Wednesday, 3 February 2010

မြန်မာအလုပ်သမားများအသတ်ခံရမှု အာဏာပိုင်များပါဝင်

ရဲရင့် / ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ


မြန်မာအလုပ်သမားများ အုပ်စုလိုက် အသတ်ခံရမှုတွင် အာဏာပိုင် အဖွဲ့ဝင်များ ပါရှိသဖြင့် မကြာမီရက်အတွင်း ၎င်းတို့ကို ဖမ်းဆီးမည်ဟု ထိုင်းအမှတ် (၆) ရဲတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ဆူရစီဆွန်ထောင်းဆာရထွန်က မဲဆောက်မြို့တွင် ယနေ့ပြောကြားသည်။  ယခင်သတင်းပတ်အတွင်း တောလမ်းခရီးဖြင့် မဲဆောက်မှ ဘန်ကောက်သို့ သွားသည့် မြန်မာနိုင်ငံသား (၁၂) ဦးထဲမှ (၉) ဦးကို မြန်မာများနှင့် ထိုင်းအာဏာပိုင်အဖွဲ့အစည်းမှ လူအချို့က ဖမ်းဆီးပြီး ငွေတောင်းခံရာမှ ငွေမရသည့်အဆုံးတွင် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု တိုင်းမှူးက ပြောသည်။
ယနေ့ညနေ (၄) နာရီခွဲက မဲဆောက်ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲတိုင်းမှူးက “တောထဲမှာ ဒီလူတွေကို ဖမ်းပြီး အာဏာပိုင်အဖွဲ့က လူတချို့နဲ့ မြန်မာတချို့ပေါင်းပြီး အသတ်ခံရသူတွေရဲ့ ဆွေမျိုးတွေရှိရာ မြန်မာပြည်ကို တယ်လီဖုန်းနဲ့ ပိုက်ဆံလှမ်းတောင်းတဲ့ အချက်အလက်တွေ စစ်ဆေးတွေ့ရှိခဲ့တယ်။ ပြစ်မှုကျူးလွန်သူကို ဒီရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးနိုင်မှာ ဖြစ်တယ်” ဟု ဒေသခံသတင်းထောက်များကို ပြောသည်။


“မြန်မာလူမျိုးတွေ ထိုင်းကို ဘယ်လိုပုံစံနဲ့ပဲ ၀င်လာဝင်လာ အခုလို လုပ်တာမျိုး၊ ဥပဒေမဲ့သတ်ဖြတ်မှုကိုတော့ ဥပဒေအရ ဘယ်လိုမှ ခွင့်မပြုဘူး” ဟုလည်း ၎င်းက ဆက်ပြောသည်။

ဝါရင့်ထိုင်းသတင်းထောက်တဦးကလည်း “ဒီအမှုနဲ့ ပတ်သက်ပြီး မဲဆောက်ကို ရဲတိုင်းမှူးဆင်းလာတယ်။ ရဲလုပ်ငန်းစဉ်အရ စစ်ဆေးမှုတွေ ပြီးသလောက် ဖြစ်သွားပြီး ပြစ်မှုကျူးလွန်သူတွေကိုလည်း ရဲက သိနေတဲ့ သဘောဖြစ်နေပြီဆိုတော့ မနက်ဖြန် လောက်ဆိုရင် ပြစ်မှုကျူးလွန်သူကို ဖမ်းတော့မယ် ဆိုတဲ့သဘောမျိုး ပြောသွားတာဖြစ်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်က တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယခင်လ (၃၁) ရက်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် သုံးသည့် ကျည်များဖြစ်သည်ဟု သိရသည်။

အဆိုပါ မြန်မာ (၁၂) ဦးထဲမှ သေဆုံးသူများ၏အလောင်း (၇) လောင်းကို မဲဆောက်ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိပြီး အဆိုပါအလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုးသားချင်းများက မဲဆောက်တွင် စောင့်ဆိုင်းလျက်ရှိသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ထိုင်းရဲမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ဖူးသည်။
အပြည့်အစုံသို့ >>

Tuesday, 2 February 2010

မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦးသေဆုံးမှု

ရဲရင့်/ ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ


ထိုင်းနယ်စပ် မဲဆောက်အနီး ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ (၇) ဦး သေဆုံးမှုတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိမရှိ သိရှိနိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့ဝင်အားလုံး ယနေ့နောက်ဆုံးထား၍ အစီရင်ခံစာ တင်ကြရမည်ဟု တာ့ခရိုင်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ပန်ညာဆူအင်က အမိန့်ပေးထားသည်။

ခရိုင်ရဲမင်းကြီး၏အမိန့်တွင် အခင်းဖြစ်ပွားသည့်ကာလ ယခင်လ (၂၃) ရက်မှ (၂၈) ရက်အတွင်း ဖို့ဖတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်အားလုံး မည်သည့်နေရာတွင် ရှိကြောင်း၊ တယ်လီဖုန်းဖြင့် မည်သူ့ကို အဆက်အသွယ်လုပ်ကြောင်း၊ မိမိကိုင်ဆောင်သည့်သေနတ် သတ်မှတ်ရက်အတွင်း ပစ်ခတ်မှုရှိမရှိ စသည်တို့ကို လာရောက် အစီရင်ခံရမည်ဟု ပါရှိသည်။
အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် တောလမ်းခရီးအတိုင်း ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။



သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် အသုံးများသည့် ကျည်များဖြစ်သည်ဟု သိရသည်။

ယခင်လ (၂၇) ရက်၌ ဖို့ဖတ်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာရုပ်အလောင်း (၄) လောင်းနှင့် ယမန်နေ့က ထပ်မံတွေ့ရှိသည့် မြန်မာ (၃) လောင်းအပါအ၀င် သေဆုံးသူ (၇) ဦးမှာ လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ရွာသားများဖြစ်ကြသည်။

သေဆုံးသွားသူတဦးဖြစ်သည့် နန်းပိုင်မူး၏ခင်ပွန်းဖြစ်သူ ကိုကြည်အောင်က “ကျနော်က ဘန်ကောက်မှာ အလုပ်လုပ်တယ်။ ကျနော့်မိန်းမက ရွာမှာ ကလေးငယ်နှစ်ယောက်ကို ချန်ထားပြီး အလုပ်လုပ်ဖို့လိုက်လာတာ။ သေတဲ့အထဲမှာ ကျနော့်ညီ ထူးအောင်နဲ့ သူ့မိန်းမလည်း ပါတယ်။ ဒီလူတွေ အတော်ရက်စက်တယ်။ အခု သူတို့အလောင်းတွေ မီးသဂြုင်္ိဟ်ဖို့ ကျနော်တို့ စောင့်နေတယ်၊ ရဲက ဘာမှမပြောသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်တွင် တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယမန်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ (၁၂) ဦးတွင် (၂) ဦးပျောက်ဆုံးနေပြီး (၃) ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ၎င်းတို့ကို ထိုင်းရဲက ထိန်းသိမ်းထားသည်။
ပျောက်ဆုံးနေသူ (၂) ဦးမှာ သေဆုံးသွားပြီးဟု ယူဆရပြီး ၎င်းတို့ကို တောနင်းရှာဖွေလျက်ရှိသည်ဟု ထိုင်းရဲအရာရှိက ပြောသည်။

မဲဆောက်မှ ၀ါရင့်ထိုင်းသတင်းထောက်တဦးက “ဒီအမှုဖြစ်စဉ်ကိုကြည့်ရတာ ၀န်ထမ်းအချို့ ပါဝင်ပတ်သက်မှုရှိမယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ ခရိုင်ရဲမင်းကြီးကတောင် အမိန့်ထုတ်ရတယ်ဆိုတော့ အမှုနောက်ဆက်တွဲကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။

ဖို့ဖတ်မြို့နယ်ရဲစခန်းမှ ရဲဒုဗိုလ်မှူးကြီးစုံစာမလိဖုံးက “ဒီအမှုဟာ လူမှောင်ခိုသမားတွေက ငွေယူပြီးတော့ ဘန်ကောက်မပို့ဘဲ တောထဲမှာ သူတို့ကို သတ်လိုက်တာလို့ ယူဆရတယ်” ဟု ပြောသည်။
တောလမ်းခရီးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြသည့် မြန်မာလူကယ်ရီမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းအား ထိုင်းရဲမှ လိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ှ ထိုင်းရဲမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်များတွင် ဖြစ်ပွားခဲ့ဖူးသည်။
လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်တွင် မြန်မာအလုပ်သမား(၈) ဦး အုပ်စုလိုက်အသတ်ခံရမှုနှင့် မဲလမတ်မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦး အုပ်စုလိုက်အသတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အပြည့်အစုံသို့ >>

တရားမ၀င် မြန်မာအလုပ်သမား ၉ ဦး မဲဆောက်မှာ အသတ်ခံရ

01 February 2010

မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ပုတ်ဖရမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမည်မသိ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၉ ဦးအနက် ၇ ဦးရဲ့ အလောင်းကို အာဏာပိုင်တွေက ရှာဖွေ တွေ့ရှိထားပြီ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
တရားမ၀င် တောလမ်းကတဆင့် ဘန်ကောက်ကိုတက်မယ့် မြန်မာနိုင်ငံသား ၉ ဦးဟာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့မှာ အမည်မသိ လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး မကြာခင်မှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ အဲဒီဒေသက ကျေးရွာလူကြီး တယောက်က ပြောပါတယ်။


သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ကူညီနေတဲ့ ပုတ်ဖရမြို့နယ်က ကျေးရွာလူကြီး တယောက်က အသတ်ခံရသူ ၉ ယောက် ဖြစ်ပေမဲ့ အလောင်း ၇ လောင်းပဲ တွေ့ရသေးတယ်လို့ ပြောပါတယ်။

“သူတို့က ၂၅ ရက်နေ့ မြ၀တီက ကူးတယ်။ ဒါပေမဲ့ ၂၅ ရက်နေ့ကပဲ သူတို့ အဖမ်းခံရတယ်။ လွတ်သွားတဲ့လူ ၃ ယောက်မှာ တယောက်က စကားပြောမတတ်ဘူး။ ဘန်ကောက်ကနေ အဆက်အသွယ် လုပ်ပေးပြီး ပုလိပ်က ခေါ်လာခဲ့ပေးတာ။ အဲဒီလူလည်း ကျနော့်အိမ်မှာပဲ တည်းနေတယ်။ ကျနော်တို့ အလောင်းတွေ့တာ ၂၇ ရက်နေ့ မနက်မှာ ၂ လောင်း တွေ့တယ်၊ ၂၈ ရက်နေ့ မနက်မှာ ၂ လောင်းတွေ့တယ်၊ မနေ့က ၃ လောင်း ထပ်တွေ့တယ်။ ၇ လောင်း တွေ့ပြီ၊ အားလုံး ၉ ယောက်ပေါ့။ အဲဒီအလောင်းတွေကလည်း မဲဆောက်မှာ ၄ လောင်း၊ ပုတ်ဖရမှာ ၃ လောင်း ရှိနေတယ်။”

လမ်းပြကယ်ရီက ပိုက်ဆံလာမပေးလို့ သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေရဲ့ တပည့်လက်သားတွေပေါ့နော်။ တောထဲမှာ တက်လာတဲ့ ကယ်ရီအဖွဲ့တွေ၊ ဘာတွေကို ဖမ်းပြီးတော့ ပိုက်ဆံညှစ်တာပေါ့။ လွတ်သွားတဲ့ ကယ်ရီက ပိုက်ဆံလာပေးမယ်ဆိုပြီး မပေးလို့ သူတို့က သတ်လိုက်တဲ့ သဘောပါ။ ၁၂ ယောက်၊ အားလုံး ကယ်ရီနဲ့ဆို ၁၃ ယောက် လာတာပေါ့။ သူတို့က လှိုင်းဘွဲ့မြို့နယ်၊ ကျိုက်ပေါင်ရွာက ၉ ယောက်ပါတယ်လို့ ပြောသံကြားတယ်။ နောက် ဇာသပြင် မင်းခေါင်ရွာက ၃ ယောက်ပါတယ်။”

အသတ်ခံရသူ တယောက်ဖြစ်တဲ့ မတင်ထွေးအေးရဲ့ ခင်ပွန်း ကိုအောင်ကြည်က အခြေအနေကို အခုလို ရှင်းပြပါတယ်။

“တို့ ဒီမှာ မြ၀တီမှာ ရောက်လာပြီ၊ လူကိုယ်တိုင် သွားမကြည့်ရသေးဘူး၊ မနက်ဖြန်မှ သွားကြည့်ရမယ်၊ မရှိတော့ဘူး၊ ပုလိပ် ဘယ်လိုလာပြောလိုက်လဲ မသိဘူး။ ဘယ်သူမှ မထင်ထားဘူး။ နောက် မနက်ဖြန်မှ သူ့ကို သွားကြည့်ရမယ်နော်၊ ဒီမှာမေးတော့ ကျနော်လည်း ဘာမှမသိတော့ဘူး။”
မြ၀တီကနေတဆင့် ဘန်ကောက်သို့ တရားမ၀င် တောလမ်းက သွားသူတွေဟာ အခုလို မကြာခဏ သတ်ဖြတ်ခံရတယ်လို့လည်း မဲဆောက်က အလုပ်သမားအရေး လုပ်တဲ့ ကိုမိုးကြိုးက ပြောပါတယ်။

“လ၀ကတို့၊ နယ်မြေမှာရှိတဲ့ ပြည်သူ့စစ်တို့နဲ့ အဝေမတည့်တာလည်း ရှိတယ်။ သူတို့အချင်းချင်းလည်း အဝေမတည့်တာတွေ ရှိတယ်။ အဲဒီကြားထဲမှာတော့ သယ်ဆောင်ခံရတဲ့ သူတွေပဲဖြစ်စေ၊ ကယ်ရီပဲဖြစ်စေ အသတ်ခံရတဲ့ ရာဇ၀တ်မှုတွေက ဖြစ်လေ့ဖြစ်ထရှိတယ်။ အခု မဖြစ်တာ ၂ နှစ်၊ ၃ နှစ်လောက်ရှိပြီ။”

နှစ်နိုင်ငံ သဘောတူညီအရ ယာယီ ပါ့စ်ပို့တ် (Passport) နဲ့ တရားဝင် အလုပ်လုပ်နိုင်ဖို့ စီစဉ်နေချိန်မှာ အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ တရားမ၀င် မြန်မာအလုပ်သမား ၂,၀၀၀,၀၀၀ ကျော်လောက် ရှိမယ်လို့လည်း အလုပ်သမားအရေး လုပ်သူတွေက ခန့်မှန်းကြပါတယ်။
အပြည့်အစုံသို့ >>

Monday, 1 February 2010

ဆန္ဒပြ မြန်မာအလုပ်သမားများ တောင်းဆိုချက် အလုပ်ရှင်လိုက်လျော

Saturday, 30 January 2010 19:53 ဘစောတင်

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ရှိ OSAKA MARUNI (Thailand) Co. Ltd ဖိနပ်စက်ရုံမှ မြန်မာအလုပ်သမားများ၏ ပြီးခဲ့သည့် ဇန်န၀ါရီ လ၂၃ ရက်က လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုမှုကို စက်ရုံတာဝန်ရှိသူများက လိုက် လျောရန် ယမန်နေ့က သဘောတူခဲ့ကြောင်း သတင်း ရရှိသည်။
ယခုလမှစ၍ ထိုင်းအလုပ်သမားများကို တနေ့လျှင် ဘတ် ၃၀ ကျစီ တိုးပေးသဖြင့် မြန်မာအလုပ်သမား ၇၂ ဦး က ၎င်းတို့ကိုလည်း ၁၀ ဘတ်စီတိုးပေးရန် နေ့တ၀က် အလုပ်ရပ်ဆိုင်း၍ ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။



ယင်းဆန္ဒပြမှုကြောင့် စက်ရုံ တာဝန်ရှိသူများက ဆန္ဒပြပွဲ ဦးဆောင်သည့် အလုပ်သမား ၄ ဦး ကို အလုပ်မှ ထုတ်ပစ်မှု၊ မြန်မာအလုပ်သမားများကို စက်ရုံမှထွက်ခွာသွားရန်ဖိအားပေးအကျပ်ကိုင်မှုများ ပြုလုပ်ခဲ့ပြီးနောက် တပတ်ခန့်အကြာ တွင်မှ လိုက်လျောရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ယင်းပြဿနာကိုစေ့စပ်ညှိနှိုင်းပေးခဲ့သော မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကူညီပေးနေသည့် MAP ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ထိုင်းလူမျိုး ကိုအေးက ပြောသည်။

“မနေ့ နေ့လယ်ပိုင်းမှာ အလုပ်သမားတွေ အားလုံးခေါ်ပြီး တနေ့ လုပ်ခ ၁၅၇ ဘတ်ကို ဒီနေ့ ကစပြီး ပေးပြီလို့ တရား ၀င် ကြေညာပေးတယ်၊ အလုပ်သမားတွေကလည်း သဘောတူကြတယ်၊ ၀မ်းလည်းဝမ်း သာကြတယ်”ဟု ၎င်းက ပြောပြသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမား ၄ ဦး၏ နစ်နာချက်အတွက် လျော်ကြေးပေးရန် တောင်းဆိုထားကြောင်းနှင့် လျော်ကြေးပေးမပေးကို လာမည့် ဖေဖ၀ါရီလ (၄) ရက်တွင် အလုပ်ရှင်ထံမှ အကြောင်းပြန်မည်ဟုလည်း သိရသည်။

အလုပ်ရှင်က လိုက်လျောသည်ဟု ဆိုသော်လည်း တင်းကျပ်သော စည်းကမ်းများကို ချမှတ်လိုက်သည်ဟု အလုပ်ဖြုတ်ခံထားရသူ အလုပ်သမားကိုယ်စားလှယ် တဦးက ပြောသည်။

“လုပ်ခတိုးပေးတယ် ဆိုတာ ဟုတ်ပါတယ်။ အရင်က တနေ့ကို ဘတ် ၈၀ ပဲ ရနေရာ ကနေ ၁၅၇ ဘတ်ထိတိုးရတာ ဟာ ၀မ်းသာစရာပါ၊ ကျမတို့လုပ်တာ အောင်မြင်တယ်လို့ တွက်ရင် ရတာပေါ့၊ တိုးတောင်းတာက ၁၀ဘတ်ထဲပါ၊ ဒါပေမယ့် သူတို့ချမှတ်လိုက်တဲ့ စည်းကမ်းက အိမ်သာတခါသွားရင် နှစ်မိနစ်ပဲ ကြာရမယ်တို့၊ ဘာမလုပ်ရ ညာမလုပ် ရ စသဖြင့် အရင်တုန်းကမရှိခဲ့တဲ့ စည်းကမ်းတွေနဲ့တင်းကျပ်တဲ့သဘောကို လုပ်လာတာဟာ နှိပ်ကွပ်တာတမျိုးပဲလို့ ကျမထင်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၀၉-၂၀၁၀ ခုနှစ်များအတွင်း အလုပ်သမားများ ဆန္ဒပြ တောင်းဆိုခဲ့သည်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဖီ ဖိနပ်ချုပ် စက်ရုံနှင့် မဲဆောက်မြို့Top Form အမျိုးသမီးအတွင်းခံ အင်္ကျီစက်ရုံများမှ အလုပ်ရှင်များသည် အာဏာပိုင်များရှေ့ ၌ လိုက်လျောပါမည်ဟု ကတိပေးသော်လည်း နောက်ပိုင်းတွင် အလုပ်သမားများကို စက်ရုံမှ ထွက်သွားစေရန် နည်းမျိုးစုံဖြင့် ပြုလုပ်ခဲ့ကြသည်၊ ထို့ကြောင့် ရာနှင့်ချီသော အလုပ်သမားများ စက်ရုံမှ ထွက်သွားရ ခြင်း အလုပ်ထုတ်ပစ်ခံရခြင်းများရှိခဲ့ကြောင်း၊ ယခု စက်ရုံတွင်လည်း လက်ရှိအလုပ်သမား ၂၀ခန့်အလုပ်မှ ထွက်ရန် စာတင်ထားကြောင်း သိရသည်။

OSAKA MARUNI (Thailand) Co. Ltd မှာ ဂျပန်လူမျိုး သူဌေး ပိုင်ဆိုင်ကြောင်း၊ စက်ရုံတွင် အလုပ်သမား ၁၅၀ ခန့်ရှိပြီး မြန်မာအလုပ်သမား ၇၂ဦးရှိကြောင်း သိရသည်။ အများစုမှာ အမျိုးသမီးများဖြစ်ကြသည်ဟု ဆို သည်။

ထိုင်းနိုင်ငံအတွင်း၌ မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမား အဖွဲ့များက ပြောဆိုကြသည်။
အပြည့်အစုံသို့ >>

Friday, 29 January 2010

ဖိနပ်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာများ လုပ်ခတိုးရပြီ

.စိုင်းဇွမ်ဆိုင်း | သောကြာနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၆ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ လုပ်အားခ နည်းသဖြင့် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ တဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ မကြာသေးခင်က ဆန္ဒပြခဲ့သော မြန်မာ အလုပ်သမားများကို အလုပ်ရှင်က ယနေ့မှစ၍ တနေ့တာ လုပ်အားခကို ၄၇ ဘတ် အပိုဆောင်း ပေးလိုက်ပြီ ဖြစ်သည်။

မယ်ဆိုင်မြို့ Osaka စက်ရုံမှ မြန်မာအလုပ်သမားများကို ယခင်က တရက်လုပ်ခ အများဆုံး ၁၁ဝ ဘတ် အထိသာရသော်လည်း ယခုမူ ၁၅၇ ဘတ်အထိ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့် အခွင့်အရေး လှုပ်ရှားသူများထံမှ စုံစမ်းသိရှိရသည်။

ယင်းစက်ရုံရှိ ထိုင်း-မြန်မာ အလုပ်သမားအားလုံး တန်းတူရရှိခြင်းလည်း ဖြစ်သည်။

“နေ့လည် ၁ နာရီက စက်ရုံမှာ အစည်းအဝေးလုပ်တယ်။ ၁ နာရီခွဲလောက်ကျတော့ အလုပ်သမားတွေကို ပြောတယ်တဲ့။ အားလုံးကို ၁၅၇ ဘတ် အပြည့်ပေးမယ်။ ဒါပေမဲ့ သူ့မှာရှိတဲ့ စည်းကမ်းတွေကိုတော့ အတိအကျ လိုက်နာရမယ်” ဟု ရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် MAP Foundation အဖွဲ့မှ တာဝန်ရှိသူ ကိုအေးက မဇ္ဈိမကို ပြောသည်။

.ထိုင်းအလုပ်သမားများနှင့် လုပ်ခတန်းတူ မရရှိသောကြောင့် လုပ်ခတိုးမြှင့်ပေးရန် စက်ရုံရှိ မြန်မာ အလုပ်သမား ၇၂ ဦးက ယခုလ ၂၃ ရက်နေ့၌ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြကာလအတွင်း ဦးဆောင်သည့် မြန်မာအလုပ်သမားခေါင်းဆောင် ၄ ဦးကို အလုပ်ထုတ်ခဲ့သဖြင့် MAP Foundation အဖွဲ့ကို တိုင်ကြားခဲ့ရာ အဖွဲ့တာဝန်ရှိသူများ သွားရောက်ဖြေရှင်းခဲ့ရာမှ ယခုလို လုပ်ခ တိုးမြှင့်ရရှိခြင်း ဖြစ်သည်။

အလုပ်သမားခေါင်းဆောင် ၄ ဦးမှာမူ အလုပ်ပြန်လုပ်ခွင့် မရကြသဖြင့် ထိုင်းအလုပ်သမား ဥပဒေအရ ၎င်းတို့ ရသင့်ရထိုက်သော နစ်နာကြေးများအတွက် ချင်းရိုင်မြို့ရှိ အလုပ်သမား အခွင့်အရေးနှင့် ကာကွယ်ရေးရုံးမှ တဆင့် စက်ရုံပိုင်ရှင်ထံ တောင်းဆိုထားကြောင်း သိရသည်။

“ဖောင်တွေ အားလုံး ဖြည့်ပြီးသွားပြီ။ လာမယ့် (ဖေဖော်ဝါရီလ) ၃ ရက်နေ့ကျရင် အလုပ်သမားရုံးက သူတို့ သူဋ္ဌေးကို ခေါ်ပြီးတော့မှ ပြဿနာကို ဖြေရှင်းပေးခိုင်းမယ်” ဟု ကိုအေးက ရှင်းပြသည်။

အလုပ်မှထုတ်ပယ်လျှင် လျော်ကြေးအဖြစ် လုပ်ခ ၃ လစာ အပိုရရှိနိုင်သည်ဟု အလုပ်သမား-အလုပ်ရှင် သဘောတူခဲ့သော်လည်း ထိုလျော်ကြေးကို မပေးသည့်အပြင် ဆန္ဒပြခဲ့သဖြင့် စက်ရုံဝင်ငွေ ဘတ် ၁ သိန်း ၆ သောင်း နစ်နာသည်ဟုဆိုကာ ယခုလ ၂၆ ရက်နေ့တွင် အလုပ်ရှင်ဘက်က ဆန္ဒပြခေါင်းဆောင် ၄ ဦးထံမှ နစ်နာကြေးပေးရန် တုံ့ပြန်ပြောဆိုပြီးနောက် ထိုနေ့၌ပင် ၎င်းတို့ ၄ ဦး အလုပ်ထုတ်ခံရသည်။

အလုပ်ထုတ်ခံရသော အလုပ်သမားခေါင်းဆောင် ၄ ဦးမှ တဦးက “ကျမတို့အမှုအတွက် ချိန်းထားတာက ၂ လပိုင်း ၃ ရက်နေ့ပေါ့နော်။ အဲဒီနေ့မှာ သူတို့က လျော်ကြေးပေးမယ်၊ မပေးဘူးဆိုတာတော့ မသိရသေးဘူး။ တကယ်လို့ မပေးဘူးဆိုရင်လည်း ကျမတို့က ရှေ့ဆက်တက်မှာပဲ” ဟု မဇ္ဈိမ ကို ပြောသည်။

ခေါင်းဆောင် ၄ ဦးအတွက် အလုပ်သမား ကာကွယ်ရေးရုံးက နစ်နာကြေးပေးရန် အမိန့်ချ မပေးပါက သက်ဆိုင်ရာ တရားရုံးများမှတဆင့် ဥပဒေကြောင်းလမ်းအရ ဖြေရှင်းသွားနိုင်ရန် MAP Foundation မှ ကူညီသွားမည်ဟု သိရသည်။

“MAP မှာက ရှေ့နေတွေဘာတွေ ရှိပြီးသားပဲ။ တရားရုံးကနေ ဒီအမှု ပြီးဆုံးသည်အထိ တက်သွားမယ်” ဟု ကိုအေးက မဇ္ဈိမကို ပြောသည်။

အလုပ်သမား ကာကွယ်ရေးရုံးက နစ်နာကြေးပေးရန် အမိန့်ချမှတ်ပါက တဦးလျှင် အနည်းဆုံး ဘတ် ၄ သောင်းနှင့် အထက် ရရှိမည်။

တာချီလိတ် တဖက်ကမ်း မယ်ဆိုင်မြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ ရှိသော်လည်း အလုပ်သမား အခွင့်အရေး သင်တန်းများကို ပို့ချပေးမည့် အဖွဲ့အစည်းများ မရှိသေးကြောင်းလည်း သိရသည်။

မြန်မာများအနေဖြင့် လုပ်အားခ ၁၅၇ ဘတ် ရရှိလိုက်ခြင်းသည် မယ်ဆိုင်မြို့၌ ပထမဆုံးဖြစ်ကြောင်း မြန်မာလုပ်သားများက ပြောဆိုကြသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

အိမ်ဖော်အလုပ်သမား အခွင့်အရေး လမ်းညွှန်စာအုပ် ထုတ်ဝေ



.Thursday, 28 January 2010 19:41 ဘစောတင်


နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) မှ ထုတ်ဝေသည့် “တို့ အိမ်ဖော် အလုပ်သမား- တင့်တင့် တယ်တယ် လုပ်အားရှင်များ” အမည်ရှိ အိမ်ဖော် အလုပ်သမားများ အတွက် လမ်းညွှန်စာအုပ် ထုတ်ဝေမှု ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ကျင်းပ ခဲ့သည်။


ယနေ့ ရှင်းလင်း ပွဲတွင် ဦးဆောင် ပါဝင် ဆွေးနွေးသူ တဦးဖြစ်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေး ကူညီဆောင်ရွက် နေသော MAP ဖောင်ဒေးရှင်းမှ Ms.Kanc- hna –Di-ut က ယခု စာအုပ်သည် အိမ်ဖော် အလုပ် သမားများ အတွက် အကျိုး သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ပြောဆိုသည်။

. “ဒီစာအုပ် ကလေးကို ဖတ်ရတဲ့ အိမ်ဖော် အလုပ်သမားတွေ အတွက် ကောင်းမွန်တဲ့ အကျိုး သက်ရောက်မှုတွေ တကယ်ရှိမယ် ဆိုတာ ကျမတို့ ယုံကြည်ပါတယ်၊ အိမ်အလုပ် လုပ်နေကြတဲ့ အမျိုးသမီး အမျိုးသား တွေဟာ ကိုယ်ရသင့်တဲ့ လူ့အခြေခံ ရပိုင်ခိုင်ခွင့်ကို မသိကြလို့ နစ်နာ နေကြရတာ တွေဟာ နေရာ အနှံ့မှာပါ၊ ဒါကို ILO က ဦးဆောင်ပြီး ကျမတို့ နဲ့ အတူ အခြားသော အဖွဲ့ အစည်းများ ကပါ ဒီစာအုပ်ကလေး ဖြစ်မြောက် လာအောင် လပေါင်းများစွာ အချိန်ယူပြီး ကြိုးစား လုပ်ဆောင် ခဲ့ကြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို စာအုပ်တွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော အိမ်ဖော် အလုပ်သမားများအတွက် ဆောင်ရန် ရှောင်ရန်နှင့် သိသင့် သိထိုက်၊ လိုက်နာသင့် လိုက်နာထိုက်သည်များကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြ ထားသည်။

ယင်းစာအုပ်၏ တနေရာတွင်“ကျွန်ုပ်သည် အိမ်ဖော်အလုပ်သမား တယောက်ဖြစ်သည်။ ကျွန်ုပ်တွင် တာဝန် ၀တ္တရားများရှိသလို အခွင့်အရေးများလည်းရှိသည်။ ကျွန်ုပ်သည် တခြားအလုပ်သမားတွေလိုပဲ မျှမျှတတ ဆက်ဆံခွင့်ရရန် ထိုက်တန်ပါသည်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို လေးစားရန် တောင်းဆိုသည်”ဟု ဖော်ပြထား သည်။

သူတပါးအိမ်တွင် အလုပ်လုပ်နေကြရသည့် ထောင်ပေါင်းများစွာသော အိမ်ဖော်အလုပ်လုပ်သူများတွင် အမျိုး သမီး များက များသောအားဖြင့် ထမင်းချက် ကလေးထိန်း သက်ကြီး ရွယ်အိုများကို ပြုစုခြင်း စသော အိမ် တွင်း မှု လုပ်ငန်းများ၌ လုပ်ကိုင်ကြသည်။ အမျိုးသားများက ကားမောင်း၊ ခြံသန့်ရှင်းရေး စသည့် အလုပ် များ ကို လုပ်လေ့ရှိကြသည်။ ၎င်းတို့သည် များသောအားဖြင့် နိုင်ငံတကာက ပြဌာန်းထားသော အခြေခံရပိုင်ခွင့် များကို သိရှိသူနည်းပါးကြောင်း သိရသည်။

မွန်ပြည်နယ် မုဒုံမြို့ နယ် ရခိုင်ကုန်းရွာမှ ထိုင်းနိုင်ငံတွင် အနှစ် (၂၀)နီးပါးခန့် အိမ်ဖော်အလုပ် လာရောက် လုပ်ကိုင်သူ မလွင်လွင် က အိမ်ဖော်ကို ကျေးကျွန်သဖွယ် ဆက်ဆံသောအလုပ်ရှင်မျိုးနှင့် တွေ့ ပါက များစွာ စိတ်ဆင်းရဲရကြောင်း ပြောဆိုသည်၊။

“ကောင်းတဲ့သူဌေး အိမ်ဆို ကိုယ့်အိမ်လိုပဲ။ သူတို့ သတ်မှတ်ပေးတဲ့ အလုပ်ကို တာဝန်ကျေအောင်လုပ်၊ ပြီးရင် ကိုယ့်ဘာသာ အကြိုက်နေလေ၊ တချို့အိမ်ကျတော့ အဲသလိုမဟုတ်ဘူး၊ အိမ်အလုပ်သမဆို တကယ် ခိုင်းတာ၊ တခါတခါ ထွက်ပြေးချင်စိတ်တွေ ပေါက်ပေါက်လာတယ်၊ ဒါပေမယ့် ကိုယ်က ပိုက်ဆံလိုချင်တော့ လည်း လုပ်ရတာပဲ၊ အခု နောက်ဆုံး လုပ်နေတဲ့ အလုပ်ရှင်ကလည်း မကောင်းဘူးရှင့်၊ ကျမတို့က မနက် ၄နာရီလောက်က စထရတာ တနေကုန် အိမ်မှုကိစ္စလုပ်ရတယ်၊ လစာကျတော့ ၅၀၀၀ ပဲပေးတယ်၊ ကျမတို့ ပြောင်းပြေးမှာစိုးလို့ အလုပ်သမား လက်မှတ်တွေလည်း သိမ်းထားတယ်၊ အိမ်ဖော်အလုပ်သမား အခွင့်အရေး ဆိုတာ ကျမလည်း မသိဘူး။ သူဌေးလည်း ကြားဖူးမယ်မထင်ပါဘူး”ဟု မလွင်လွင်ကဆိုသည်။

အလားတူ ယနေ့ပြုလုပ်သော စာအုပ်ရှင်းလင်းပွဲသို့ တက်ရောက်လာသော ကိုယ်တိုင် အိမ်ဖော်လုပ်နေသူ ရှမ်း အမျိုးသမီး မနန်းကလည်း“ ကျမ ဒီထိုင်းကိုရောက်ခါစ ၅နှစ်လောက် ထိုင်းသူဌေး အိမ်တွေမှာလုပ်ဖူး တယ်၊ နောက်ပိုင်း အခု အချိန်တွေမှာတော့ နိုင်ငံခြားသား အိမ်တွေမှာပဲ လုပ်တော့တယ်၊ ထိုင်းတွေနဲ့ စာရင် တော့ နိုင်ငံခြားသားတွေက အခွင့်အရေးပိုရတယ် ပြောရမယ်၊ သူတို့က စည်းနဲ့ကမ်းနဲ့ ခိုင်းတယ်၊ ပိုက်ဆံ မှန်တယ်၊ ပိုလည်းရတယ်၊ ထိုင်းတွေကတော့ လစာနည်းမယ်၊ အသေခိုင်းမယ်၊ ဥရောပကလူတွေက လူ့ အခွင့် အရေး ဘာညာတွေ သိနေတော့ သူတို့က သူတို့ သတ်မှတ်ထားတဲ့ အလုပ်ကို တာဝန်ကျေရင် ပြီးတာ များပါတယ်၊ တယောက်တလေတော့ ထိုင်းထက်ဆိုးတဲ့ နိုင်ငံခြားသားလည်း ကြုံဖူးတယ်”ဟု ဆိုသည်။

မြန်မာပြည် ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက“ဒီစာအုပ်ထဲ မှာ ပါတဲ့အချက် အလက်တွေကို မြန်မာအလုပ်သမားတွေ သိဖို့အတွက် စာကြည့်တိုက်တွေမှာ ထား ပေးမယ်၊ စက်ရုံအလုပ်ရုံတွေမှာ ဖြန့်ပေးမယ်။ ဒီစာအုပ်မှာ ကိုယ် အခက်အခဲကြုံရင် ဘယ်လိုလူတွေကို ဆက်သွယ်ရ မယ်၊ အကူအညီတောင်းရမယ်ဆိုတဲ့ လမ်းညွှန်တွေ ဖုန်းနံပါတ် တွေဟာ သိပ်ကို အဖိုးတန်ပါတယ်၊ အရင်က မသိသေးတဲ့သူတွေအနေနဲ့ ဒီစာအုပ်ကို ဖတ်လို့သိသွားရင် ကိုယ့်အခွင့်အရေး မဆုံးရှုံးရအောင် ဘာလုပ်ရ မယ် ဆိုတာကို နားလည်သွားမယ်”ဟု ပြောဆိုသည်၊

ယနေ့ရှင်းလင်းသော အိမ်ဖော်အလုပ်သမားများအတွက် လမ်းညွှန်စာအုပ်ကို အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ရှမ်း၊ ပိုးကရင်၊ စကောကရင် ဟူသော ဘာသာစကား ၇မျိုးဖြင့် သီးခြားစီ ထုတ်ဝေသည်ကို တွေ့ ရသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်းမှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမား အဖွဲ့များက ပြော သည်။
အပြည့်အစုံသို့ >>

Tuesday, 26 January 2010

မယ်ဆိုင်မှ မြန်မာအလုပ်သမားများ တန်းတူအခွင့်အရေး တောင်းဆို

စိုးမိုး/ ၂၅ ဇန်န၀ါရီ ၂ဝ၁ဝ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အိုဆာကာ ဖိနပ်ချုပ်စက်ရုံမှ မြန်မာလုပ်သားများ ဒေသခံ ထိုင်းအလုပ်သမားများနှင့် အလုပ်သမား အခွင့်အရေး တန်းတူရရှိရန် တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။ စက်ရုံတွင်း လုပ်ငန်းတူ၊ အလုပ်ချိန်တူ လုပ်ကိုင်နေကြသည့် အလုပ်သမားများကို လစာတိုးမြှင့်ပေးရာတွင် မြန်မာအလုပ်သမား များကို ချန်လှပ်ထားခြင်းကြောင့် တန်းတူတိုးမြှင့်ပေးရန် စနေနေ့က စက်ရုံတာဝန်ခံထံ မြန်မာအလုပ်သမား (၇၂) ယောက် စုပေါင်းတောင်းဆိုကြခြင်းဖြစ်သည်။
“ယိုးဒယားတွေကိုကျတော့ ၀င်ဝင်ချင်း တရက် ဘတ် (၁၀၀) ပေးတယ်။ အခုနှစ်ကုန်မှာ ဘတ် (၃၀) တိုးပေးတယ်။ ဗမာ လုပ်သားတွေကျတော့ ၀င်ဝင်ချင်း ဘတ် (၈၀) ပေးတယ်။ ကျမတို့ တိုးပြီးတောင်းထားတာကို သူတို့က တိုးမပေးဘူး။ ထွက်ချင်ထွက်ဆို ပြောတယ်” ဟု မြန်မာအလုပ်သမားတဦးက ပြောကြားသည်။


မြန်မာအလုပ်သမားများက ထိုင်းများနည်းတူ တဦးလျှင် ဘတ် (၃၀) မဟုတ်ဘဲ (၁၀) ဘတ်သာ တိုးပေးရန် တောင်းဆိုခဲ့ခြင်း ကိုပင် စက်ရုံတာဝန်ရှိသူများက မလိုက်လျောနိုင်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။

ဖိနပ်စက်ရုံ အုပ်ချုပ်သူများက မြန်မာအလုပ်သမားများ၏ အလုပ်သမား မှတ်ပုံတင်များကို သိမ်းဆည်းထားကြောင်း၊ ယနေ့ လစာထုတ်ရက်တွင် လစာတိုးပေးမပေး၊ အလုပ်ထုတ်မထုတ် စောင့်ကြည့်ပြီး အလုပ်သမားအဖွဲ့များနှင့် ချိတ်ဆက်ကာ တရားဥပဒေအရ တောင်းဆိုမှုများ ဆက်လက်ပြုလုပ်မည်ဟု အလုပ်သမားများက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ (၂၂ ) ရက် စနေနေ့က စတင်သည့် အခွင့်အရေး တန်းတူရရေး တောင်းဆိုမှုကြောင့် ခေါင်းဆောင်များ အလုပ်ထုတ်ခံရနိုင်ကြာင်း၊ ယင်းသို့ အလုပ်ထုတ်ပါက မြန်မာအလုပ်သမား (၇၂) ယောက်လုံး အလုပ်ထွက်ရန်ရှိကြောင်း သိရသည်။

အလုပ်သမား (၁၀၀) ကျော်နှင့် လည်ပတ်နေသည့် အဆိုပါစက်ရုံတွင် ထိုင်းအလုပ်သမား (၃၀) ကျော်နှင့် မြန်မာအလုပ်သမား (၇၂) ဦးတို့ဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်သည်။
အလုပ်သမားအဖွဲ့များ အကူအညီဖြင့် မယ်ဆိုင်အလုပ်သမားကြီးကြပ်ရေးရုံးသို့ တိုင်ကြားထားပြီး အခြားအလုပ်သမားအဖွဲ့များ ကိုလည်း အကြောင်းကြားထားကြောင်း သိရသည်။

“ကျနော် မယ်ဆိုင် အလုပ်သမားရုံးကို တိုင်ထားဖို့ အကြောင်းကြားထားပေးပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမား တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

အဆိုပါ ဖိနပ်ချုပ်စက်ရုံ အုပ်ချုပ်သူများက မြန်မာအလုပ်သမားများကို နေ့စားခ တိုးမပေးသော်လည်း နေ့စဉ်လုပ်အားခကို ဘတ် (၃၀) တိုးမြှင့်ရရှိကြောင်း လက်မှတ်ထိုးခိုင်းသည်ဟု သိရသည်။

“ကျမက လုပ်သက် (၉) နှစ်၊ တရက်ကို ဘတ် (၁၂၀) ရတယ်။ ဒါက လုပ်သက်ကြောင့်တိုးပေးတာ။ လက်မှတ်ထိုးရတာက (၁၅၇) ဘတ် ရတယ်လို့ လက်မှတ်ထိုးရတယ်” ဟု ယင်းဖိနပ်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားတဦးက ပြောသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP