Thursday, 31 December 2009

မြန်မာ အလုပ်သမားများ အတွက် အဆင့်မြင့် ပညာသင်ကျောင်း ချင်းမိုင်တွင် ဖွင့်မည်

.Wednesday, 30 December 2009 16:04 ၀ါးရှီးဖော ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မြန်မာ အလုပ်သမားများ အတွက် အဆင့်မြင့် ပညာသင်ကြား နိုင်ရန်နှင့် ကိုယ်ပိုင် အသက် မွေးဝမ်းကြောင်း ပြုနိုင်ရန် အတွက် Bridging Educational Access to Migrants (BEAM) အမည်ရှိ သင်တန်း ကျောင်းကို လာမည့် ဇန်ဝါရီ လဆန်းပိုင်းတွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

ယင်း သင်တန်း ကျောင်းတွင် ပေါင်းကူးပညာရေး (Bridging course) နှင့် အသက်မွေးမှု ပညာရပ်များကို သင်ကြား သွားမည်ဟု သိရသည်။

Bridging course တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာပေနှင့် အနုပညာ၊ လူမှုရေး ဘာသာ၊ သိပ္ပံဘာသာနှင့် (GED) ပညာရေးများ ပါဝင်မည် ဖြစ်ပြီး သက်မွေးမှု ဘာသာ ရပ်များတွင် ၀ဘ်ဒီဇိုင်း တည်ဆောက်ခြင်းများ၊ ပုံနှိပ်လုပ်ငန်နှင့် ပတ်သက်သော ပညာရပ်နှင့် အပ်ချုပ် သင်တန်းများ ပါဝင်မည်ဟု ဦးသိန်းဝင်းက ပြောသည်။


Bridging course အတွက် သင်တန်းချိန် ၂ နှစ်ကြာမည့် ဖြစ်သည်။ ပထမနှစ်တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာပေနှင့် အနုပညာ၊ လူမှုရေး ဘာသာနှင့် သိပ္ပံ ဘာသာရပ်များကို သင်ကြား ပို့ချမည်ဖြစ်ပြီး ဒုတိယနှစ်တွင် (GED) အတွက် သတ်မှတ်ထားသည့် သင်ရိုးစာအုပ်များကို တိုက်ရိုက် သင်ကြားပို့ချမည် ဖြစ်သည်။ ဘာသာရပ် အားလုံးကို အင်္ဂလိပ် ဘာသာဖြင့် သင်ကြားမည် ဖြစ်သည်။

“တချို့လူတွေက အထက်တန်း ကျောင်းတက်ပြီး ထိုင်းနိုင်ငံကို ရောက်လာတယ်။ တချို့ကလည်း တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် တက်ပြီး ဒီဘက်ကို ရောက်လာတယ်။ ရောက်လာတဲ့ အခါကျတော့ သူတို့ အထက်တန်း ပညာနဲ့ တက္ကသိုလ်ပညာ ဆက်တက်နိုင်ဖို့ ကလိုနေတယ်။ အခုလို လိုအပ်လို့ ဆရာတို့တွေ တိုင်ပင်ပြီး ဒီကျောင်းကို ဖွင့်ဖို့ စဉ်းစားလိုက်တာ” ဟု ဒါရိုက်တာ ဦးသိန်းဝင်းက ဧရာဝတီသို့ ပြောသည်။

သင်တန်းချိန်ကို နံနက် ၈နာရီမှ နေ့လယ် ၁၁နာရီအထိ တချိန်၊ ညနေ ၅နာရီမှ ည ၈နာရီအထိ တချိန် ဟူ၍ ၂ ချိန် သတ်မှတ်ထားပြီး Bridging course အတွက် စုစုပေါင်း သင်တန်းသား ၄၀ တက်ရောက်ခွင့် ရှိသည်ဟု သိရသည်။

ထိုင်နိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာ အလုပ်သမားများ အတွက် အခြေခံပညာ အဆင့် သင်ကြားပေးသည့် သင်တန်း ကျောင်းသာရှိပြီး အထက်တန်း ပညာနှင့် တက္ကသိုလ်ပညာ ဆက်လက် သင်ကြားရန် ဆန္ဒရှိသော ကျောင်းသားများ အတွက် အဆိုပါကျောင်း ဖွင့်ပေးရန် လိုအပ်ကြောင်း ဦးသိန်းဝင်းက ပြောသည်။

“မြန်မာပြည်မှာဆိုရင် ပိုက်ဆံ အများကြီးပေးမှ တက်ခွင့်ရတယ်လေ။ အခု ဒီလိုမျိုး အခွင့်အရေးတွေ ရတဲ့အတွက် အရမ်း ၀မ်းသာပါတယ်။ အခုလို့ မြန်မာ အလုပ်သမားတွေကို အမြင် ကျယ်လာအောင် ကူညီပေးတဲ့ ဆရာ၊ ဆရာမတွေရှိတဲ့ အတွက်လည်း အရမ်းပီတိ ဖြစ်တယ်” ဟု Bridging course တက်ရန် စိတ်ဝင်စားနေသော ချင်းမိုင်ညဈေးရှိ စားသောက်ဆိုင်တ ဆိုင်တွင် အလုပ်လုပ်နေသည့် လီဆူး တိုင်းရင်သား ကိုအလေးက ပြောသည်။
အပြည့်အစုံသို့ >>

Tuesday, 29 December 2009

ယာယီ နိုင်ငံကူး လက်မှတ် လုပ်သူ တိုးပွားလာနေ

.ခိုင်စု | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၄၁ မိနစ် . ချင်းမိုင် (မဇ္ဈိမ) ။ ။ အစောပိုင်းက စိုးရွံ့မှုများဖြင့် စိတ်ဝင်စားမှု နည်းနေသော ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း လုပ်သားများ အတွက် ယာယီ နိုင်ငံကူး လက်မှတ်လုပ်မှုမှာ ယခုအခါ အရှိန်ရလာပြီ ဖြစ်သည်။

“အခုလ ၂၇ ၇က်နေ့အထိ ၂၉၇၀ ယောက် (ကော့သောင်းမှ) လုပ်ပေး ပြီးပါပြီ။ ဒီလမှာတော့ တော်တော်များတယ်။ တနေ့ကို တရာအထက်မှာပဲ လုပ်ပေးနေရတယ်။ ၃ နေရာပေါင်းရင် ၈၀၀၀ ကျော် လုပ်ပေး ပြီးပါပြီ” ဟု ကော့သောင်းရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယာယီ နိုင်ငံကူး လက်မှတ်များကို မြန်မာနိုင်ငံဘက်ခြမ်း မြဝတီ၊ တာချီလိတ်၊ ကော့သောင်းမြို့တို့၌ ရုံးဖွင့်၍ ထုတ်ပေးနေခြင်း ဖြစ်သည်။

.
မူလ သတ်မှတ်ချက်အရ လက်မှတ် ထုတ်ပေးမှုကို ၂၀၀၈ ဇူလိုင်လမှ ၂၀၁၀ ဖေဖော်ဝါရီလအထိ ရှစ်လ အတွင်း ဆောင်ရွက်ပေးမည် ဖြစ်သည်။

ရွှေ့ပြောင်း အလုပ်သမားများအား ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်နိုင်ရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက တိုက်ရိုက် ပြုလုပ်ပေးသည့် အပြင်၊ ထိုင်း-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၊ CEO ကုမ္ပဏီ၊ Nik ကုမ္ပဏီ အပါအဝင် မြန်မာအစိုးရက အသိအမှတ်ပြုထားသော ထိုင်းကုမ္ပဏီ ၁၀ ခုကလည်း ဝန်ဆောင်မှု ပေးနေသည်။

သို့သော်လည်း ကုမ္ပဏီများ၏ ဝန်ဆောင်ခမှာ ဘတ် ၆၀၀၀ မှ ၈၀၀၀ အထိ ကုန်ကျသဖြင့် အလုပ်သမားများမှာ ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ငွေကြေး အခက်အခဲ ရှိနေကြောင်း အဝေးရောက် ညွှန်ပေါင်းအစိုးရ ရွှေ့ပြောင်း အလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်ခွင့် ရထားသူများကိုသာ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး မြန်မာဘက်၌ တရားဝင် ကုန်ကျစရိတ်မှာ ကျပ် ၃၀၀၀ ဖြစ်၍ ထိုင်းနိုင်ငံဘက်တွင်မူ နိုင်ငံကူး ဗီဇာကြေး ဘတ် ၅၀၀ သာ ကုန်ကျမည် ဖြစ်သည်။

ကိုသက်ခိုင်က “ဝန်ဆောင် ကုမ္ပဏီတွေက မြန်မာအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီးလုပ်တော့ ဒီကုမ္ပဏီတွေနဲ့ လုပ်ရင် အဆင်ပြေကြတယ်။ ဒီမှာက မြန်မာမှတ်ပုံတင် မရှိတာများတယ်။ Direct လုပ်ရင် မြန်မာဘက်က အသိအမှတ်ပြု မခံရတာ များတယ်” ဟု ပြောသည်။

ထိုင်းအစိုးရက ထိုင်း အလုပ်သမားရုံးများနှင့် တိုက်ရိုက် လုပ်ဆောင်နိုင်သည်ဟု ပြောထားသော်လည်း ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ ထိုင်း အလုပ်သမားရုံးများက ဝန်ဆောင်မှု ကုမ္ပဏီများနှင့် ဆက်သွယ် လုပ်ဆောင်ရန် ညွှန်နေကြကြောင်း မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ပြောသည်။

“ဖောင် သွားတောင်းတဲ့အခါ ဝန်ဆောင်မှု ကုမ္ပဏီကို ညွှန်လိုက်တာတွေ အခုရှိနေတယ်။ ဝန်ဆောင်ခတွေ ဈေးကြီးတော့ မတတ်နိုင်ကြဘူးလေ” ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှုး ကိုမိုးဆွေက မဇ္ဈိမကို ပြောသည်။

ယာယီ နိုင်ငံကူး လက်မှတ်မှာ ၃ နှစ် သက်တမ်းရှိပြီး ထိုင်းအစိုးရက တကြိမ်လျင် ဗီဇာ ၂ နှစ် ခွင့်ပြုမည် ဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်)
အပြည့်အစုံသို့ >>

ထိုင်းအလုပ်သမားတွေ နှစ်သစ်ကူးမှာ လစာတိုးတော့မယ်

.ဒီဇင်ဘာ ၂၅၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)Friday, December 25, 2009 ပြည်နယ် ၇၁ ပြည်နယ်ကအလုပ်သမားတွေအတွက် နေ့တွက်အနိမ့်ဆုံးလုပ်ခတိုးပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အနိမ့်ဆုံးလုပ်ခကော် မတီက သဘောတူလိုက်ပြီလို့ သောကြာနေ့က ကော်မတီအတွင်းရေးမှူး Somchai Chumrat က ပြောပါတယ်။ အစည်းအဝေးဆုံး ဖြတ်ချက်တွေ လက်မှတ်ထိုးဖို့အတွက်အလုပ်သမားဝန်ကြီး Paitoon Kaewthong ဆီ အင်္ဂါနေ့မှာ တင်သွင်းပါမယ်။ အလုပ်သမားတွေ အတွက် နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဇန်န၀ါရီလ ၁ရက်နေ့မှာ အနိမ့်ဆုံးလုပ်ခသစ်ကို စတင်ထုတ်ပေးမှာ ဖြစ်ပါတယ်။

.အနိမ့်ဆုံးလုပ်ခသစ်တွေကတော့ ဘန်ကောက်နဲ့ဆွတ်ပရခန်းဒေသမှာ တရက်ကို ၂၀၆ ဘတ်၊ ချင်းမိုင်းမှာ ၁၇၁ ဘတ်၊ ဖူးခက်မှာ ၂၀၄ဘတ်၊ အယုဒ္ဓယမှာ ၁၈၁ ဘတ်၊ ခွန်ခေးန်မှာ ၁၅၇ ဘတ်၊ ရနောင်းမှာ ၁၅၇ ဘတ်နဲ့ ဆာရာဘူရီမှာ ၁၈၄ ဘတ် တို့ဖြစ်ပါတယ်။ မယ်ဟောင်စွန်၊ ဆူခိုထိုင်း၊ ချင်းရိုင်း၊ ပက်ချာဘွန်းနဲ့ဥထိုင်းဌာနီတို့မှာတော့ အနိမ့်ဆုံးလုပ်ခတွေ နဂိုအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

အမေရိကန်အလုပ်လက်မဲ့နှုန်း ၁၅ လအတွင်း လျော့လာ

.ဇင်ဘာ၂၄၊၂၀၀၉(ဘန်ကောက်ပို့စ်)Friday,December25,2009
အမေရိကန်မှာ ၂၀၀၈ ကတည်းကစလို့ရှိရင် အလုပ်လက်မဲ့ခံစားခွင့်တွေအတွက်နစ်နာကြေးပေးရမှုတွေဟာ အနိမ့်ဆုံး အဆင့်ထိ ကျ သွားတယ်ဆိုတာ အစိုးရစာရင်းဇယားတွေက ပြသနေပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့အဆုံးသတ် အပတ်အတွင်းမှာ ရာသီအလိုက်ထိန်းညှိပေးရတဲ့ ကနဦးနစ်နာကြေးပေးရသူဦးရေ က ၄၅၂,၀၀၀ ရှိပြီး၊ အရင်အပတ် ၄၈၀,၀၀၀ ရှိရာကနေ ၂၈,၀၀၀ လျော့ကျလာတာ ဖြစ်ပါတယ်။ လို့ အလုပ်သမား ဦးစီးဌာန အစီရင်ခံစာမှာ အစီရင်ခံထားပါတယ်။ စီးပွားရေးပညာရှင်အများစု ခန့်မှန်းထားတဲ့ ၄၇၀,၀၀၀ ထက် အရမ်း နည်းသွားပါတယ်။

.အပတ်စဉ်ကိန်းဂဏန်တွေထက် အတက်အကျနည်းတဲ့ညွှန်းကိန်းဖြစ်တဲ့ ၄ပတ်အတွင်းပျမ်းမျှစာရင်းက အရင်အပတ် တုန်းကရှိနေတဲ့ ပျမ်းမျှဦးရေ ၄၆၈,၀၀၀ကနေ ၄၆၅,၀၀၀ ထိ ကျသွားပါတယ်။ ဆယ်စုနှစ်အတွင်းအဆိုးဝါးဆုံးစီးပွား ဆုပ်ကပ်ကနေ ဆွဲထုတ်လိုက် နိုင်တဲ့အတွက် အကြမ်းတမ်းဆုံး အလုပ်ဖြုတ်ခံရတဲ့ ကိန်းဂဏန်းတွေကနေ လျော့ကျလာနေပါတယ်။ အလုပ်လက်မဲ့ခံစားခွင့်ရနေတဲ့ စုစုပေါင်းအမေရိကန် အရေအတွက်ဟာလည်း လျော့ကျလာပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နောက်ဆုံးသတ် အပတ်အတွင်း ရာသီအလိုက်ထိန်းညှိပြီး အာမခံကြေးပေးထားရတဲ့ အလုပ်လက်မဲ့ အရေအ တွက်ဟာ ၅.၀၇၆ သန်း ဖြစ်ပြီး အရင်အပတ်ကရှိတဲ့ ၅.၂၀၃ သန်းထက် ၁၂၇,၀၀၀ လျော့ကျလာတယ်လို့ အလုပ်သမားဦးစီးဌာန ကိန်းဂဏန်းတွေက ပြဆိုနေပါတယ်။

နစ်နာကြေးပေးရမှုတွေ လျော့ကျနေပေမဲ့လည်း အလုပ်လက်မဲ့ဖြစ်မှုတွေဟာ အဓိကပြဿနာအဖြစ် ဆက်ရှိနေတုန်းပဲလို့ အကဲခတ် တွေက သတိထား ပြောဆိုကြပါတယ်။ အလုပ်အကိုင်ဆုံးရှုံးမှုအရေအတွက်ဟာ ၁၁,၀၀၀ ထိ လျော့လာတာနဲ့ အလုပ်လက်မဲ့နှုန်း ထားတွေ ၁၀% ထိ ထိုးကျလာတာတွေကြောင့် နိုဝင်ဘာလမှာ သိသိသာသာ တိုးတက်မှုရှိတယ်ဆိုတာ အမေရိကန် လုပ်သားဈေး ကွက်က သက်သေပြနေတယ် လို့ အစိုးရက ဆိုပါတယ်။

တတိယ ၃ လပတ်မှာ အမေရိကန်စီးပွားရေး ၂.၂% တိုးတက်လာပြီး စတုတ္ထ၃လပတ်မှာဆို လုံးဝပြောင်းသွားမှာ ဖြစ်တယ်။ အလုပ် လက်မဲ့နှုန်းထား မြင့်တက်နေမှုက စီးပွားရေနာလန်ထူမှုကို ပျက်စီးစေနိုင်ပြီး စားသုံးသူတွေရဲ့ဝင်ငွေကို ကန့်သတ်ထားပြီး ယုံကြည် မှုနဲ့သုံးစွဲမှုကို ထိခိုက်နစ်နာစေပါတယ်လို့ စီးပွားရေးပညာရှင်အများစုက ငြင်းခုံ ပြောဆိုကြပါတယ်။
နေ့သစ် http://www.naytthit.com
အပြည့်အစုံသို့ >>

လူကုန်ကူးမှု တိုက်ဖျက်ရေး သီချင်း FM များတွင် ထုတ်လွှင့်ရန် စီစဉ်နေ

.ဆလိုင်းဟံသာစန်း | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၄၅ မိနစ် နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေး သီချင်းကို ပြည်တွင်း FM လိုင်းများ၌ လာမည့် နှစ်ဆန်းတွင် ထုတ်လွှင့်ရန် စီစဉ်နေကြောင်း ရန်ကုန်ရှိ မဲခေါင်မြစ်ဝှမ်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ UNIAP က ယနေ့ ပြောသည်။

“လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် သီချင်းတပုဒ် စီစဉ်နေပါတယ်။ တေးရေး သြရသနဲ့ ပူးပေါင်း စီစဉ်နေတာပါ။ လူကုန်ကူးမှု တိုက်ဖျက်တာက တခြားဟာနဲ့ မတူဘူး။ ဒါက ပြစ်မှုဆိုတော့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ကျနော်တို့ အမြဲ ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု ကုလသမဂ္ဂ လက်အောက်ခံ UNIAP မှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

.'မေတ္တာမီးအိမ်' အမည်ရ သီချင်းကို တေးရေးသြရသက ရေးစပ်ပြီး ဟန်ထွန်း၊ ချမ်းချမ်း၊ ဇေယျ၊ မီနိုး၊ သြရသနှင့် နေနေ စသည့် တေးသံရှင်များက သီဆိုထားသည်။

ထို့ပြင် သီချင်းကို MTV အဖြစ် ဇေယျက ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးလျက် ရှိသည်။ MTV ကို လေဆိပ်၊ ဘူတာရုံ၊ အဝေးပြေးကား ရပ်နားရေး စခန်းများနှင့် အခြား လူစည်ကားရာ နေရာများတွင် လာမည့် ဇန်နဝါရီလအတွင်း ပြသနိုင်ရန် ရည်ရွယ်ထားကြောင်း UNIAP တာဝန်ရှိသူတဦးက ပြောကြားသည်ကို ယခုတပတ်ထုတ် ပြည်တွင်း သတင်းဂျာနယ် တစောင်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စနေနေ့က လူကုန်ကူးမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် MTV EXIT ကမ်ပိန်းအဖွဲ့ကလည်း ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် လူကုန်ကူးခံရသူများအကြောင်း မှတ်တမ်းတင် ရိုက်ကူးထားသည့် ဇာတ်ကား ပြသခဲ့ပြီး၊ အဆိုတော် ဖြူဖြူကျော်သိန်းကိုလည်း အဖွဲ့၏ သံအမတ်အဖြစ် ခန့်အပ်ခဲ့သေးသည်။

ဆီဒိုးနားတွင် ပြသခဲ့သော အဆိုပါ မှတ်တမ်းတင် ဇာတ်ကားကို မြဝတီ၊ MRTV-3၊ MRTV-4 စသည့် စစ်အစိုးရ ရုပ်မြင်သံကြား လိုင်းများတွင်ပါ ထုတ်လွှင့်ပြသရန် သဘောတူညီထားကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ ယခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် “၂၀၀၉ ခုနှစ် လူကုန်ကူးမှု - မြန်မာနိုင်ငံ'' ဆိုသည့် အစီရင်ခံစာတွင် ဖော်ပြထားသည့် လူကုန်ကူးမှု အဆိုးဝါးဆုံး ဖြစ်ပေါ်နေသည့် နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။

စစ်အစိုးရမှာ စီးပွားရေးအရ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန်နှင့် လုပ်အားပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် လူကုန်ကူးခြင်း ကိစ္စများကို ထိရောက်စွာ ကိုင်တွယ်ခြင်း မရှိဘဲ လူကုန်ကူးမှု ပပျောက်ရေးအတွက် လိုအပ်သော အနိမ့်ဆုံး အဆင့် ကြိုးပမ်း ဆောင်ရွက်မှုမျိုးကိုပင် ပြုလုပ်ခဲ့ခြင်း မရှိကြောင်း အစီရင်ခံစာက ဆိုသည်။

၂၀၀၈ ခုနှစ်အတွင်း တရုတ်၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျမေကာ စသည့် နိုင်ငံများက မြန်မာ စစ်အစိုးရထံသို့ လူကုန်ကူး ခံရသူပေါင်း ၆၈၆ ဦး ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း UNIAP ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ လူကုန်ကူးခံရသဖြင့် ပြန်ပို့ခံရသူများတွင် ထိုင်းနိုင်ငံမှ ၃၄၄ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ တရုတ်နိုင်ငံမှ ၂၈၃ ဦးဖြင့် ဒုတိယ အများဆုံး ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု လျော့ကျရေး လုပ်ဆောင်မည်ဆိုလျှင် အာဏာပိုင်များအကြား လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ နားလည်မှု ပိုမိုထားရှိရန်နှင့် လူကုန်ကူးမှုများကို ပူးပေါင်းဖော်ထုတ်ရန် လိုအပ်နေသည်ဟု UNIAP အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။ သို့မှသာ လူကုန်ကူး ခံရသူများအနေဖြင့် အကြောက်တရား ကင်းမဲ့စွာဖြင့် နေအိမ်များသို့ ပြန်နိုင်မည် ဖြစ်ကြောင်း ပြောဆိုထားသေးသည်။

စစ်အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လူကုန်ကူးမှု တိုက်ဖျက်ရေး ၅ နှစ် စီမံကိန်းအဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် ထုတ်ပြန် ပြောဆိုခဲ့သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ် စီမံကိန်း ရုပ်သိမ်းရန် ထိုင်းအစိုးရအားတောင်းဆို

.သတင်းနှင့် မီဒီယာကွန်ယက်၊ နွယ်လေး။ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၉ခုနှစ်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ပေးခြင်းကို ဖျက်သိမ်းပေးရန် ယနေ့ကျ ရောက်သော နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့တွင် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် အ ဖွဲ့အစည်းများက ထိုင်းအစိုးရထံ တောင်းဆိုလိုက်သည်။

အလုပ်သမားများ ကြုံတွေ့ရမည့် အခက်အခဲများနှင့် ပတ်သက်၍ ချင်းမိုင်အခြေစိုက် အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသည့် Map Foundation အဖွဲ့မှ တာဝန်ရှိသူ နာမီးရှဲက ယခုလိုပြောသည်။

.“သူတို့တော်တော်စိတ်ဆင်းရဲနေရတယ်။ မှတ်ပုံတင် နံပါတ်အစစ် ရေးလို့သူတို့သွားရှာတဲ့ခါ ကျန်မိ သားစုလုံခြုံရေးအတွက် စိုးရိမ်တယ်။ အခွန်ကောက်မယ် ကြားတယ်။ အဲလို အချက်အလက်မရှင်း လင်းဘူး။ တချို့က မြန်မာ မှတ်ပုံတင်မရှိတော့ သွားလုပ်လို့ မရဘူး။”

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် လာမည့်ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ကို နောက်ဆုံး ရက် အဖြစ် သတ်မှတ် ထားခြင်းနှင့် ပြုလုပ်ခြင်းမရှိပါက ထိုင်းဥပဒေအရ ရွှေ့ပြောင်း အလုပ်သမားများ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်မရှိပဲ နှင်ထုတ်ခြင်းခံရမည့် အလုပ်သမားများ ရင်ဆိုင်ရမည့် အခက်အခဲ များကြောင့် အချိန်မကန့်သတ်ရန် တောင်းဆို ထားသည်ဟု ၎င်းက ယခုလိုဆက်ပြောသည်။

“နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ပတ်သက်ပြီး ခုထိရှင်းလင်းတဲ့ အဖြေ information ကောင်းကောင်း မ ရသေးဘူး။ မြန်မာပြည်သား အလုပ်သမား တသန်း ကျော်လောက်ရှိနေတယ်။ ရတာမှာ တသောင်း လောက်ပဲရသေးတယ်။ ဘယ်လိုဖြစ် လာမယ်ဆိုတာ မသိသေး ဘူးပေါ့နော်။”

ဘာသာစကားအခက်ခဲကြောင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းရာတွင်မှားယွင်းမှု၊ နှောင့်နှေးမှု များရှိသည့် အပြင် ထိုင်းအလုပ်ရှင်များမှ ပူးပေါင်းပါဝင်မှုမရှိခြင်း၊ နယ်စပ်သို့ သွားရာလမ်းတွင် ဖမ်းဆီးခံရခြင်း စသည့် အ ခက်ခဲများကိုလည်း မြန်မာရွှေ့ပြောင်းအလုပ် သမားများ ရင်ဆိုင်နေကြရသည်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င်အလုပ်သမားများအား ထိုင်းအစိုးရမှ ကျန်းမာရေးဆေးကုခွင့် တာဝန်မယူနိုင်ခြင်း အပေါ် ထိုင်းလူမျိုးနှင့် တန်းတူဆေးကုသခွင့်ရရှိရန် ကျန်းမာရေးဌာနများမှတာဝန်ယူပေးရန် ထည့်သွင်းတောင်း ဆို ထားသည်။

ယနေ့ချင်းမိုင်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမား အခမ်းအနားသို့ ထိုင်းတာဝန်ရှိများ နှင့်အတူ အခြားအလုပ်သမား ကိုယ်စားလှယ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ တက်ရောက်ပြီး ဖျော်ဖြေပွဲနှင့် အလုပ်သမားဆိုင်ရာ အခွင့်အရေး အချက်အလက်များကို ဟောပြောသွားမည်။
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ချင်းမိုင်နှင့် ဖူးခက်မြို့တို့တွင်ယနေ့ ပြုလုပ်ပြီး မနက်ဖြန်တွင် ဘန် ကောက် နှင့်မဲဆောက်တို့၌ အခမ်းနားကျင်းပမည်ဖြစ်သည်။
အပြည့်အစုံသို့ >>

ကြက်သားစက်ရုံမှ မြန်မာအလုပ်သမား ၅၀၀၀ ခန့်ဆန္ဒပြ

Type your summary here.သတင်းနှင့်မီဒီဟာ ကွန်ယက်။ ဇော်ကြီး။ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံ၊ ရတ်ခ်ျဘူရီခရိုင် စမုန်ဒေါ ရှိ SAHA FARM Co.Ltd (99) ကြက်သားစက်ရုံတွင် အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရသဖြင့် ယနေ့နံနက်၌ မြန်မာအလုပ်သမား ၅၀၀၀ ခန့် အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြသည်။

စက်ရုံမှူးနှင့် အလုပ်သမားခေါင်းဆောင်များက အလုပ်သမားအပေါ် အနိုင်ကျင့်မှု၊ အခွင့်အရေးချိုးဖောက်နေမှု များကို အလုပ်ရှင်မှ ဖြေရှင်းပေးနိုင်ရန် ဆန္ဒပြတောင်းဆိုကြသည်ဟု စက်ရုံလုပ်သား ကိုထွန်းထွန်းက ယခုလို ပြောသည်။


Type the rest of your post here.“ဖိနှိပ်မှုတွေတအားများလွန်းတယ်။ ၀ဏ္ဏ(အလုပ်သမားခေါင်းဆောင်)တွေက အထဲမှာ ကြမ်းကြုပ်တဲ့ စကားတွေနဲ့ အတင်းဆဲဆိုပြီးခိုင်းတယ်။ အဲဒီဒဏ်တွေကို ကျနော်တို့ မြန်မာ ပြည်အလုပ်သမား လေး ထောင်ကျော် ငါးထောင်လောက်က မခံမရပ်နိုင်ဖြစ်နေကြတာ။ အဲတာနဲ့ ၁၈ ရက်နေ့ မှာ ဆန္ဒပြကြ မယ်ဆိုပြီး ဒီနေ့မှာကျတော့ တစ်ယောက်မှအလုပ် မဆင်းကြတော့ဘူး။ ဒါပေမယ့် အကြမ်းမဖက် အောင်တော့ ကျနော်တို့တတ်နိုင်သလောက် ထိန်းထားတယ်။”

စက်ရုံရှိ အလုပ်သမားများသည် တနေ့အလုပ်ချိန် ၈နာရီထက်ပို၍လုပ်ရခြင်း၊အချိန်ပိုလုပ်အားခ(OT)ကို တိကျစွာ သတ်မှတ်ပေးမှုမရှိခြင်း၊ ကျန်းမာရေးအရ အနားယူခွင့် မရခြင်း၊ ရရှိသည့်လစာထဲမှ အကြောင်းအမျိုးမျိုးပြ၍ ဖြတ် တောက်ခံရခြင်း စသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရသည်။

ထို့အပြင် အလုပ်ခေါင်းများမှ အလုပ်သမားများအပေါ် လူမျိုးရေးအရ ခွဲခြားဆက်ဆံမှု များရှိသလို အလုပ်သမား ထုအတွင်း တန်းတူညီမျှသည့်အခွင့်အရေး မရရှိဟု ကိုထွန်းထွန်း က ဆက်ပြောသည်။

“ရှမ်း(ထိုင်း)တွေကျတော့အလုပ်ချိန်က ၈နာရီပဲဆင်းရတယ်။ ကျနော်တို့ကိုကျတော့ အလုပ်ချိန်က ၁၁ နာရီခွဲလောက် ဖြစ်နေတယ်ပေါ့နော်။ နောက်တချက်ကကျတော့ အလုပ်သမား ချင်းအတူတူ ရှမ်းတွေ ကိုကျတော့ လစာပိုပေးပြီးတော့ ကျနော်တို့ကိုကျတော့ ၄၅၀၀ ကနေစပေးတယ်။”

အလုပ်သမားများအနေနှင့် ဆုံးရှုံးနေရသည့် အခွင့်အရေးများမရမချင်း ဆက်လက်၍ ဆန္ဒပြတောင်းဆိုသွားမည် ဟု ဆန္ဒပြဦးဆောင်အဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့လိုချင်တဲ့ အခွင့်အရေးတွေ မပေးဘူးဆိုလို့ရှိရင် ကျနော်တို့ဖက်ကလည်း နောက်နေ့အထိ အလုပ်မဆင်းဖို့ ဆုံးဖြတ်ထားတယ်။”

နောက်ဆုံး သတင်းအခြေအနေကို စုံစမ်းသိရှိရသည်မှာ နေ့လည်ပိုင်း၌ အလုပ်ရှင် လာရောက်ညှိနိုင်းခဲ့ပြီး တနေ့ လျှင် အလုပ်ချိန် ၈ နာရီသတ်မှတ်ရန်၊ အချိန်ပိုလုပ်အားခ တနာရီ ဘတ်(၃၀)ပေးရန်၊ အလုပ်သမား လက်မှတ်ရရှိပြီးသူများ လက်မှတ်ကိုင်ဆောင် ခွင့်ပြုရန်၊ အစိုးရအားလပ်ရက်များတွင် စက်ရုံပိတ်ပေးရန်၊ ယာယီ နိုင်ငံကူး လက်မှတ်အား နောက်ဆုံးအချိန်အထိစောင့်ပြီးလုပ်ခွင့်ပြုရန် စသည့် အလုပ်သမားတောင်းဆိုသည့် အ ချက်များကို စက်ရုံပိုင်ရှင် က သဘောတူခဲ့သည်။

ထို့အပြင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်မှ အတင်းအကြပ် ဖိအားမပေးရန်နှင့် မဖြစ်မနေ လုပ်ရမည်ဆိုပါက လုပ်ကြမည်ဟု အလုပ်သမားများ ဖက်မှလည်း ဂတိပေးခဲ့ကြသည်။

ယင်းစက်ရုံနှင့် ကုမ္ပဏီတစ်ခုတည်း ဖြစ်သည့် ဘန်ကောက်မြို့အနီး လုဘူရီမြို့ပြင်ရှိ SAHA FARM Co.Ltd (88)စက်ရုံ၌ ယခုလ ၉ ရက်နေ့က အလုပ်ရှင်နှင့် အလုပ်သမားများကြား ယာယီပတ်စပို့စ်ပြုလုပ် သည့်ကိစ္စနှင့် ပတ်သက်၍ ပြဿနာဖြစ်ပွားခဲ့သေးသည်။

အဆိုပါစက်ရုံသည် တနေ့လျှင် ကြက်အကောင်ရေ နှစ်သိန်းခွဲခန့်ကုန်ချောထုတ်လုပ်ကာ နိုင်ငံခြားသို့ တင်ပို့ လျှက်ရှိပြီး မြန်မာအလုပ်သမား ငါးထောင်ခန့်ရှိသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP