အဖေက ပိုက်ဆံပေးစရာမရှိတော့ သူ့အဖေ မှတ်ပုံတင် သိမ်းသွား တယ်။ နောက်မကြာသေးခင်မှာပဲ သူ့သမီးက သူ့အဖေဆီဖုန်းဆက်တော့မဟုတ်ဘူး အဖေ၊ ကျမထိုင်းနိုင်ငံမှာ ရှိနေပါတယ်။ သူတို့ဟိုက ဖမ်းထားတာမဟုတ်ဘူးလို့ နောက်ဆုံးကျတော့ မဟုတ်တာနဲ့ သူ့အဖေလည်း ရပ်ကွက်ဥက္ကဋ္ဌကို ခေါ်ပြီး ရဲစခန်း မှာ သွား+ပီးတော့ မှတ်ပုံတင် ပြန်သွားတောင်းခဲ့တယ်။ ငွေ ၁၀ သိန်းလည်း မပေးရ  ဘူး။ မှတ်ပုံတင်လည်း ပြန်ရခဲ့တယ်လေ။ဋ္ဋဋ္ဋ အလားတူ နယ်စပ်လမ်းကနေ တရားမ၀င် အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်း နိုင်ငံတောင်ပိုင်းဘက်က မြန်မာအလုပ် သမားတွေကလည်း ဒီလို နေအိမ်တွေဆီ ငွေညစ်ခြိမ်းခြောက်မှာ စိုးရိမ်ကြလို့ မလုပ်လိုကြဘူးလို့ ဖူးခက်ဒေသမှာရှိတဲ့ အခြေခံ လူ့အခွင့်အရေးပညာပေးရေးကော်မတီ ဒါရိုက်တာ ဦးထူးချစ်ကလည်း အခုလို ပြော ပါတယ်။ အြလုပ်သမားအများစုက ကျနော်တို့ထင်တယ် မလုပ်ရဲကြသေးဘူး၊ ဘာ ဖြစ်လို့လည်းဆိုတော့ မြန်မာအစိုးရရဲ့ ဌာနဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မှုက တအား အားနည်းတယ်၊ နောက်တခုက သူတို့ကိုယ်တိုင်က သူတို့ရဲ့ စိုးရိမ်မှုတွေ တအားများတယ်။ သူတို့ကိုတကယ်လို့များ ပြန်လွတ်လို့ရှိရင် သူတိုဏ္ဍရဲ့ အိမ်ခြံတွေ အသိမ်းခံရမလား။ ပိုက်ဆံတွေ ပေးရမလားဆိုပြီးတော့။ ကျနော်တို့ဆီမှာတော့မလုပ် တဲ့သူက အများစုလို ဖြစ်နေတယ်။ဋ္ဋဋ္ဋ မကြာခင်မှာလည်း သက်တမ်းကုန်တော့မယ့် မြန်မာအလုပ်သမားတွေကို အလုပ်လုပ်ခွင့် ပါမစ်သက်တမ်းတနှစ် ထပ်တိုးပေးမှာဖြစ်ပြီး၊ နိုင်ငံကူးလက်မှတ်တွေ မလုပ်ရင် သက်တမ်း မတိုးပေးတော့ဘူးလို့လည်း ထိုင်းဖက်က အကျပ်ကိုင်နေတယ် လို့သိရပါတယ်။ အလုပ်လုပ်ခွင့်ပါမစ် လျှောက်တဲ့အခါမှာ လိပ်စာအတိအကျ မလိုပေမယ့် နိုင်ငံကူးလက်မှတ်မှာတော့ နေရပ်လိပ်စာအပြည့်အစုံ ဖြည့်ဖို့လိုအပ်နေတာ ဖြစ်ပါ တယ်။ ဒါ့ပြင် နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ့် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်၊ နယ်စပ်ဂိတ်ကို သွားဖို့အတွက် အလုပ်သမားတွေ အခက်အခဲဖြစ်နေပြီး၊ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား ကြားပွဲစားတွေကလည်း တဦးကို ဘတ်တသောင်းအထိ တောင်း ပြန်တယ်လို့ ဘန်ကောက်က အလုပ်သမားနဲ့ ဦးထူးချစ်တို့က ပြောပါတယ်၊ ဒါဆိုရင် မြန်အလုပ်သမားတွေအတွက် ပြေလည်ရေးအတွက် ဘာတွေလို အပ်နေလဲ ဦးထူးချစ်ကတော့ နိုင်ငံသားမှတ်ပုံတင် မရှိသူတွေ မှတ်ပုံတင်ထုတ်ပေးဖို့၊ အလုပ်သမားတွေဖက်က ကာကွယ်ပေးရေး အာမခံချက်ပေးဖို့၊ လာဘ်စားတဲ့ ဒေသ ခံအာဏာပိုင်တွေကို စစ်အစိုးရက ထိထိရောက်ရောက် အရေးယူပေးဖို့ လိုတယ်လို့ ပြောသွားပါတယ်၊၊
အပြည့်အစုံသို့ >>

အလုပ်သမများ ဆန္ဒပြပွဲနှင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှု

.Monday, 15 February 2010 11:38 မမခင်
ဒီရက်ပိုင်းတွေမှာ မြန်မာပြန်ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ်စက်ရုံ အလုပ်သမလေးတွေ လစာငွေတိုးမြှင့်ရရှိရေး ဆန္ဒပြပွဲ ဆင်နွဲနေကြတာကို အားလုံးကြားသိကြမယ် ထင်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ မြန်မာပြည်က စက်ရုံတွေမှာ ရရှိတဲ့ လစာငွေက သိပ်ကိုနဲပါးကြတာမို့ မကြာခဏဖြစ်လေဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် ဒီတခါ ဖြစ်ရပ်ကတော့ လုပ်အားခလစာနဲပါးမှုအပေါ် မကျေနပ်မှု ဆန္ဒပြပွဲဟာ ယခင်ကဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြမှုတွေထက် ပိုမိုပြင်းထန်လာတဲ့အသွင်ကို ဆောင်နေပါတယ်။ ဆန္ဒပြရာမှာ ပါဝင်တဲ့ အင်အားကလည်း နှစ်ထောင်ကျော်ရှိတာမို့ အင်အားတောင့်တင်းမှုကလည်း ယခင်ကဖြစ်လေဖြစ်ထရှိခဲ့တဲ့ စက်ရုံတွင်း ဆန္ဒပြပွဲတွေထက် ပိုပါတယ်။ ဒီအချက်ဟာ မကြာမီက အောက်ခြေစစ်မှုထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို လာစာငွေနှစ်သောင်း ဆောင်းပေးခဲ့တာနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာတာလို့ ဆိုနိုင်ပေမဲ့ တကယ်တော့ ဒီအကြောင်းအချက်တခုတည်းကြောင့် ဆန္ဒပြပွဲက ပိုပြင်းလာတာလို့ ပြောလို့မရပါဘူး။ မူလကပင် အလုပ်သမားတွေမှာ ခါးသီးလှတဲ့ အခြေအနေတွေက ရှိနေခဲ့ပြီး တစထက်တစ ပိုဆိုးရွားလာတာကို အခြေခံတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ 
.မြန်မာစစ်အစိုးရလက်အောက်မှာရှိတဲ့ အစိုးရပိုင်စက်ရုံတွေအပါအဝင် နိုင်ငံခြားဖက်စပ် စက်ရုံတွေမှာရော ပုဂ္ဂလိက စက်ရုံတွေမှာပါ အလုပ်သမားအခွင့်အရေးအတွက် ရပ်တည်ပေးမဲ့ အလုပ်သမားသမဂ္ဂဆိုတာမျိုး လုံးဝမရှိခဲ့တာမို့ မြန်မာစက်ရုံအလုပ်သမားတွေရဲ့ ဘဝဟာ အလုပ်ရှင်က ခိုင်းစေသမျှကို ရသမျှလုပ်အားခနဲ့ ကျေနပ်နေခဲ့ကြရတာပါ။ ပြီးတော့ အခြေခံလုပ်အားခံ အလွန်နဲနဲအပေါ်မှာ အိုတီကြေးလို့ အလုပ်သမားတွေခေါ်ဆိုတဲ့ အချိန်ပိုအားခကိုသာ အားထားပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတာမို့ သူတို့ရဲ့ဘဝဟာ နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နံနက်မိုးလင်းက အိပ်ယာဝင်ချိန်အထိကို လုပ်ကိုင်နေကြရတာပါ။

ဥပမာအားဖြင့် အစိုးရပိုင်စက်ရုံတရုံဖြစ်တဲ့ ရွှေတောင်အထည်စက်ရုံမှာ ဆိုရင် စက်ရုံမှူးဗိုလ်မှူးဆိုသူက အလုပ်သမားများရဲ့ လုပ်အားကို တလ ရက် ၃၀မှာ ရက် ၃၀ လုံး နားရက်မပေးဘဲ ည ၁၀ နာရီထိ အချိန်ရှည်ဆင်းစေပြီး အချိန်ပိုလုပ်အားခကိုတော့ တနေ့လျှင် ၂၀၀ ကျပ်သာပေးခဲ့တယ်လို့ဆိုကြပါတယ်။

ဒါ့အပြင် စက်ရုံအလုပ်သမားများရဲ့ လုပ်အားနဲ့ သူပိုင်မြေယာတွေ ရှင်းလင်းဖေါ်ထုတ်ပေးရတာမျိုး ခေါင်းပုံဖြတ် စေခိုင်းမှုတွေလည်း ရှိနေခဲတာပါ။ စက်ရုံအများစုရဲ့ စက်ရုံမှူးတွေဟာ စစ်တပ်ကလာတဲ့ စစ်ဗိုလ်တွေဖြစ်လို့ အလုပ်သမားတွေအဖို့ အလုပ်သမားအခွင့်အရေးတောင်းဆိုနိုင်ဖို့ မဆိုထားနဲ့။ မကျေနပ်ချက်ကို ပြန်ပြောမိရင် အကြောင်းမရှိအကြောင်းရှာ အလုပ်ဖြုတ်ခြင်း၊ ချောက်တွန်းဖမ်းဆီးချုပ်နှောင်ခံရတာမျိုး မဖြစ်အောင် ဆင်ခြင်နေထိုင်ကြရတာပါ။

ဒီအခြေအနေဟာ ရွှေပြည်သာ၊ လှိုင်သာယာတို့လို စက်မှုဇုံတွေမှာရှိတဲ့ နိုင်ငံခြားဖက်စပ်စက်ရုံတွေမှာ ပိုလို့တောင်ဆိုးရွားနေပါသေးတယ်။ အုပ်ချုပ်သူအများစုက စစ်တပ်နဲ့ လည်းကောင်းတို့နဲ့ အလွမ်းသင့်သူအသိုင်းအဝန်းကလာကြာတာမို့ လစာငွေအပေါ် အလုပ်အားအပေါ် အလုပ်ချိန်အပေါ် နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ခံနေကြရပါတယ်။ အလုပ်ချိန်ဟာ နံနက် ၇း၀၀ နာရီက ည ၁၁း၀၀ နာရီထိ ရှည်လျားနေတတ်ပါတယ်။ နေ့လည်ထမင်းစားချိန်ကို နာရီဝက်ဘဲ ခွင့်ပြုပါတယ်။ အလုပ်ချိန်ရှည်လျားလွန်းတော့ မြန်မာပြည်က စက်ရုံအလုပ်သမားတယောက်ဟာ မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ အလုပ်ကိုသွား၊ အလုပ်က အိမ်ပြန်ရောက်တာနဲ့ အိပ်ယာဝင်၊ ဒီလိုနဲ့ မိသားစုနဲ့ ပျော်ပျော်ပါးပါးနေထိုင်ချိန်၊ မိတ်ဆွေအပေါင်းအသင်းနဲ့ တွေ့ဆုံချိန်၊ စာပေဗဟုတုတလေ့လာချိန်၊ တီဗွီ/ဗီဒီယိုကြည့်ရှုလေ့လာချိန်၊ ဘာသာတရားကိုးကွယ်ဆည်းကပ်ချိန် ဆိုတဲ့ လူတယောက်ရဲ့ သာမန်ဘဝတခုမှာ ရရှိသင့်ချိန်တွေတောင် ပျောက်ကွယ်နေကြပါပြီ။

အလုပ်ခွင်မှာလည်း အလုပ်သမားကြီးကြပ်သူတွေက ဟိုဟိုဒီဒီခေါင်းလှည့်ကြည့်တာကိုတောင် စည်းကမ်းဖောက်ဖျက်စာရင်းသွင်းပြီး လစာဖြတ်တောက်တာမျိုးလုပ်ချင်ကြတယ်လို့ ဆိုပါတယ်။ သိုးမွေးထိုးစက်ရုံလို စက်ရုံမျိုးမှာဆိုရင် သိုးမွေးထိုးအပ်ကလေး ချည်ပေါက်ထဲဝင် မဝင်ကို နေ့စဉ်အချိန်ပြည့်ကြည့်ရှုနေရတဲ့ အဖြစ်မှာ မျက်လုံးတွေကိုက်ခဲနေလို့ မျက်စိဆရာဝန်ပြဖို့ အချိန်မပေးနိုင်ကြပါဘူး။ ပြစရာငွေလည်း မရှိကြပါဘူး။ တကယ်တော့ လုပ်ငန်းခွင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုံလုံလောက်လောက်ပြည့်ပြည့်စုံစုံ ရှိသင့်ပါတယ်။ စက်ရုံတွေမှာ ဆေးပေးခန်းဆိုတဲ့ မည်ကာ မတ္တ ဆေးပေးဌာနတွေရှိနေတတ်ပေမဲ့ လက်တွေ့မှာတော့ ခေါင်းကိုက်လို့ ကိုယ်လက်ကိုက်ခဲလို့ ပါရာစီတမောတလုံးသောက်ချင်တာမျိုး လွယ်ကူစွာမရနိုင်သလို အလုပ်ခွင်အတွင်း သာမန်ထိခိုက်ပွန်းပဲမှုမျိုးအတွက် တင်ချာအိုင်အိုဒင်းနဲ့ (၃၀ိ) တန်ပတ်တီးတလိပ်ရရှိဖို့တောင် အလွန်ခက်ခဲကြပါတယ်။ အမျိုးသမီးအလုပ်သမားတွေအနေနဲ့ မီးဖွားခွင့်ဆိုတာမျိုး သီးသန့်ခံစားခွင့် ရရှိသင့်ပေမယ့် အမျိုးသမီးအလုပ်သမားအများစုက လခစားအမြဲတမ်းဝန်ထမ်းမဟုတ်ဘဲ နေ့စားအလုပ်သမားများဖြစ်ကြတဲ့အတွက် အလုပ်မလုပ်နိုင်လို့ အလုပ်မဆင်းရင် လုပ်အားခံမရဘဲ ဘဝတွေပါ။
`
ဒီလိုအခြေအနေမျိုးမှာ လစဉ်ရရှိကြတဲ့ လုပ်အားခဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးတွေနဲ့ လုံးဝမလုံလောက်ကြလို့ အလုပ်သမားအားလုံးလိုလိုဟာ ကြွေးပင်လယ်ထဲမျောနေကြသူတွေချည်းပါပဲ။ အကယ်၍ အလုပ်သမားတယောက်က ကြွေးကင်းသူဆိုရင် မြန်မာပြည်က စက်ရုံအလုပ်သမားစစ်ရဲ့လားလို့ မေးခွန်းထုတ်ရလောက်အောင် လကုန်ရက်ဟာ ငွေစာရင်ရုံးပေါ်က လစာရင်း၊ စက်ရုံဝင်းထဲမှာ ကြွေးရှင်နဲ့ စာရင်းရှင်းဆိုတဲ့ (ရှင်းပြီးခြင်း ရှင်းနေ့)လို့တောင် ပြောရလိုဖြစ်နေတာကြာပါပြီ။ စစ်အစိုးရက ချမ်းသာကြွယ်ဝပြီးသား လုပ်ငန်းရှင်၊ သူတို့နဲ့ပတ်သက်သူတွေကို ၁ % အတိုးနှုန်းလောက်နဲ့ သိန်းပေါင်းထောင်သောင်းချီချေးငှားပေးပေမဲ့ များစွာသော အောက်ခြေက အလုပ်သမားတွေအတွက် လုံလောက်မျှတတဲ့ ချေးငွေစနစ်မျိုးမရှိပါဘူး။ ဒါကြောင့် သာရေးနာရေးကိစ္စတွေ မလွဲမရှောင်သာ ကြုံလာတဲ့အခါ အလုပ်သမားတွေ ချေးငှားသုံးစွဲရတဲ့ အတိုးနှုန်းထားဟာ ၁၀ % မှာ ၅၀ % ထိတောင်ရှိနေပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာဝန်းကျင်က စက်ရုံအလုပ်သမားတွေရဲ့ မိသားစုတွေနေထိုင်တဲ့ ရပ်ကွက်တွေကို သွားရောက်လေ့လာကြည့်ရင် ကြွေးရှင်နဲ့ နပန်းလုံးနေရတဲ့ ငြီးတွားသံတွေကို ကြားသိရမှာပါ။ ငယ်ရွယ်နုပျိုတဲ့ မိဘကို လုပ်ကြွေးမွေးမြူနေသူ အလုပ်သမလေးတချို့ဆိုရင် လကုန်လို့ ကြွေးရှင်နဲ့ စရင်းရှင်းရရင် ရှင်းစရာငွေမကျန် မရှိတော့လို့ (သတ်သာသေလိုက်ချင်တော့တယ်) ဆိုတဲ့ အသံမျိုးကိုတောင် ကြားရနိုင်ပါတယ်။ ဘဝဝမ်းစာအခက်အခဲမျိုးစုံကြုံနေရတဲ့ အထည့်ချုပ်အလုပ်သမလေးတချို့ဆိုရင် စက်ရုံက ဗိုလ်မှူးဆိုသူတွေရဲ့ မြူဆွယ်မှု၊ စည်းရုံးသိမ်းသွင်းမှုနဲ့ ဘဝပျက်ရသူတွေလည်း ရှိနေပါတယ်။ ဒါတွေဟာ လူမှုရေးပြဿနာလို့ ရုတ်တရက် ယူဆချင်ယူဆနိုင်ပေမဲ့ တကယ်ကတော့ စစ်အစိုးရလက်အောက်မှာ အလုပ်သမားအခွင့်အရေးကို အာမခံပေးနိုင်မဲ့၊ တောင်းဆိုပေးနိုင်မဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ မရှင်သန်နိုင်လို့ ဖြစ်နေရတဲ့ ပြဿနာတွေလို့ ပြောနိုင်ပါတယ်။

အမေရိကန်နဲ့ အနောက်ဥရောပလို နိုင်ငံတွေမှာ အလုပ်သမားသမဂ္ဂတွေဟာ အလွန်သြဇာရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်လို အာဏရှင်နိုင်ငံတခုမှာတော့ အလုပ်သမားသမဂ္ဂဆိုတာ အိမ်မက်မက်ဖို့ မဆိုထားနဲ့ ကြားတောင်ကြားဘူးသူ နဲမယ်ထင်ပါတယ်။ ဒါကြောင့် အလုပ်သမားအများစုဟာ ကိုယ်အခွင့်အရေးကိုယ် မသိနိုင်ဖြစ်နေကြပါတယ်။ ပြောရရင်တော့ လက်ရှိအခြေအနေမှာ အလုပ်သမားတွေရဲ့ ဘဝဟာ အလုံပိတ်စက်ရုံတွေထဲမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ ဘဝနဲ့ သိပ်မထူးလှပါဘူး။ ဒီအတွက် မကြာသေးမီကာလက စစ်အစိုးရခေါင်းဆောင် ဗိုလ်သန်းရွှေရဲ့ စက်မှုနိုင်ငံတော်ကြီးတည်ထောင်မယ်လို့ဆိုတဲ့ ကြွေးကြော်သံကို မေးခွန်းထုတ်ရမှာက အကျဉ်းထောင်ထဲမှာ စက်ရုံဆောက်ပြီး စစ်ဗိုလ်စက်ရုံမှူး ထောင်ဝါဒါတွေနဲ့ အကျဉ်းသားတွေကို မဝရေစာကျွေးပြီး ဆထက်ထမ်းပိုးတိုး အလုပ်ကြမ်းခိုင်းစေဖို့ ကြံရွယ်နေသလားဆိုတာပါဘဲ။

အချုပ်အားဖြင့် ပြောရရင်တော့ မြန်မာပြည်က အလုပ်သမားတွေရဲ့ ဘဝတွေ ဆင်းရဲမွဲတေမှုကလွတ်မြောက်ပြီး မျှတတဲ့ အခွင့်အရေးတွေ ခံစားနိုင်ဖို့ ဦးဆောင်ဦးရွက်ပြုပေးမဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါတယ်။

အလုပ်သမားသမဂ္ဂ အသင်းအဖွဲ့တွေ ဖွဲ့နိုင်၊ ရှင်သန်နိုင်ဖို့ကလည်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ စစ်အာဏာရှင်စနစ်တွေ မှန်သမျှကို ဖယ်ရှားပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံရေး ပုံစံသစ်တခုကို ရရှိအောင် အားလုံးက ဝိုင်းဝန်းကြိုးစားနိုင်မှသာ အလုပ်သမားတွေရဲ့ ဘဝကလည်း တိုးတက်ကောင်းမွန်လာမှာပါ။

လက်ရှိအနေအထားအတိုင်း စစ်အာဏာရှင်တွေ ကြီးစိုးနေဦးမယ်ဆိုရင်တော့ မကြာမီကာလက တွေ့မြင်ခဲ့ရတဲ့ အသက် ၁၅ နှစ်နဲ့ ၄၀ ကြား နုနယ်ပျိုမြစ်တဲ့ မိန်မသားအလုပ်သမလေးများကို ထောင်နဲ့ချီတဲ့ စစ်ဗိုလ် စစ်သား၊ လုံထိန်း၊ ရဲ၊ မီးသတ်တပ်ဖွဲ့တွေက သေနတ်တကားကားနဲ့ ခြိမ်းခြောက်နေတဲ့ မဖွယ်မရာ စက်ဆုတ်ဖွယ်မြင်ကွင်း မျိုးတွေတွေကို ILO အဖွဲ့ကြီး အပါအဝင် ကမ္ဘာအလုပ်သမား မိသားစုတွေနဲ့ ကျန်ကမ္ဘာသားတွေ အားလုံးစိတ်မချမ်းမြေ့ဖွယ် ရှုမြင်နေရဦးမှာ ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းဝန်ကြီးချုပ်ရုံး စုပေါင်းချီတက်မည်

စိုးမိုး/ ၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သည့် အန်ဂျီအိုများ ပူးပေါင်းပြီး ရွှေ့ပြောင်းဆိုင်ရာ မူဝါဒများ ဖြေလျှော့ပေးရေး တောင်းဆိုချက်ကို မနက်ဖြန်တွင် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ချီတက်တင်သွင်းမည် ဖြစ်သည်။ ယခု ဖေဖော်ဝါရီလကုန်တွင် နိုင်ငံသားစိစစ်မှု မလုပ်နိုင်သည့် ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက နေရပ်ပြန်ပို့မည့်အစီအစဉ်ကို ကန့်ကွက်ပြီး ယင်းအစီအစဉ်ကို ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာကို တင်သွင်းမည်ဖြစ်သည်။
“မနက်ဖြန် (၉) နာရီမှာ UN ရုံးတို့၊ ILO ရုံးတို့၊ ၀န်ကြီးချုပ်ရုံးတို့ကို NGOs တွေရယ်၊ အလုပ်သမား အနည်းဆုံး (၁၅၀) လောက်နဲ့ ချီတက်စာတင်မယ်။ အဓိက Migrant working group (MWG)၊ Action Network for Migrant (ANM)၊ Thai Labour Unions တို့ စသဖြင့် ထိုင်းရော မြန်မာအဖွဲ့တွေရော ပါမယ်။ အစုအဖွဲ့ (၃၀) ကျော်လောက် ပါမယ်” ဟု အန်စီဂျီယူဘီ ဒုက္ခသည်နှင့်ရွှေ့ပြောင်းရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံသားလက်မှတ် ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး မူဝါဒဆိုင်ရာ အကြံပြုချက် (၅) ချက်၊ ရွှေ့ပြောင်း အလုပ်သမားအဖြစ် တရားဝင်မှတ်ပုံတင် ပြုလုပ်ရေးလုပ်ငန်းစဉ် ပြန်ဖွင့်ပေးရေး၊ အလုပ်သမားများကို လုပ်အားခေါင်းပုံဖြတ် ခိုင်းစေမှုများကို ရှောင်ရှားနိုင်ရန် အလုပ်သမားများအား လွတ်လပ်စွာ အလုပ်ရှင်ရွေးချယ်ခွင့် ပေးရေးတို့ ပါဝင်တောင်းဆို ထားကြောင်း သိရသည်။
ထိုင်းအစိုးရက ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၉) ရက်နေ့က တရားဝင် အလုပ်သမားလက်မှတ်ရှိ ရွှေ့ပြောင်းအလုပ်သမားများကို နောက်ထပ် (၂) နှစ် သက်တမ်းတိုးရန် ခွင့်ပြုခဲ့သည်။ သို့သော် တရားဝင် အလုပ်သမား လက်မှတ်မရှိဘဲ နိုင်ငံသား အသိအမှတ်ပြု လက်မှတ် မပြုလုပ်နိုင်သော တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား (၂) သန်းခန့်ကိုမူ ယခုလကုန်တွင် နေရပ်ပြန်ပို့ရန် စီစဉ်နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား (၂) သန်းခန့်တွင် အလုပ်သမား (၁) သန်းကျော်သာ တရားဝင် အလုပ်သမား လက်မှတ် ရရှိထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နိုင်ငံသား စိစစ်ရေးလက်မှတ် လုပ်ဆောင်ရန်အတွက် ငွေကြေးအခက်အခဲအပြင် အခြား လူမှုရေးအခက်အခဲများလည်း ရှိနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားသည်။
“တရားဝင် အလုပ်သမားကတ် လုပ်ပြီးသားသူတွေ နိုင်ငံသား စိစစ်ရေး လုပ်နေတာတောင် ကုမ္ပဏီတွေနဲ့ မလုပ်ရင် မရသူတွေ ရှိနေတယ်။ မြန်မာနိုင်ငံသား စိစစ်ရေးလုပ်ဖို့က ခက်တာပေါ့။ တချို့တွေက စစ်ကြောင့်ပြေးလာရတာ၊ တချို့က တောထဲကနေ လာတာ မြို့နယ်တောင်မသိဘူး၊ မှတ်ပုံတင်ဆိုတာဝေးရော။ တချို့က စစ်ပြေး ရဲပြေးတွေ၊ တချို့က လူမျိုးရေး ပဋိပက္ခတွေကြောင့် မပတ်သက်ချင်တာ အဲဒါမျိုးတွေ” ဟု ဦးသက်ခိုင်က ပြောသည်။
အဆိုပါ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲမှု မူဝါဒ ပြန်လည်ပြင်ဆင်ပေးရေး တောင်းဆိုချက်စာကို အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း (၅) ခု လက်မှတ်ရေးထိုးထားသည်။
တောင်းဆိုချက်များကို ထိုင်းဝန်ကြီးချုပ်ရုံးသို့ တင်သွင်းမည်ဖြစ်ပြီး ထိုင်းအစိုးရ အလုပ်သမားရေးရာ တာဝန်ရှိ အကြီးအကဲများထံသို့လည်း မိတ္တူပေးပို့ တောင်းဆိုမည်ဖြစ်သည်။
အပြည့်အစုံသို့ >>

Sunday, 14 February 2010

ယာယီနိုင်ငံကူးလက်မှတ်နှင့်ပတ်သတ်သော ထုတ်ပြန်ချက်

.

.
အပြည့်အစုံသို့ >>

Friday, 12 February 2010

မဲဆောက်က သိုးမွှေးလောက

သီဟဟိန်း ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ သိုးမွှေးစက်ရုံပေါင်း ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ သူတွေဟာ မန်နေဂျာတွေကလွဲရင် အားလုံးဟာ ကျနော်တို့ မြန်မာအလုပ်သမားတွေပါပဲ။ ကျနော်တို့ ရွှေ့ပြောင်းလုပ်သား မြန်မာတွေဟာ မဲဆောက်ကို နည်းအမျိုးမျိုးနဲ့ ရောက်လာကြတာပါ။ တချို့လည်း ပွဲစားတွေက ရောင်းစားသွားလို့ ဒုက္ခရောက်ရတဲ့သူတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလည်း သိုးမွှေးစက်ရုံတွေ ရှိပါတယ်။ အများအားဖြင့် တရုတ်တွေ လာဖွင့်ထားကြတာပါ။ သုဝဏ္ဏမှာရှိတဲ့ စီးတာစက်ရုံ၊ လှိုင်သာယာက လင်းလက်၊ ရွှေသဇင် စတဲ့ နာမည်နဲ့ စက်ရုံတွေပါ။ ဒီစက်ရုံတွေက အလုပ်သမားတွေဟာ တလကို လုပ်ခလစာ အလွန်ဆုံး ၃ဝဝဝဝ (သုံးသောင်း) လောက်ပဲ ရကြပါတယ်။ လုပ်အားခ အဆမတန် နည်းလွန်းတာကြောင့် အများစုဟာ မဲဆောက်ကိုသွားပြီး အလုပ်လုပ်ကြပါတယ်။
မဲဆောက်ရဲ့ သိုးမွှေးလောက ခေတ်ကောင်းတဲ့ အချိန်တွေဖြစ်တဲ့ ၁၉၉၆-၉၇-၉၈ ကာလတွေမှာဆိုရင် မြန်မာပြည်က အလုပ်သမားတွေကို ရန်ကုန်အထိ ဆင်းပြီးခေါ်တာမျိုး ရှိပါတယ်။ မဲဆောက်ကိုရောက်လို့ သိုးမွှေးအလုပ် မလုပ်တတ်သေးရင်လည်း စက်ရုံက သင်ပေးတဲ့အပြင် တနေ့ကို ဘတ် ၃ဝ ပေးထားပါသေးတယ်။ အလုပ်ကျွမ်းကျင်သွားရင် တလကို မြန်မာငွေ ၅ သောင်းလောက် ရပါတယ်။ သူဋ္ဌေးက နေစရာ ပေးတဲ့အပြင် ထမင်းလည်း ပေးပါသေးတယ်။ ဟင်းက ကိုယ့်ဟာကိုယ်စားပေါ့။ မြန်မာပြည်မှာဆို ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် ကိုယ့်အိမ်ကနေ သွားရတာပါ။ ဖယ်ရီကား ရှိပါတယ်။ ဒါပေမဲ့ ဖယ်ရီကားခ ပေးရပါတယ်။ မဲဆောက် သိုးမွှေးလုပ်ငန်းတွေ ကောင်းနေတဲ့ အချိန်တွေဆိုတော့ လာတဲ့သူတွေ အဆင်ပြေတာပေါ့။



အခု အဲလိုမဟုတ်တော့ပါဘူး။ သိုးမွှေးစက်ရုံမှာ တကယ်အလုပ်ကောင်းတဲ့ အချိန်က တနှစ်မှာ ၅ လ လောက်ပဲ ရှိပါတော့တယ်။ သင်္ကြန်ကျော်လောက်ကစပြီး စက်တင်ဘာကုန်အထိပဲ ကောင်းကောင်း လုပ်ရပါတယ်။ ကျန်တဲ့ လတွေက အော်ဒါလေးရရင် လုပ်လိုက်၊ မရရင် အပြင်အလုပ်ထွက်ပြီး ပန်းရံလုပ်၊ စပါးပေါ်ချိန် စပါးရိတ်၊ ပျိုးနှုတ်၊ ဘော်ကြယ်ထိုး၊ ပဲပေါ်ချိန်ကျ ပဲရိတ်၊ ပြောင်းဖူးချိုး စတဲ့ ကြုံရာအလုပ်တွေ လုပ်လိုက်နဲ့ပေါ့။ လုံးလည်ချာလည် လိုက်နေတာပါပဲ။ သူဋ္ဌေးက နေစရာနဲ့ ထမင်း ပေးထားပေမယ့် ဟင်းဖိုးနဲ့ တခြား အသုံးစရိတ်တွေ ရှာရတာပေါ့။

အလုပ် တကယ်ကောင်းတဲ့ ကာလတွေမှာလည်း မနက် ၈ နာရီကနေ ည ၁၁ နာရီလောက်ထိ လုပ်ရပါတယ်။ သူဋ္ဌေးက အလုပ်တွေ အရေးကြီးလို့ အရမ်းခိုင်းတဲ့အချိန်မှာ အလုပ်မဆင်းနိုင်ရင် အလုပ်ပြုတ်ပြန်ရော။ တခါတလေ ညလုံးပေါက် မိုးလင်းတဲ့အထိ အလုပ်ဆင်းပေးရတာတွေ ရှိပါတယ်။ အဲဒီလို မတရား ခိုင်းပေမယ့် အချိန်ပိုကြေး မရပါဘူး။ မာမား (ခေါက်ဆွဲ) ၃ ဘတ်တန်လေး တထုပ်ပဲ ပေးပါတယ်။ တကယ်တော့ အချိန်ပိုဆိုတာ အလုပ်ချိန် ၈ နာရီ ကျော်သွားရင် အချိန်ပိုလို့ သတ်မှတ်တယ်လို့ သိထားပါတယ်။

ဒါပေမဲ့ မဲဆောက်သိုးမွှေးလောကရဲ့ အချိန်ပိုဆိုတာက ညဘက် ပုံမှန်ဆင်းရတဲ့ ၁ဝ နာရီ၊ ၁၁ နာရီကျော်မှပဲ အချိန်ပိုလို့ သတ်မှတ်ပေးတာပါ။ ဘယ်လောက်ပဲ နာရီတွေ ပိုလုပ်ပါစေ မာမားတထုပ်ပါပဲ။ တချို့စက်ရုံတွေတော့ ည ၉ နာရီကျော်သွားရင် အချိန်ပိုကြေး တနာရီကို ၆ ဘတ်၊ ၇ ဘတ်ရပါတယ်။ အဲလိုစက်ရုံမှာ လုပ်ရတဲ့ သူတွေဟာ ကံထူးတဲ့ ကျနော်တို့ ကိုရွှေမြန်မာတွေလို့ပဲ ပြောရမယ်။ တလမှာ တနင်္ဂနွေတရက်နဲ့ လစာထုတ်ပြီး နောက်ရက် ၂ ရက်ပဲ ပိတ်ပေးပါတယ်။ အဲဒါက စက်ရုံတိုင်းပါပဲ။ စနေ၊ တနင်္ဂနွေနဲ့ ထိုင်းနိုင်ငံရဲ့ တရားဝင် ရုံးပိတ်ရက်တွေမှာ အလုပ်ဆင်းရပေမယ့် လုပ်ခလစာက ဒီအတိုင်းပါပဲ။

သိုးမွှေးစက်ရုံတခုမှာ ချည်ရစ်၊ ချည်ပေး၊ စက်ဆွဲ၊ အထည်စစ်၊ အထည်ဖာ၊ ထိုင်စက်၊ ချိတ်ကောက်ဆွဲ၊ ပါကင်ထုပ် စသဖြင့် သူ့ဌာနနဲ့သူ ရှိပါတယ်။ ချည်ရစ်ဆိုတာက စက်ရုံကို ရောက်လာတဲ့ သိုးမွှေးချည်တွေကို ပြန်ရစ်ရတာပေါ့။ အဲဒီဌာနအတွက်က အများအားဖြင့် မိန်းကလေးတွေကို အခန့်များပါတယ်။ ပုံမှန်အားဖြင့် အလုပ်ရှိရင် တနေ့ကို ဘတ် ၇ဝ လောက် ရပါတယ်။ ချည်ပေးဆိုတာက ရစ်ပြီးသား ချည်လုံးတွေကို အထည်ဖြစ်အောင် ဆွဲမယ့် စက်ဆွဲသမားတွေကို ထုတ်ပေးတဲ့နေရာပါ။ အဲဒီမှာ ချည်ပေးစာရေး၊ စာရေးမ စသဖြင့် ၂ ယောက်၊ ၃ ယောက်လောက် ရှိပါတယ်။ သူတို့က တလကို ဘတ် ၂၅ဝဝ ကနေ ၃ဝဝဝ ထိ ရပါတယ်။ လခစား မဟုတ်ပါဘူး။ အလုပ်မရှိရင်၊ အလုပ်မဆင်းရင် ဖြတ်ပါတယ်။

အဲဒီချည်ပေးဌာနက ချည်တွေကို စက်ဆွဲသမားက စာအုပ်နဲ့ ထုတ်ရပါတယ်။ ဘာချည်အမျိုးအစား၊ ဘယ်ဂိတ်အတွက် ဘယ်လောက်ထုတ်တယ်ဆိုပြီး စာအုပ်ထဲမှာ မှတ်ပေးလိုက်ပါတယ်။ အလေးချိန် ကီလိုနဲ့ပေါ့။ ပြန်သွင်းတဲ့အချိန်မှာ ကိုယ်ဆွဲထားတဲ့ အထည်ရယ်၊ ပိုတဲ့ချည်လုံးရယ် ပေါင်းချိန်ပေါ့။ ထုတ်တဲ့ အလေးချိန်နဲ့ ကွာနေရင် လျော်ရတယ်။ စက်ဆွဲဌာနမှာ မိန်းကလေးရော၊ ယောက်ျားလေးရော ရှိပါတယ်။ အပ်တွေကိုလိုက်ပြီး ၃ ဂိတ်၊ ၅ ဂိတ်၊ ၇ ဂိတ်၊ ၉ ဂိတ်၊ ၁၂ ဂိတ် ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဂိတ်ကြီးရင် အပ်သေးတယ်။ ဂိတ်သေးရင် အပ်ကြီးတယ်ပေါ့။ ဥပမာ - ၃ ဂိတ်အပ်က ၁၂ ဂိတ် အပ်ထက် အများကြီး ကြီးပါတယ်။

၃ ဂိတ်မှာဆို တော်ရုံမိန်းကလေးတွေ မဆွဲနိုင်ပါဘူး။ အပ်ကြီးတော့ စက်ကဆွဲရတာ လေးတာပေါ့။ အပ်သေးရင် ပေါ့ပေါ့ပါးပါးနဲ့ ဆွဲနိုင်တယ်။ စက်ဆွဲတဲ့ နေရာမှာ အင်္ကျီတထည်ရဲ့ ရှေ့ခြမ်း၊ နောက်ခြမ်း၊ လက်၊ ကော်လံ စတာတွေကို သပ်သပ်စီ ဆွဲရပါတယ်။ ၁၂ ထည် (တဒါဇင်) ကို တထုပ်ပေါ့။ ချည်ထုတ်တဲ့ နေရာမှာပဲ ပြန်သွင်းရတယ်။ တဒါဇင်ကို ဘယ်လောက်ဆိုပြီး သူဋ္ဌေးက ဈေးသတ်မှတ်ပေးထားတယ်။ ကိုယ်ဆွဲနိုင်ရင် ဆွဲနိုင်သလောက် ရတာပေါ့။ ကျွမ်းကျင်တဲ့သူနဲ့ မကျွမ်းကျင်တဲ့သူ ကွာသွားတာပေါ့။

အဲဒီလို စက်ဆွဲဌာနက ပြန်အပ်တဲ့ ဆွဲပြီးသား အထည်တွေကို ချည်ပေးကနေတဆင့် အထည်စစ်ကို ရောက်တယ်။ အထည်စစ် ဆိုတာကတော့ စက်ဆွဲတဲ့သူတွေ ဆွဲထားတဲ့ အထည်တွေကို ဒီဇိုင်းနဲ့ ကိုက်ညီမှု ရှိမရှိ၊ အထည်တွေ ပေါက်တာပြဲတာ ရှိမရှိ စတာတွေကို စစ်ရတာပေါ့။ အပေါက်အပြဲတွေ ပါလာရင်၊ ဖာလို့ရသေးရင် အထည်ကို ဖာပေးတယ်။ ဖာလို့မရရင် အထည်စစ်တဲ့လူက အထည်ဆွဲတဲ့လူဆီ ပြန်ပို့ပေးရတယ်။ အထည်ဆွဲတဲ့သူက အသစ်ပြန်ဆွဲပေးရတယ်။ အထည်စစ်တဲ့ သူတွေလည်း ဒါဇင်စားပါပဲ။ တဒါဇင် ဘယ်လောက်ပေါ့။ ကိုယ်စစ်ပေးလိုက်တဲ့ အထည်တွေက စစ်တာမမှန်လို့ ပြန်လာရင်တော့ အထည်စစ်ရတဲ့သူလည်း လျော်ရတာပါပဲ။ အထည်ဖာတဲ့သူတွေကို နေ့စားသဘောမျိုး ပေးပါတယ်။ ကျွမ်းကျင်ရင် ဘတ် ၁ဝဝ လောက်ထိ ရနိုင်ပြီး မကျွမ်းကျင်သေးရင် ၆ဝ၊ ၇ဝ ၊ ဒီလောက်ပါပဲ။ အလုပ်မရှိရင်တော့ မရဘူး။

အထည်စစ်က စစ်ပြီးသား အထည်တွေကို ထိုင်စက်ဌာနကို ရောက်တယ်။ ထိုင်စက်ဆိုတာက စက်ဆွဲက ဆွဲပေးလိုက်တဲ့ အထည်တွေ (လက်၊ ရှေ့ခြမ်း၊ နောက်ခြမ်း စတာတွေ) ကို အင်္ကျီဖြစ်အောင် ချုပ်ရ၊ တွဲရတာပေါ့။ အဲဒီနေရာမှာ မိန်းကလေးတွေ များပါတယ်။ ဓားစက်လည်း ရှိတယ်။ သူတို့လည်း ဒါဇင်စားပါပဲ။ အလုပ်မရှိရင်၊ အလုပ်မဆင်းရင် ပိုက်ဆံမရပါဘူး။ ထိုင်စက်က ချုပ်ပြီးသား အထည်တွေကို အစတွေဘာတွေ သိမ်းတဲ့ဌာနပေါ့။ ချိတ်ကောက်ဆွဲလို့လည်း ခေါ်တယ်။ အဲဒီကို ရောက်ပါတယ်။ အဲဒီမှာ အထည်က အချောဖြစ်သွားပါပြီ။ အဲဒီကပြီးရင်တော့ မီးပူတိုက်ရတဲ့ အထည်တွေ မီးပူတိုက်။ မလိုအပ်ရင်၊ ပါကင်ထုပ်ပြီးရင် ပြီးသွားပါပြီ။

သိုးမွှေးစက်ရုံတခုမှာ စက်ဆွဲတဲ့ဌာနမှာ လူအများဆုံးပါပဲ။ ဘယ်ဌာနက အလုပ်ကိုပဲလျှောက်လျှောက် အလုပ်မဝင်ခင် အရင်စမ်းသပ်ပါတယ်။ တတ်တယ်ဆိုမှ ခေါ်ပါတယ်။ တချို့စက်ရုံတွေမှာ အလုပ်ရဖို့အတွက် စက်ရုံက မန်နေဂျာတို့၊ လိုင်းချုပ်တို့ကို ပိုက်ဆံ ၅ဝဝ၊ ၁ဝဝဝ စသဖြင့် ပေးရပြန်ပါသေးတယ်။ တချို့ဆို ပိုက်ဆံရရင်ပြီးရော တတ်တတ်၊ မတတ်တတ် အလုပ်သွင်းပေးထားတယ်။ သူဋ္ဌေးနဲ့တွေ့လို့ မတတ်မှန်းသိရင် သူဋ္ဌေးက အလုပ်ဖြုတ်ပစ်လိုက်တာပါပဲ။ အဲလိုအခါကျ ပေးထားတဲ့ ပိုက်ဆံလည်း ပြန်မရ၊ အလုပ်လက်မဲ့လည်း ဖြစ်။ မိအေးနှစ်ခါနာပေါ့။

တချို့အလုပ်သမား အတော်များများကတော့ မဲဆောက်မှာ အလုပ်အကိုင်တွေ ရှားပါးလာလို့ ပွဲစားတွေကတဆင့် ဘန်ကောက်တို့၊ ဖူးခက်တို့ စတဲ့ တခြားမြို့တွေကို သွားပြီး အလုပ်လုပ်ကိုင်နေကြတယ်။ အဆင်ပြေတဲ့သူ ရှိသလို၊ အဆင်မပြေတဲ့သူလည်း ရှိပါတယ်။ အဲဒီလို ပွဲစားနဲ့ သွားဖို့ဆိုရင် ပွဲစားကို အနည်းဆုံး ဘတ်တသောင်းလောက် ပေးရပါတယ်။

တချို့လည်း လမ်းမှာ ထမင်းတွေဘာတွေ ငတ်သလို၊ ထိုင်းရဲက ဖမ်းထားလို့ ထောင်တွေကျ၊ မြန်မာပြည် ပြန်ပို့ခံရတာလည်း ရှိပါတယ်။ တချို့ကျ ဟိုရောက်ပြီး အလုပ်တွေ အဆင်ပြေနေကြတယ်။ ဘန်ကောက်လို နေရာမျိုးမှာ တလကို ဘတ် ၆ဝဝဝ လောက်ရတယ်လို့ ပြောပါတယ်။ အလုပ်သမား လက်မှတ်မရှိလို့ ထိုင်းရဲက ဖမ်းမိပြီဆိုရင် မြန်မာပြည် ပြန်ပို့တော့တာပါပဲ။ မဲဆောက်မှာလည်း ဒီလိုပါပဲ။ အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ လမ်းမှာပဲဖြစ်ဖြစ် ဖမ်းမိလို့ကတော့ ထောင်ချပြီး မြန်မာပြည် ပြန်ပို့တာ ခံရတာပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ ဖမ်းဖမ်း၊ ဘယ်လိုပဲ ပြန်ပို့ပို့ နည်းမျိုးစုံနဲ့ ပြန်ရောက်လာကြတာပါပဲ။ ဒီနေ့ဖမ်းပြီး မြဝတီဘက် သွန်လိုက်တယ်။ နောက်နေ့ ဒါမှမဟုတ် အဲဒီနေ့ညနေပဲ ပြန်ရောက်လာကြတာပါပဲ။

အခုလိုဖြစ်နေရတဲ့ အဓိကအကြောင်းက ကျနော်တို့နိုင်ငံမှာ အလုပ်အကိုင် ရှားပါးတဲ့အတွက်ကြောင့်ပါပဲ။ မိမိအာဏာတည်မြဲဖို့အတွက် တိုင်းသူပြည်သားတွေ ဘာတွေပဲ ဖြစ်နေဖြစ်နေ၊ ငတ်ရင်ငတ် ပြတ်ရင်ပြတ် ဆိုတဲ့ စစ်အစိုးရကြောင့်ပါပဲ။ မကြာသေးခင်က ရောက်လာတဲ့ လင်မယားနှစ်ယောက်ရဲ့ ပြောပြချက်အရ သူတို့ဟာ သိုးမွှေးစက်ရုံက စက်ဆွဲအလုပ်သမားတွေပါ။ မြန်မာပြည်မှာလည်း လုပ်ခဲ့ဖူးကြောင်းနဲ့ မဲဆောက်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆင်ပြေနေတာတွေကိုကြည့်ပြီး မြန်မာပြည်မှာထက်တော့ သာမှာပဲဆိုပြီး နှစ်ယောက်သား ထွက်လာတာဖြစ်ကြောင်း ပြောပြပါတယ်။

အခု မဲဆောက်ကိုရောက်တော့ ဘာပဲပြောပြော မြန်မာပြည်မှာထက်တော့သာကြောင်းနဲ့ သူတို့နှစ်ယောက်လုံးက စက်ဆွဲကျွမ်းကျင်ပြီးသားဆိုတော့ ဒီမှာက မြန်မာပြည်ထက်တော့ ပိုပြီး ဝင်ငွေကောင်းပြီး တလကို လင်မယား နှစ်ယောက်ပေါင်း ဘတ် ၅ ထောင်၊ ၆ ထောင်လောက်ရကြောင်း သိရပါတယ်။ အခြေအနေပေးရင် ဒီမှာထက်သာတဲ့ ဘန်ကောက်လိုနေရာမျိုးကို သွားချင်ကြောင်း ဆက်ပြီး ပြောပြပါတယ်။

မဲဆောက်ကို ရောက်နေတာ နှစ်ပေါင်း အတော်ကြာပြီဖြစ်တဲ့ သိုးမွှေးစက်ဆွဲ အလုပ်သမားတယောက်ကတော့ မဲဆောက်ကို ရောက်စတုန်းက သိုးမွှေးမဆွဲတတ်သေးတာကြောင့် စက်ဆွဲသင်ပြီး အလုပ်ဝင်ရကြောင်းနဲ့ နှစ်တွေကြာလာတော့ စက်ဆွဲသမားမဟုတ်တော့ဘဲ စက်ပြင်ရတဲ့ စက်ဆရာတယောက် ဖြစ်လာကြောင်း ပြောပြပါတယ်။ သိုးမွှေးစက်ဆရာတယောက်ရဲ့ လစာဟာ တလကို ဘတ် ၄၅ဝဝ လောက်ရပြီး သူလည်း လခစား မဟုတ်ပါဘူး။ အလုပ်မရှိတဲ့ ရက်တွေ၊ မဆင်းတဲ့ ရက်တွေဆို အဖြတ်ခံရတာပါပဲ။ သူများတွေလိုပဲ အချိန်ပြည့် အလုပ်လုပ်ရပါတယ်။

အဲဒီလို လုပ်လာရင်းနဲ့ သူတို့စက်ရုံမှာ အလုပ်သမား ဆန္ဒပြပွဲတွေ ဖြစ်လာပါတယ်။ အဲဒီအထဲမှာ သူလည်း ပါသွားပြီး အဲဒီစက်ရုံကို သူဋ္ဌေးက ပိတ်ပစ်လိုက်ပါတယ်။ အလုပ်သမားတွေလည်း ဆဝါဒီကန်ရုံးမှာ သွားတိုင်၊ ပြီးတော့ တရားရုံး တက်၊ အခုအချိန်ထိ ဘာလျော်ကြေးမှ မရကြသေးပါဘူး။ သူတို့စက်ရုံ သူဋ္ဌေးကတော့ တခြားနေရာမှာ စက်ရုံထပ်ဖွင့်လိုက်ပါတယ်။ သူလည်း အဲဒီအချိန်ကစပြီး ဆရာမဟုတ်တော့ဘဲ ရရာအလုပ်လုပ်ရင်း ဒီနေ့ထိ မပြန်နိုင်သေးပါဘူး။ ဒီမှာက ရရာအလုပ် လုပ်စားမယ်ဆို နေလို့စားလို့ ရသေးကြောင်းနဲ့ မြန်မာပြည်မှာဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတဲ့အတွက် အခုလိုပဲ ဆက်နေရကြောင်း ပြောပြပါတယ်။

မဲဆောက်သိုးမွှေးလောကဟာ ခေတ်မကောင်းတော့ဘူးဆိုပေမယ့် သိုးမွှေးစက်ရုံတွေမှာ အလုပ်လုပ်ဖို့အတွက် မြန်မာပြည်က တက်လာတဲ့ အလုပ်သမားတွေကတော့ အမြဲတမ်း ရှိနေပါတယ်။ အလုပ်သမားတယောက်အနေနဲ့ ဒီမှာ တလလုပ်လို့ ဘတ် ၃ဝဝဝ ရမယ်။ မြန်မာပြည်မှာ အဲဒီလောက် မရရင်နေပါစေ။ ဘတ် ၁၅ဝဝ၊ ၂ဝဝဝ လောက် ပုံမှန်လေး ရနေမယ်ဆိုရင် ကျနော်တို့ကတော့ ကိုယ့်မြန်မာပြည်မှာပဲ အိုးမကွာအိမ်မကွာ လုပ်ကိုင်စားချင်ပါတယ်။

(မှတ်ချက်။ ။ ယခု လှိုင်သာယာစက်မှုဇုန် အလုပ်သမားများမှာ လစာ ကျပ် ၃ဝဝဝဝ ကျော် (ဘတ် ၁ဝဝဝ ခန့်) ရရှိရန် တောင်းဆိုဆန္ဒပြနေကြပြီး ကျပ် ၂၅ဝဝဝ အထိသာ တိုးပေးကြောင်း သိရသည်။)
အပြည့်အစုံသို့ >>

အလုပ်သမား အခွင့်အရေးအတွက် သမဂ္ဂများ လိုအပ်နေ

ခိုင်စု ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၅၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် အလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် အခွင့်အရေးအတွက် အကာအကွယ်ပေး တောင်းဆိုပေးနိုင်မည့် သမဂ္ဂများ လိုအပ်နေကြောင်း ပြည်ပရှိ မြန်မာ အလုပ်သမား အဖွဲ့များက ပြောဆိုသည်။ လှိုင်သာယာ စက်မှုဇုန် ၃ တွင် ဖိနပ်စက်ရုံ တိုင်ရီ၊ အထည်ချုပ် စက်ရုံများဖြစ်သည့် ကျားမင်းနှင့် OPAL 2 (ခေါ်) မြဖက်ရှင်မှ အလုပ်သမားများ ဆန္ဒပြမှုကို ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့နှင့် FTUB (ခေါ်) မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ခေါင်းဆောင်များက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။ 
“မြန်မာပြည်မှာ အလုပ်သမား လူမှုဖူလုံရေးစနစ် သေချာမရှိဘူး။ အလုပ်သမားအတွက် အာမခံချက် အပြည့်အဝ မရှိဘူး။ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ရှိရမယ်။ တချို့စက်ရုံမှာ စာချုပ်မရှိဘူး။ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးမယ့်၊ တောင်းဆိုပေးမယ့် အလုပ်သမား သမဂ္ဂတွေ မရှိဘူး။ အလုပ်သမားတွေဘက်က ရပ်တည်တဲ့ အလုပ်သမား သမဂ္ဂတွေ မရှိတဲ့ အခါကျ ပြဿနာတွေက မဖြစ်သင့်ဘဲနဲ့ အခုလို ပေါက်ကွဲပြီး ကြီးကြီးမားမား ဖြစ်လာတယ်လို့ မြင်တယ်” ဟု ရောင်ခြည်ဦး အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ကိုမိုးဆွေက မဇ္ဈိမကို ပြောသည်။



FTUB အထွေထွေ အတွင်းရေးမှူးချုပ် ဦးမောင်မောင်ကလည်း ''အထည်ချုပ် စက်ရုံ အလုပ်သမား တယောက်က တလကို လုပ်ခ ၄၈၀၀၀ (ကျပ်) ရတယ်လို့ အလုပ်ရှင်တချို့ ပြောတယ်။ ဒီလုပ်ခရဖို့ အလုပ်သမား တယောက်က နားချိန်နားရက် မရှိဘဲ အလုပ်လုပ်ရတယ်။ အလုပ်ရှင်တွေဟာ နအဖ ရဲ့ ဥပဒေအောက်မှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် မရှိဘူးဆိုတာကို အခွင့်ကောင်း ယူနေကြတာ'' ဟု မဇ္ဈိမကို ပြောသည်။

ယမန်နေ့က လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြခဲ့သည့် တိုင်ရီ ဖိနပ်စက်ရုံ လုပ်သားများက အစိုးရ ရုံးပိတ်ရက်တွင် အလုပ်ရုံပိတ်ရန်၊ နားနေချိန် အပြည့်ပေးရန်၊ လုပ်သက်ဆုကြေးကို တနှစ်လျှင် (ကျပ်) ၂၀၀၀ တိုးပေးရန်၊ ရက်မှန်ကြေး မူလ ၃၀၀၀ မှ ၆၀၀၀ သို့ တိုးပေးရန်၊ နေ့တွက်ကြေး ၂၅ ကျပ်အစား ၇၅ ကျပ်တိုးပေးရန်နှင့် အချိန်ပိုကြေး ၅၅ ကျပ်အစား ၁၅၀ ပေးရန် အပါအဝင် တောင်းဆိုချက် ၁၀ ချက် တောင်းဆိုခဲ့သည်။

ထို့ပြင် လိုင်းကြီးကြပ်သူ စူပါများကို လစာငွေ ကျပ်တသောင်း တိုးပေးသော်လည်း ကျန်လုပ်သားများကို မတိုးပေးသဖြင့် ယခုလ ၈ ရက်နေ့မှ စတင်၍ ယမန်နေ့ထိ ဆန္ဒပြနေသည့် မြဖက်ရှင် (Opal 2) စက်ရုံက လစာငွေ တိုးပေးရန်၊ အလုပ်ချိန် နံနက် ၇ နာရီမှ ည ၁၁ နာရီအထိကို လျှော့ပေးရန်နှင့် အလုပ်သမားများ စားသောက်နေထိုင်သည့် နေရာများ သန့်ရှင်းရန်တို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြပွဲသို့ စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ ခရိုင်ကောင်စီ ခယက ဥက္ကဋ္ဌ ဦးနေလင်း၊ အလုပ်သမား ဦးစီးဌာနမှ ညွှန်ချုပ် ဦးချစ်ရှိန်သည် လုံခြုံရေးများဖြင့် ဝင်ရောက် ဖြေရှင်းပေးခဲ့သည်။

၁၉၄ဝ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ကွန်ဂရက် ABTUC ကို သခင်လေးမောင်နှင့် သခင်ဘက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အလုပ်ရှင်နှင့် ဖြစ်ပွားသည့် အလုပ်သမားရေးရာများ၊ ပြဿနာများကို ဖြေရှင်းမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့က အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်နှင့် အလုပ်သမား အခွင့်အရေးများ ပိတ်ပင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ကွန်ဂရက်အဖြစ် TUCB အဖြစ် ပြန်လည် ပေါ်ပေါက်ခဲ့သေးသည်။ ၁၉၆၂ ခုနှစ်တွင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ လက်ထက်တွင် အလုပ်သမားသမဂ္ဂ အပါအဝင် လွတ်လပ်သော မည်သည့် သမဂ္ဂမျိုးမဆို ဖွဲ့စည်းခွင့် မပြုတော့ဘဲ ပိတ်ပင်ခဲ့တော့သည်။ သို့သော် အစိုးရများ ထိန်းချုပ်ကွပ်ကဲသည့် အလုပ်သမား၊ လယ်သမား အစည်းအရုံးများကိုမူ ဖွဲ့စည်းစေခဲ့သည်။

လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရရှိခဲ့စဉ်က အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ပြဿနာများ၊ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရကြား ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပေးနိုင်ခဲ့သဖြင့် အရေးပါသော အဖွဲ့အစည်းတရပ် ဖြစ်ခဲ့သည်။

ထိုသို့သော သမဂ္ဂမျိုး ဖွဲ့စည်းခွင့် မရရှိသဖြင့် လက်ရှိမြန်မာနိုင်ငံတွင် အလုပ်သမား၊ လယ်သမား၊ လူ့အခွင့်အရေး၊ ကျောင်းသား၊ အမျိုးသမီးရေးရာ အစရှိသည့် အရေးကိစ္စများအတွက် တဖက်တလမ်းမှ စောင့်ကြည့်ဖြေရှင်းပေးသည့် မြေအောက် အဖွဲ့အစည်းများ တိတ်တဆိတ် တည်ရှိနေသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP