Monday, 21 December 2009

ချင်းမိုင်ရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးတောင်းဆို

သောကြာနေ့၊ 18 ဒီဇင်ဘာလ 2009
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့၌ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား များအဖွဲ့က ‘အခွင့်အရေး လစ်ဟင်းနေသူများအတွက်’ အခွင့်အရေးဆိုင်ရာ အချက်လက်များတင်ပြတောင်းဆိုခဲ့သည်ဟု သိရပါသည်။ 

“ကျနော်တို့တောင်းဆိုတာက အချက် ၄-၅ ချက်ပါတယ်။ အဓိကကတော့ ကာရာအိုကေဆိုင်၊ ညဘက်စားသောက်ဆိုင် တွေ အိမ်ဖေါ်တွေအတွက် ၀င်ငွေနည်းပြီး အလုပ်ချိန်အကန့်အသတ်မဲ့ အမျိုးသမီးတွေအတွက် အဓိကပေါ့” - ဟု သျှမ်းရွေ့ ပြောင်းအလုပ်သမား WSA (Worker Solidarity Association) အဖွဲ့ ဥက္ကဌ စိုင်းဇွမ် က ပြောပါသည်။


ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဗုဒ္ဓဆထန်တွင် ကျင်းပသည့် နိုင်ငံတကာရွှေ့ပြောင်းအလုပ် သမား များနေ့အခမ်းအနား၌ ၁၅း၀၀ နာရီအချိန် ချင်းမိုင်ခရိုင် ဒု- အုပ်ချုပ်ရေးမှူးက တက်ရောက်အဖွင့်အမှာ စကား ပြောကြားပြီး အလုပ်သမားအဖွဲ့အသီးသီးကလည်း မိမိအဖွဲ့အစည်းတောင်းဆိုမှုများ တင်ပြခဲ့၏။ အခမ်းအနားကို ၁၉း၀၀ နာရီအထိ ကျင်းပခဲ့ကြောင်းလည်း သိရပါသည်။

ချင်းမိုင်ခရိုင်ဒုတိယ အုပ်ချုပ်ရေးမှူးကလည်း အလုပ်သမား နှင့် အလုပ်ရှင်ဟူသည်မှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန် အလှန်အားထားနေရကြောင်း၊ “ရွှေ့ပြောင်းအလုပ်သမားတွေမရှိရင် ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှာ ထင်တဲ့ အ တိုင်း လွယ်မှာမဟုတ်ဘူး၊ ထိုင်းတွေ လုပ်အားခ တနေ့ဘတ်ငွေ ၂၀၀ ရရင် ရွှေ့ပြောင်းအလုပ်သမားတွေကိုလဲ ရစေလို တယ်၊ တန်းတူအခွင့်အရေးရအောင် အတတ်နိုင်ဆုံးကူညီပံ့ပိုးသွားပါ့မယ်” ဟု အားပေးစကားပြောကြား သွားပါသည်။ ရွှေ့ပြောင်းအလုပ်သမားများ တင်ပြတောင်းဆိုခဲ့သည့် အချက်များမှာ -

၁။ စားသောက်ဆိုင်၊ နိုက်ကလပ်၊ အိမ်ဖေါ် အစရှိ သောအလုပ်သမများအတွက် ထိုင်းနိုင်ငံသားနည်းတူ တန်းတူလုပ်အားခ နှင့် အလုပ်ချိန်အကန့်အသတ်/နားရက်ရရှိရေး။

၂။ ချင်းမိုင်တွင် အောက်ခြေအလုပ်သမားအတွက် သတ်မှတ်ထားသော တနေ့လုပ်အားခ ၁၆၈ ဘတ် အပြည့်အ၀ ရရှိရေး။

၃။ အလုပ်ရှင် နှင့် အလုပ်သမား ရေရှည်ဒွန်တွဲအလုပ် လုပ်နိုင်ရန် ရွှေ့ပြောင်းအလုပ်သမားများအတွက် တည်တန့်သည့် ဥပဒေချမှတ်ရေး။

“ဘာလို့လဲဆိုတော့ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကို ထိန်းချုပ်မယ့် တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမယ်လို့ အမြဲပြောတယ်။ ဒီပြဿနာကို သူတို့ ဘယ်တော့မှ မဖြေရှင်းနိုင်ဘူး။ မဖြေရှင်းနိုင်လဲ ရေရှည်ဘာလုပ်မလဲ၊ အစိုးရ အသစ်ပြောင်းရင်တောင်မှ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်း ဥပဒေ မပြောင်းဖို့ပေါ့”

၎။ ယာယီ နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် တိကျတဲ့ ကုန်ကျမှုသတ်မှတ်ပေးရန်။

“အခုအခြေအနေက ပွဲစားတွေဘဲ ပွတယ်လေ။ အလုပ်သမားတွေ ဒုက္ခရောက်တယ်။ အချို့က ၈ ထောင် လောက်ကုန်ပြီး တချို့ကလဲ သောင်းချီကုန်လဲ မရဘူး။ အဲ့ကိစ္စအပေါ် ပိုအဆင်ပြေအောင် ဆောင်ရွက်ဖို့ပေါ့ဗျာ”

၅။ ဖိဆွတ်ဆန်ချတ်ခေါ် လာရင်း နိုင်ငံသားဖြစ်ကြောင်းသက်သေပြရန် လျှောက်လွှာတင်ခိုင်းသည့် ကိစ္စတွင်လည်း လျှောက်၍ အောင်သည့်သူများ (ယာယီနိုင်ငံကူးလက်မှတ်လုပ်ခွင့်ရမည်သူများ) နှင့် သွားမလျှောက်သူများ (လာရင်းနိုင်ငံ ပြန် ပို့ခံရမည့်သူများ) အတွက် စည်းမျဉ်းချထားသော်လည်း - “လျှောက်လွှာတင်ပြီး မအောင်တဲ့သူတွေအတွက်ဘာဆက် လုပ်မလဲ၊ သူတို့အတွက် တိကျတဲ့အနာဂတ်ရှိအောင် ဖေါ်ပြထားသင့်တယ်။ လျှောက်လွှာတင်ပြီး မအောင် လို့ဘာလုပ်ရ မှန်းမသိဘဲ ပြန်သွားတဲ့သူအများကြီး၊ ဟိုမှာဘဲ ဒုက္ခ ရောက်တာပေါ့ဗျာ” - ဟု စိုင်းဇွမ် ကပင် သျှမ်းသံတော်ဆင့် သို့ ရှင်းပြပါသည်။


ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သည့် လော ၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံသား အလုပ်သမား သန်းချီ ရှိ၏။ ၎င်းင်းတို့ အနက် မြန်မာနိုင်ငံသားမှာ အများဆုံးဖြစ်ကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးကိစ္စမှာလည်း လော နှင့် ကမ္ဘောဒီးယားတို့က ၂၀၀၆ ကတည်းက အောင်မြင်သွားပြီး မြန်မာအလုပ်သမားများမှာမူ အနာဂတ်အတွက် စိုးရိမ်နေရဆဲ ဖြစ်ကြောင်းညည်းတွားနေကြသည်။
အပြည့်အစုံသို့ >>

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုချက်အားလုံး ရ

စိုးမိုး/ ၁၈ ဒီဇင်ဘာ ၂၀၀၉

ထိုင်းနိုင်ငံ ပတ်ခ်ျဘူရီခရိုင်၊ စမုန်ဒေါရှိ SAHA FARM Co.Ltd ကြက်သားထုတ်လုပ်ရေး စက်ရုံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅,၀၀၀) ခန့်က အလုပ်သမားအခွင့်အရေး တိုးမြှင့်ရရှိရေးအတွက် ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။ကျန်းမာရေးခွင့်ရက်ပင် ခံစားခွင့်မရှိဘဲ အလုပ်ချိန် တရက် (၁၂) နာရီ မနားတမ်း ခိုင်းစေမှု၊ အခြေခံလစာ အချိန်ပိုကြေး ခံစားခွင့် နည်းပါးမှုတို့ကို ပြင်ဆင်ပေးရန် အလုပ်ရှင်ထံ တောင်းဆိုကြခြင်းဖြစ်သည်။
“တကယ်လို့ လိုက်လျော ညှိနှိုင်းမပေးဘူးဆိုရင် အလုပ်မဆင်းဘဲ ဆန္ဒပြမယ်။ ဒီနေ့ ရွှေ့ပြောင်းအလုပ်သမားနေ့လည်း ဖြစ်တယ်။ ဒီနေ့လည်း ကျနော်တို့ အလုပ်မဆင်းဘူး” ဟု အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြသူ ကိုကျော်ကျော်က ပြောသည်။


လုပ်သားတဦးချင်း အခြေခံလစာ ထိုင်းဘတ် (၄,၅၀၀)၊ အလုပ်ချိန် တရက် (၁၂) နာရီ၊ အချိန်ပိုကြေးအတွက် တနာရီ ဘတ် (၂၀) သာရရှိသည့်အတွက် လုပ်သားတဦး တလ အမြင့်ဆုံးဝင်ငွေ ဘတ် (၄,၉၅၀) သာရရှိကြောင်း သိရသည်။မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်စေ့စပ် ညှိနှိုင်းပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) က ထိုင်းရှေ့နေများကောင်စီကို အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

“ထိုင်းရှေ့နေများ ကောင်စီကို အကြောင်းကြားထားတယ်။ အခု ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်ညှိနှိုင်းပေးဖို့ တိုက်တွန်း ထားပါတယ်” ဟု NCGUB ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောကြားသည်။

နံနက် (၇) နာရီခွဲမှ စတင်သည့်ဆန္ဒပြပွဲ ရလဒ်အဖြစ် နေ့လယ် (၁၁) နာရီတွင် စက်ရုံကြီးကြပ်သူများက နေ့စဉ် အလုပ်ချိန် (၁၂) နာရီမှ (၉) နာရီသို့ လျှော့ချပေးပြီး အချိန်ပိုအလုပ်ခကို တနာရီ ထိုင်းဘတ် (၃၀) ပေးမည်ဟု ကတိပြုလိုက်သော်လည်းအလုပ်သမားများဘက်က ဆက်လက်တောင်းဆိုမှုများကြောင့် မွန်းလွဲ (၁) နာရီခွဲတွင် မြန်မာ အလုပ်သမားများ၏ တောင်းဆိုချက် (၅) ခုလုံးကို လိုက်လျောပေးလိုက်ကြောင်း သိရသည်။

“အလုပ်ချိန် (၈) နာရီသတ်မှတ်ဖို့၊ သတ်မှတ်ချိန်ထက်ကျော်ရင် OT အနေနဲ့ တနာရီ ဘတ် (၃၀) ပေးဖို့၊ လက်မှတ်ရပြီးသား အလုပ်သမားတွေကို လက်မှတ် (ဘတ်) ပေးကိုင်ဖို့၊ အစိုးရအားလပ်ရက်တွေမှာ စက်ရုံပိတ်ပေးဖို့နဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို
နောက်ဆုံးအချိန်အထိ စောင့်ပြီး လုပ်ခွင့်ပြုဖို့ (ဖိအားအတင်းမပေးဖို့) မဖြစ်မနေလုပ်ရတော့မယ်ဆိုရင် လုပ်ကြပါမယ်ဆိုတဲ့ ကတိပေးကြတယ်” ဟု ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သူ အလုပ်သမားက အချက်(၅) ချက်ကို ပြောပြသည်။ယခု ကြက်သားထုတ်လုပ်ရေး စက်ရုံ၏ လုပ်ငန်းခွဲ စက်ရုံတခုတွင် ပြီးခဲ့သည့်လက ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပြီး စက်ရုံကြီးကြပ်သူများက တောင်းဆိုချက်များကို လိုက်လျောမည်ဆိုကာ ကတိပျက်ခဲ့မှုကြောင့် ယခုတကြိမ် ထပ်မံတောင်းဆိုကြခြင်းဖြစ်သည်။

“တကယ်လို့ သူတို့ ကတိထပ်ဖျက်မယ်ဆိုရင် တရားဥပဒေကြောင်းအရ တိုင်ချက်ဖွင့်လို့ ရပါတယ်” ဟု ကိုသက်ခိုင်က ပြောကြားသည်။

SAHA FARM Co.Ltd က ကြက်နှင့် ကြက်ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး တရက် ကြက်ကောင်ရေ (၅) သိန်းကို အဆင်သင့် စားသောက်ကုန်အဆင့်အထိ ကုန်ချောထုတ်လုပ်နေသည်။
အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ် စီမံကိန်း ရုပ်သိမ်းရန် ထိုင်းအစိုးရအားတောင်းဆို

နွယ်လေး၊ ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၉ခုနှစ်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ပေးခြင်းကို ဖျက်သိမ်းပေးရန် ယနေ့ကျ ရောက်သော နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့တွင် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် အ ဖွဲ့အစည်းများက ထိုင်းအစိုးရထံ တောင်းဆိုလိုက်သည်။  
အလုပ်သမားများ ကြုံတွေ့ရမည့် အခက်အခဲများနှင့် ပတ်သက်၍ ချင်းမိုင်အခြေစိုက် အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသည့် Map Foundation အဖွဲ့မှ တာဝန်ရှိသူ နာမီးရှဲက ယခုလိုပြောသည်။



“သူတို့တော်တော်စိတ်ဆင်းရဲနေရတယ်။ မှတ်ပုံတင် နံပါတ်အစစ် ရေးလို့သူတို့သွားရှာတဲ့ခါ ကျန်မိ သားစုလုံခြုံရေးအတွက် စိုးရိမ်တယ်။ အခွန်ကောက်မယ် ကြားတယ်။ အဲလို အချက်အလက်မရှင်း လင်းဘူး။ တချို့က မြန်မာ မှတ်ပုံတင်မရှိတော့ သွားလုပ်လို့ မရဘူး။”
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် လာမည့်ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ကို နောက်ဆုံး ရက် အဖြစ် သတ်မှတ် ထားခြင်းနှင့် ပြုလုပ်ခြင်းမရှိပါက ထိုင်းဥပဒေအရ ရွှေ့ပြောင်း အလုပ်သမားများ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်မရှိပဲ နှင်ထုတ်ခြင်းခံရမည့် အလုပ်သမားများ ရင်ဆိုင်ရမည့် အခက်အခဲ များကြောင့် အချိန်မကန့်သတ်ရန် တောင်းဆို ထားသည်ဟု ၎င်းက ယခုလိုဆက်ပြောသည်။

“နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ပတ်သက်ပြီး ခုထိရှင်းလင်းတဲ့ အဖြေ information ကောင်းကောင်း မ ရသေးဘူး။ မြန်မာပြည်သား အလုပ်သမား တသန်း ကျော်လောက်ရှိနေတယ်။ ရတာမှာ တသောင်း လောက်ပဲရသေးတယ်။ ဘယ်လိုဖြစ် လာမယ်ဆိုတာ မသိသေး ဘူးပေါ့နော်။”
ဘာသာစကားအခက်ခဲကြောင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းရာတွင်မှားယွင်းမှု၊ နှောင့်နှေးမှု များရှိသည့် အပြင် ထိုင်းအလုပ်ရှင်များမှ ပူးပေါင်းပါဝင်မှုမရှိခြင်း၊ နယ်စပ်သို့ သွားရာလမ်းတွင် ဖမ်းဆီးခံရခြင်း စသည့် အ ခက်ခဲများကိုလည်း မြန်မာရွှေ့ပြောင်းအလုပ် သမားများ ရင်ဆိုင်နေကြရသည်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င်အလုပ်သမားများအား ထိုင်းအစိုးရမှ ကျန်းမာရေးဆေးကုခွင့် တာဝန်မယူနိုင်ခြင်း အပေါ် ထိုင်းလူမျိုးနှင့် တန်းတူဆေးကုသခွင့်ရရှိရန် ကျန်းမာရေးဌာနများမှတာဝန်ယူပေးရန် ထည့်သွင်းတောင်း ဆို ထားသည်။ ယနေ့ချင်းမိုင်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမား အခမ်းအနားသို့ ထိုင်းတာဝန်ရှိများ နှင့်အတူ အခြားအလုပ်သမား ကိုယ်စားလှယ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ တက်ရောက်ပြီး ဖျော်ဖြေပွဲနှင့် အလုပ်သမားဆိုင်ရာ အခွင့်အရေး အချက်အလက်များကို ဟောပြောသွားမည်။
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ချင်းမိုင်နှင့် ဖူးခက်မြို့တို့တွင်ယနေ့ ပြုလုပ်ပြီး မနက်ဖြန်တွင် ဘန် ကောက် နှင့်မဲဆောက်တို့၌ အခမ်းနားကျင်းပမည်ဖြစ်သည်။
အပြည့်အစုံသို့ >>

မြန်မာအလုပ်သမားများက ထိုင်းအစိုးရကို အခွင့်အရေးတောင်းဆို

Friday, 18 December 2009

ယနေ့ ကျရောက်သော နိုင်ငံတာကာ ရွှေ့ပြောင်း အလုပ်သမားနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် မြန်မာအလုပ်သမား ၄ဝဝ ခန့်က မရရှိသေးသော အလုပ်သမား အခွင့်အရေးများ အတွက် ထိုင်းအာဏာပိုင် တို့ကို တောင်းဆိုကြသည်။
“ကျမတို့က နိုင်ငံသား စိစစ်ရေးကပ် လုပ်ပေးတာနဲ့ ပတ်သက်ပြီး အဓိကထား တောင်းဆိုနေပါတယ်။ နိုင်ငံသား စိစစ်ရေး လုပ်ပေးတာကို ရပ်တန့်ပေးဖို့ ဒါမှမဟုတ် အချိန်ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတယ်။ နောက်တခုက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ တောင်းဆိုပါတယ်” ဟု အလုပ်သမားအရေး လုပ်ဆောင်နေသည့် အဖွဲ့တခုဖြစ်သည့် ချင်းမိုင်အခြေစိုက် Map ဖောင်ဒေးရှင်းမှ ကျန်းမာရေးဆိုင်ရာ တာဝန်ခံ နန်းမိရှီက ဧရာဝတီသို့ ပြောသည်။



ချင်းမိုင်မြို့ နဝရတ် တံတားအနီး ပြုလုပ်သည့် နိုင်ငံတာကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားတွင် အလုပ်သမားနှင့် ပတ်သက်သည့် ပညာပေး လက်ကမ်းစာစောင် များလည်း ဖြန့်ဝေသည်ကို တွေ့ရသည်။
ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားနေ့တွင် မြန်မာအလုပ်သမားတို့၏ ကလေးများကို မှတ်ပုံတင်ခွင့်ပေးသည့် အချိန်ကာလ တိုးမြှင့်ပေးရန် မြန်မာအလုပ်သမားများ ကိုယ်စား ပြည်ပရောက် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB)က ထိုင်းအစိုးရကို တောင်းဆိုထားသည်။

ထိုင်းအစိုးရက အလုပ်သမားများကို ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းသည် မူအရ ကောင်းသော်လည်း လက်တွေ့တွင် မအောင်မြင်သေးသောကြောင့် အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းတိုးရေးအတွက် စီစဉ်သင့်သည်ဟု NCGUB မှ အလုပ်သမားရေးရာ ၀န်ကြီး ဦးခွန်မြင့်ထွန်းက ဆိုသည်။ပြီးခဲ့သည့်လတွင် ထိုင်း NGO များနှင့် မြန်မာအလုပ်သမား အဖွဲ့ များ ပူးပေါင်းပြီး ထိုင်း အလုပ်သမား ၀န်ကြီးဌာနသို့ အကြံပြုစာတစောင် ပေးပို့ခဲ့ရာ မြန်မာရွှေ့ ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ နေရသည့် ယာယီနိုင်ငံကူး လက်မှတ်ဆိုင်ရာ အခက်အခဲများကို ဖော်ပြထားသည်။ ထို အကြံပြုစာကို ထိုင်းအစိုးရက အလေးအနက်ထား စဉ်းစားပေးရန်လည်း NCGUB က တောင်းဆိုထားသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မထိခိုက်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ အခွင့်အရေးကို တောင်းဆိုတတ်ရမယ်။ ညီညီညွတ်ညွတ်နဲ့ တောင်းဆိုဖို့၊ အားလုံး ၀ိုင်းဝန်းထောက်ခံပေးဖို့ လိုတယ်”ဟု သူက ဆက်ပြောသည်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာအလုပ်သမားများကလည်း နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားနေ့ အထိမ်းအမှတ် အဖြစ် လာမည့် တနင်္ဂနွေနေ့တွင် ၃ ကီလိုမီတာခန့် လမ်းလျှောက် ချီတက် ဆန္ဒပြမည် ဖြစ်သည်။လမ်းလျှောက်ပွဲတွင် ၎င်းတို့ မရရှိသေးသည့် အခွင့်အရေးများကို အဓိကထား တောင်းဆိုသွားမည်ဟု သိရသည်။

ထိုင်းရှေ့နေများကောင်စီ၊ တာ့ခ် ခရိုင် စက်မှုလုပ်ငန်းရှင်များ အသင်း၊ ကုန်သည်ကြီးများအသင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမား အကျိုးဆောင်အဖွဲ့များ နှင့် မြန်မာအလုပ်သမားများ စုစုပေါင်း အင်အား ၅ဝဝ ခန့် ပါဝင်မည်ဟု မြန်မာ ပြည်သူများ အရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ( JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဧရာဝတီကို ပြောသည်။ထိုင်းနိုင်ငံထဲတွင် မြန်မာပြည်သား အလုပ်သမားပေါင်း ၄သန်းခန့် ရှိသည်ဟု လေ့လာသူများက ဆိုသည်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းမြန်မာလုပ်သားများ ဆန္ဒပြပွဲရပ်

ဖနိဒါ၊ သောကြာနေ့၊ ဒီဇင်ဘာလ ၁၈ ရက် ၂၀၀၉ ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံရှိ ကြက်သားစက်ရုံတခုမှ မြန်မာလုပ်သားများက တရားဝင်အလုပ်ချိန် သတ်မှတ်ပေးရန်နှင့် အချိန်ပို လုပ်အားခ တိုးတောင်းသည်ကို အလုပ်ရှင်က သဘောတူသဖြင့် ဆန္ဒပြပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ ဘန်ကောက်မြို့ Pepchaburi ခရိုင် စမုန်ဒေါအရပ်ရှိ Sahafarm ကြက်သားစက်ရုံ၌ မြန်မာလုပ်သား ၄၀၀၀ ခန့်က ယနေ့ အလုပ်မဆင်းဘဲ နေခဲ့ကြသည်။
မွန်းလွဲ ၂ နာရီခန့်တွင် အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရန်၊ အချိန်ပိုကြေးကို တနာရီ ဘတ် ၂၀ မှ ၃၀ ဘတ်သို့ တိုးပေးရန် အပါအဝင် အချက် ၅ ချက်ကို အလုပ်ရှင်နှင့် အလုပ်သမားများအကြား သဘောတူခဲ့သည်။



“နေမကောင်းတာကို ဓါးနဲ့ ရိုက်တာတို့၊ နေမကောင်းသူကို ဆဲဆို ကြိမ်းမောင်းပြီးတော့ အတင်း လုပ်ခိုင်းတာတွေ၊ ဒဏ်ရာတွေပါ ပြတယ်။ ဝဏ္ဏ (အလုပ်ကြပ်) ကိုလဲ ဖယ်ရှားပေးပါ ဆိုတာတွေ လက်ခံသွားတယ်” ဟု ဆန္ဒပြသူ တဦးဖြစ်သော ကိုထွန်းထွန်းက မဇ္ဈိမကို ပြောသည်။
Sahafarm ကုမ္မဏီသည် တနေ့လျင် ကြက်အကောင်ရေ အနည်းဆုံး ၃ သိန်းခန့်အား အသင့်စားသုံး နိုင်သည်အထိ ပြုလုပ်ကာ ကိုးရီးယား၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်နိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိသည်။

သဘောတူညီချက်အရ ထိုင်းအစိုးရ ရုံးပိတ်ရက်တွင် နားခွင့်ပြုခြင်း၊ အလုပ်လုပ်ခွင့် လက်မှတ် ပေးကိုင်ခြင်းနှင့် ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရန် အချိန်စောင့်ခွင့်ပြုတာတို့ ရရှိမှာဖြစ်သည်။
စက်ရုံရှိ မြန်မာလုပ်သားများသည် အချိန်ပိုကြေး အပါအဝင် တလ ၄၅၀၀ ဘတ်မှ ၅၂၀၀ ဘတ် အကြား ရရှိကြသည်။ ထိုင်းနိုင်ငံရှိ အလုပ်ရုံများတွင် ရွှေ့ပြောင်း မြန်မာလုပ်သားများအပေါ် လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ အလုပ်ချိန်ပိုခိုင်း ခြင်း၊ ထိုက်သင့်သည့် လျော်ကြေး မပေးခြင်းတို့ကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားလေ့ရှိကြောင်း အဝေးရောက် အမျိုးသား ညွန်ပေါင်းအစိုးရ၏ ရွှေ့ပြောင်း အလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က ပြောသည်။

“ကိုယ်တိုင်က ညီညီညွတ်ညွတ်နဲ့ တရားမျှတမှုရှိတဲ့ စနစ်တကျ တောင်းဆိုမှုတွေ ရှိမယ်ဆိုရင် မည်သည့် အလုပ်ရှင်ကမဆို မငြင်းပယ်နိုင်ပါဘူး။ သတ်မှတ် ပြဌာန်းထားတဲ့ တရားဥပဒေကို ရင်ဆိုင်ရမှာ မလွဲပါဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုင်းအလုပ်ရှင်များက အလုပ်သမား လက်မှတ် မလုပ်ပေးခြင်း၊ ကိုင်ဆောင်ခွင့် မပြုခြင်းတို့သည် ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သားများအကြား ကြုံတွေ့နေကျ ပြဿနာတခု ဖြစ်သည်။
အလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံရမှုမှ ကာကွယ်နိုင်ရန် ယာယီ နိုင်ငံကူး လက်မှတ်ထုတ် ပေးရန် စီစဉ်နေကြသော်လည်း ယခုအချိန်အထိ အရေအတွက် အနည်းငယ်သာ လုပ်ဆောင်ပြီးသေးသည်။
အပြည့်အစုံသို့ >>

ကြက်သားစက်ရုံမှ မြန်မာအလုပ်သမား ၅၀၀၀ ခန့်ဆန္ဒပြ

ဇော်ကြီး။ ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းနိုင်ငံ၊ ရတ်ခ်ျဘူရီခရိုင် စမုန်ဒေါ ရှိ SAHA FARM Co.Ltd (99) ကြက်သားစက်ရုံတွင် အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရသဖြင့် ယနေ့နံနက်၌ မြန်မာအလုပ်သမား ၅၀၀၀ ခန့် အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြသည်။ စက်ရုံမှူးနှင့် အလုပ်သမားခေါင်းဆောင်များက အလုပ်သမားအပေါ် အနိုင်ကျင့်မှု၊ အခွင့်အရေးချိုးဖောက်နေမှု များကို အလုပ်ရှင်မှ ဖြေရှင်းပေးနိုင်ရန် ဆန္ဒပြတောင်းဆိုကြသည်ဟု စက်ရုံလုပ်သား ကိုထွန်းထွန်းက ယခုလို ပြောသည်။
“ဖိနှိပ်မှုတွေတအားများလွန်းတယ်။ ၀ဏ္ဏ(အလုပ်သမားခေါင်းဆောင်)တွေက အထဲမှာ ကြမ်းကြုပ်တဲ့ စကားတွေနဲ့ အတင်းဆဲဆိုပြီးခိုင်းတယ်။ အဲဒီဒဏ်တွေကို ကျနော်တို့ မြန်မာ ပြည်အလုပ်သမား လေး ထောင်ကျော် ငါးထောင်လောက်က မခံမရပ်နိုင်ဖြစ်နေကြတာ။ အဲတာနဲ့ ၁၈ ရက်နေ့ မှာ ဆန္ဒပြကြ မယ်ဆိုပြီး ဒီနေ့မှာကျတော့ တစ်ယောက်မှအလုပ် မဆင်းကြတော့ဘူး။ ဒါပေမယ့် အကြမ်းမဖက် အောင်တော့ ကျနော်တို့တတ်နိုင်သလောက် ထိန်းထားတယ်။”



စက်ရုံရှိ အလုပ်သမားများသည် တနေ့အလုပ်ချိန် ၈နာရီထက်ပို၍လုပ်ရခြင်း၊အချိန်ပိုလုပ်အားခ(OT)ကို တိကျစွာ သတ်မှတ်ပေးမှုမရှိခြင်း၊ ကျန်းမာရေးအရ အနားယူခွင့် မရခြင်း၊ ရရှိသည့်လစာထဲမှ အကြောင်းအမျိုးမျိုးပြ၍ ဖြတ် တောက်ခံရခြင်း စသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရသည်။ ထို့အပြင် အလုပ်ခေါင်းများမှ အလုပ်သမားများအပေါ် လူမျိုးရေးအရ ခွဲခြားဆက်ဆံမှု များရှိသလို အလုပ်သမား ထုအတွင်း တန်းတူညီမျှသည့်အခွင့်အရေး မရရှိဟု ကိုထွန်းထွန်း က ဆက်ပြောသည်။

“ရှမ်း(ထိုင်း)တွေကျတော့အလုပ်ချိန်က ၈နာရီပဲဆင်းရတယ်။ ကျနော်တို့ကိုကျတော့ အလုပ်ချိန်က ၁၁ နာရီခွဲလောက် ဖြစ်နေတယ်ပေါ့နော်။ နောက်တချက်ကကျတော့ အလုပ်သမား ချင်းအတူတူ ရှမ်းတွေ ကိုကျတော့ လစာပိုပေးပြီးတော့ ကျနော်တို့ကိုကျတော့ ၄၅၀၀ ကနေစပေးတယ်။”

အလုပ်သမားများအနေနှင့် ဆုံးရှုံးနေရသည့် အခွင့်အရေးများမရမချင်း ဆက်လက်၍ ဆန္ဒပြတောင်းဆိုသွားမည် ဟု ဆန္ဒပြဦးဆောင်အဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့လိုချင်တဲ့ အခွင့်အရေးတွေ မပေးဘူးဆိုလို့ရှိရင် ကျနော်တို့ဖက်ကလည်း နောက်နေ့အထိ အလုပ်မဆင်းဖို့ ဆုံးဖြတ်ထားတယ်။”

နောက်ဆုံး သတင်းအခြေအနေကို စုံစမ်းသိရှိရသည်မှာ နေ့လည်ပိုင်း၌ အလုပ်ရှင် လာရောက်ညှိနိုင်းခဲ့ပြီး တနေ့ လျှင် အလုပ်ချိန် ၈ နာရီသတ်မှတ်ရန်၊ အချိန်ပိုလုပ်အားခ တနာရီ ဘတ်(၃၀)ပေးရန်၊ အလုပ်သမား လက်မှတ်ရရှိပြီးသူများ လက်မှတ်ကိုင်ဆောင် ခွင့်ပြုရန်၊ အစိုးရအားလပ်ရက်များတွင် စက်ရုံပိတ်ပေးရန်၊ ယာယီ နိုင်ငံကူး လက်မှတ်အား နောက်ဆုံးအချိန်အထိစောင့်ပြီးလုပ်ခွင့်ပြုရန် စသည့် အလုပ်သမားတောင်းဆိုသည့် အ ချက်များကို စက်ရုံပိုင်ရှင် က သဘောတူခဲ့သည်။
ထို့အပြင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်မှ အတင်းအကြပ် ဖိအားမပေးရန်နှင့် မဖြစ်မနေ လုပ်ရမည်ဆိုပါက လုပ်ကြမည်ဟု အလုပ်သမားများ ဖက်မှလည်း ဂတိပေးခဲ့ကြသည်။

ယင်းစက်ရုံနှင့် ကုမ္ပဏီတစ်ခုတည်း ဖြစ်သည့် ဘန်ကောက်မြို့အနီး လုဘူရီမြို့ပြင်ရှိ SAHA FARM Co.Ltd (88)စက်ရုံ၌ ယခုလ ၉ ရက်နေ့က အလုပ်ရှင်နှင့် အလုပ်သမားများကြား ယာယီပတ်စပို့စ်ပြုလုပ် သည့်ကိစ္စနှင့် ပတ်သက်၍ ပြဿနာဖြစ်ပွားခဲ့သေးသည်။
အဆိုပါစက်ရုံသည် တနေ့လျှင် ကြက်အကောင်ရေ နှစ်သိန်းခွဲခန့်ကုန်ချောထုတ်လုပ်ကာ နိုင်ငံခြားသို့ တင်ပို့ လျှက်ရှိပြီး မြန်မာအလုပ်သမား ငါးထောင်ခန့်ရှိသည်။
အပြည့်အစုံသို့ >>

Friday, 18 December 2009

ထိုင်းရောက် မြန်မာကလေးများ ကျောင်းနေခွင့် မသေချာ

Thursday, 17 December 2009 18:17 ဘစောတင်
ထိုင်းအစိုးရက လတ်တလော ပြုလုပ်ပေးနေသည့် နေထိုင်ခွင့် လက်မှတ်မရှိပါက ထိုင်းနိုင်ငံရှိ မြန်မာကလေး များသည် လာမည့် စာသင်နှစ်တွင် ပညာသင်ကြားခွင့် မရရှိနိုင်ကြောင်း သိရသည်။ ဒီဇင်ဘာလ (၁၈) ရက်နေ့ နောက်ဆုံးထား၍ ပြုလုပ်ပေးနေသော အဆိုပါ မြန်မာကလေးများ နေထိုင်ခွင့် လက်မှတ်ပြုလုပ်ရာတွင် အခက်အခဲများစွာ ကြုံရကြောင်းနှင့် လက်မှတ်ပြုလုပ်၍ မရသူများရှိကြောင်း ကလေး မိဘများ အပါအ၀င် ကျောင်းဆရာ ဆရာမ များက ပြောသည်။ ဒီဇင်ဘာ (၁၈) ရက်သည် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့ ဖြစ်သည်။
ထိုင်းနိုင်ငံ အတွင်းတွင် မြန်မာကလေးငယ် ၆ သိန်းခန့်ရှိကြောင်း၊ အများစုသည် နယ်စပ်ဒေသများတွင် နေထိုင်လျက် ရှိကြကြောင်း၊ နယ်စပ်မြို့ များဖြစ်သော ရနောင်းနှင့် မဲဆောက်မြို့များရှိ မြန်မာကလေးများသည် ထိုင်းကျောင်းနှင့် မြန်မာကျောင်းများတွင် ပညာသင်လျက် ရှိကြကြောင်း အာဏာပိုင်များ အဆိုအရ သိရသည်။ ယခု ပြုလုပ်နေသော အသက်(၅)နှစ်အထက်နှင့် (၁၅)နှစ်အောက် ကလေးငယ်များ နေထိုင်ခွင့်လက်မှတ် သည် လာမည့်နှစ်တွင် ဆက်လက် ပညာသင်ယူခွင့်အတွက်လည်း အရေးပါကြောင်း ထိုင်းနိုင်ငံ ရနောင်းမြို့ မှ ကျောင်းဆရာ ကိုဌေးကပြောဆိုသည်။


“ကျနော်တို့ မြို့ ပိုင်က ကျောင်းတွေ NGOs တွေကို ခေါ်ပြောတာကတော့ ဒီမှာရှိတဲ့ ကလေးတွေအားလုံး နေ ထိုင်ခွင့်လုပ်ရမယ်၊ နေထိုင်ခွင့်မလုပ်ရင် နောင်နှစ်တွေမှာ ထိုင်းကျောင်းဖြစ်ဖြစ် မြန်မာကျောင်းဖြစ်ဖြစ်စာသင် ခွင့်မရှိဘူး၊ ကျောင်းကလည်း လက်ခံခွင့်မရှိဘူး၊ နေထိုင်ခွင့်မရှိဘဲ ကျောင်းတက်တာကို စစ်ဆေးတွေ့ရှိရင် ဖမ်းပြီး ပြန်ပို့မယ် ပြောထားတယ်”ဟု ၎င်းက ပြောသည်။
ကလေးများသည် ယခင်က နေထိုင်ခွင့် လက်မှတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နီးစပ်ရာ မြန်မာကျောင်း များတွင် အခြေခံပညာ သင်ခန်းစာများကို သင်ကြားခွင့်ရခဲ့သည်ဟုလည်း ကိုဌေးက ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မှ ကျောင်းဆရာမ ဒေါ်ရွှေစင်ကလည်း“မနေ့က ကျမ ကလေးအတွက် လက်မှတ် သွားလုပ်တာ မရဘူး၊ ကလေးမှာ မဲဆောက်ဆေးရုံက ပေးထားတဲ့ ဆေးရုံလက်မှတ်ရယ်၊ ကျောင်းထောက်ခံစာရယ် ရှိပေမယ့်၊ ကျမတို့မှာက အလုပ်သမား လက်မှတ်ကို သက်တမ်းမတိုးထားတော့ မရဘူး”ဟု ပြော သည်။ ဒေါ်ရွှေစင်သည် မဲဆောက်မြို့ ထုံထောင်းအရပ်ရှိ မြန်မာနိုင်ငံ အလုပ်သမားများ သွေးစည်းညီညွတ်ရေး အဖွဲ့ (BLSO)က ဖွင့်လှစ်ထားသော ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဖြစ်သည်။

ကလေးမိဘအများစုသည် ဆေးရုံလက်မှတ်၊ ကျောင်းထောက်ခံစာနှင့် ရပ်ကွက်လူကြီး ထောက်ခံစာရှိလျှင် ယင်းနေထိုင်ခွင့် လက်မှတ်ပြုလုပ်၍ ရသည်ဟု ထင်မြင်ထားကြောင်း မဲဆောက်မြို့ မှ ကလေးမိဘ တဦးဖြစ်သူ ကိုအောင်ဒင် ကပြောသည်။ အသက်(၁၂) အရွယ် သမီးငယ် တဦး၏ ဖခင်ဖြစ်သူ ကိုအောင်ဒင်က“ကျနော့်မှာ ရုံးကတောင်းတဲ့ ထောက်ခံ စာတွေ အစုံပါတယ်၊ ဆေးရုံလက်မှတ် ကျောင်းထောက်ခံစာ လူကြီးထောက်ခံစာ အစုံပဲ၊ ဒါပေမယ့် မရဘူး” ဟု ပြောသည်။ ကိုအောင်ဒင်သည် ထိုင်းနိုင်ငံတွင် ဆယ်နှစ် နေခွင့်ရှိသောလက်မှတ် ရရှိထားသူဖြစ်သည်။

ထိုင်းနိုင်ငံ မဟာချိုင်ရှိ လူ့အခွင့်အရေးမြှင့်တင်ရေး ဖောင်ဒေးရှင်း (H.R.D.F)မှ ဦးစိန်ဌေးကမူ“အခုကိစ္စက လက်မှတ်ပြုလုပ်ပေးတဲ့ သူတွေဘက်ကလည်း သတင်း အချက်အလက်ကို ရှင်းရှင်းလင်းလင်း မပြောပြတာ ဖြစ်မယ်၊ ထိုင်းအာဏာပိုင်တွေ က ဆိုလိုတာက ၂၅၅၂ ခုနှစ် (ထိုင်း သက္ကရာဇ်)အတွက် အလုပ်သမားလက် မှတ် ရှိတဲ့ မိဘတွေရဲ့ ကလေးတွေကိုသာ လုပ်ပေးမယ်၊ အဲဒီလက်မှတ်မရှိရင် မလုပ်ပေးဘူးဆိုတာကို မိဘ တွေကို မရှင်းပြတော့ သတင်းထွက်တာက (၁၅)နှစ်အောက် မြန်မာကလေးတွေ အားလုံးလုပ်လို့ ရတယ်လို့ နားလည်သွားကြတာ ဖြစ်မယ်၊ ဒါကြောင့် ကလေးတွေရဲ့ မိဘတွေက သွားလုပ်တော့ မရတာဖြစ်မယ်”ဟုဆို သည်။
ထိုင်းအစိုးရက ထုတ်ပြန်ထားသော ကြေညာချက်တွင်“မှတ်ပုံတင်မည့် ကလေးသည် ထိုင်းနိုင်ငံသို့ ၂၀၀၉ ခုနှစ် ဇူလိုင်လ(၃၀)ရက် မတိုင်မီ ၀င် ရောက်လာသူ(သို့)မတိုင်မီ ထိုင်းနိုင်ငံ၌မွေးဖွားသော ကလေးဖြစ်ရမည်။ ကလေး မှတ်ပုံတင်ရာတွင် မိခင်(သို့)ဘခင်မှ ၄င်းတို့ ၏ လက်ရှိ ထော်ရော် ၃၈/ ၁ ပုံစံကို တပါတည်း ယူဆောင်လာရမည်”ဟု ပါရှိသည်။

ထို့ကြောင့် ၂၅၅၂ ခုနှစ် (၂၀၀၉ခုနှစ်) အတွက် အလုပ်သမားလက်မှတ် မလုပ်ထားသူများ၏ ကလေးငယ် များသည် နေထိုင်ခွင့်လက်မှတ် ရရှိရန် အခွင့်အရေးမရှိတော့ကြောင်း သိရသည်။ မဲဆောက်မြို့ ပါရမီမူလတန်းကျောင်းမှ ဆရာမ ဒေါ်လဲ့လဲ့ဝင်းကလည်း“ကျမတို့ ကျောင်းက က လေး အယောက် ၂၀ သွားလုပ်တာ ၈ ယောက်ပဲ ရလာတယ်”ဟုပြောသည်။ ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ သန်းခွဲနှင့် အထက်ရှိမည်ဟု အလုပ်သမားအရေးဆောင် ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုကြသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP