Monday, 2 November 2009

အရုပ်ကလေးရဲ့ မေမေ

ကိုဈာန်

ညနေမှောင်ရီပျိုးချိန် ပုဇွန်ဆီရောင်သန်းနေတဲ့ နေလုံးကြီးက လယ်ကွင်းပြင်စိမ်းစိမ်းတွေထဲကို တိုးဝင် ပျောက်ကွယ်တော့ မည်။ ညနေတိုင်း ညနေတိုင်းမှာ လယ်တဲထဲက နေပြီး နေ၀င်တာကို ထိုင်ထိုင်ပြီး ငေးရတာ လွမ်းသလိုလို ဆွေးသလိုလိုပင်။ ကိုယ့်မြေ ကိုယ့်မွေးရပ်ကို တမ်းတနေမိသည်။

ပုခက်ပေါ်က အင့်ခနဲ့ ကလေး ငိုသံကြားတော့ အတွေးစများ ပြတ်တောက်သွားခဲ့သည်။ ညနေပိုင်း ဆောင်းရာသီဥတုက အေးစပြုလာပြီ။ ကလေးကို ရင်ခွင်ထဲပွေ့ပိုက် နို့တိုက်ပြီး ဘေးနားရှိ ဖျင်ကြမ်း စောင်တထည်ကိုပါ ကောက်ခြုံလိုက်လေသည်။ အနီးအနားက လယ်တဲတွေစီက မီးရောင်တွေကို မြင်နေရပြီ။ မနေ့ကလက်ကျန် ဖယောင်းတိုင် အတိုလေးကို ထွန်းညှိလိုက်သည်။ မိမိရင်ခွင်ထဲက အငမ်းမရ နို့စို့နေတဲ့ သားလေးကို ကြည့်ပြီး ရင်ထဲ အေးမြသွားလေသည်။ တနေ့တာ ပင်ပန်းမှုတွေ ကွယ်ပျောက်သွားသလိုပင်။ သားလေးမှာ နို့စို့ရင်း လက်လေးနှစ်ဖက် မိမိရင်ဘက်ကို ပုတ်ပုတ်ပြီး ဆော့ကစားရင်း အိပ်ပျော်သွားပေသည်။

ညနေစာ… ဒီညအဖို့တော့ ကန်ဇွန်းရွက်ပြုတ်ရည်ပဲ သောက်ပြီးအိပ်တော့မည်။ ဒီနေ့ကောက်ရိတ်ခကို သူဌေးက မနက်ဖြန်မှ ပေါင်းရှင်းမည်ပြောသဖြင့် ညနေကတည်းက လယ်ကွင်းထဲမှာ ကန်ဇွန်းရွက်များကို ခူးခဲ့သည်။ သစ်ကိုင်းခေါက် သုံးလေးချောင်းကောက်ပြီး ကန်ဇွန်းရွက်ပြုတ်ထားရသည်။ ပိုပိုလိုလို ပိုက်ဆံဘတ် ၂၀ လောက်ကို ခြေဆောင့် လက်ဆောင့်ထားထားရမည်။ ဆန် ၀ယ်မစားရဲပေ။

ကန်ဇွန်းရွက်ပြုတ်ကို ငါးပိရည်နှင့် တို့စားလိုက်လေသည်။ ဘာမှမစားရတာနှင့်စာရင် နည်းနည်းခံသာလေသည်။ ခလေးကို ဘေးနားတွင် ချသိပ်လိုက်သည်။ မိမိလည်း အိပ်တော့မည် ဖျင်ကြမ်းစောင်လေးကို ကောက်ဆွဲပြီး သားအမိနှစ်ယောက်ခြုံလိုက်လေသည်။ တော်တော်နှင့် အိပ်မပျော်ပေ။ စဉ်းစားစရာတွေက ခေါင်းထဲဝင်ဝင်လာသည်။ လင်ယောက်ျားကလဲ ကလေးရှေ့ရေးအတွက် စုမိဆောင်းမိအောင် ဘန်ကောက်တက် အလုပ်လုပ်သည်မှာ ၂ လ လောက်ရှိပေမည်။ အဆက်အသွယ် မရသေးပေ။ ဘန်ကောက်ကို တောလမ်းက သွားမည်ပြောသည်။ ဘန်ကောက်ကို ချောချောချူချူ ရောက်ရဲ့လား၊ အလုပ်အကိုင်ကော အဆင်ပြေရဲ့လားမသိ။ မိမိယောက်ျားအတွက်လည်း ပူပန်ရသေးသည်။ ကလေးက ၉ လရှိပြီ နို့မဖြတ်ရဲသေးပေ။ နို့ဖြတ်ရင် ကလေးအတွက် စားစရာမတက်နိုင်သေးပေ။ ကလေးကို ထိန်းကျောင်းပေးမယ်သူ့မရှိ လယ်ထဲမှာ ကောက်စိုက်ရင်း ကလေးကို လွယ်ပိုးရင်းစိုက်ရသည်။ မိမိနဲ့အတူ နေပူခံရသည်။ နေ့ခင်းနေ့လည် လယ်တဲတွင် ပုခတ်နှင့်သိပ်ရသည်။ အတွေးပေါင်းစုံ၊ တော်တော်နှင့်အိပ်မပျော်ပေ…။

ရုတ်တရက် ကလေးရဲ့ ထငိုသံကြောင့်အတွေးစတွေ ပြတ်တောက်သွားခဲ့သည်။ နို့တိုက်ပြီး ပြန်ချော့သိပ်သည် ပြန်မအိပ်။ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားသည်။ ကလေး… ကလေးကိုယ်နဲ့ အထိအတွေ့…။ ခလေးအသားတွေ ကျစ်ကျစ်ပူနေသည်။ အခုမှ သတိထားမိသည်။ ဘာလုပ်ရမှန်းမသိ။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမိသည်။ ဆေးပညာ ဗဟုသုတလည်း မရှိ။ ကလေး ကိုယ်ပူ သက်သာအောင် အနှီးလေးကို ပြေးယူ၍ ရေဘက်တိုက်ပေးနေမိသည်။ ကလေးကလည်း သည်းသည်းလှုပ်အောင် ငိုကြွေးနေသည်။ ထိုင်းဆေးတွေလဲ မ၀ယ်တက်။ ထိုင်းစကားလည်း မတက်။ လက်ထဲမှာလည်း ပိုက်ဆံ ဘတ် ၂၀ ပဲရှိသည်။ ဘယ်လိုလုပ်ရပါ့။ သြော်…. မြန်မာပြည်ကတည်းက လိုရမယ်ရဆောင်ထားတဲ့ တိုင်းရင်းဆေးတော့ရှိသည်။ ဆရာမောင်ဆေးနီမှုန့်… ကိုယ်ပူကျဆေး၊ ရှိတာလေးနဲ့ ကလေးကို တိုက်ကြည့်မည်။ ကိုယ်ပူတော့ ကျလောက်မည်ထင်သည်။ ကလေးအငိုရပ်သွားသည်။ ကိုယ်ပူလည်း နည်းနည်းကျသွားသည်။ နည်းနည်းတော့ စိတ်အေးသွားသည်။ မိမိလည်း မှိုန်းခနဲ့ အိပ်ပျော်သွားသည်။

* * * * *
မိမိလက်တဖက်အေးစက်သည့် အထိအတွေ့ကြောင့် ဖျတ်ခနဲ့ လန့်နိုးလာသည်။ ကလေးကို ကိုင်ထားသည့်လက်တဖက်… ဖယောင်းတိုင်တွင် မီးညှိပြီး ကလေးကို စိုးရိမ်ပူပန်စွာကြည့်မိသည့်။ ကလေး… ကလေး… နှုတ်ခမ်းတွေ မျက်နှာတွေပြာနေသည်။ အသားက အေးစက်နေသည်။ လုပ်ပါဦး… လုပ်ပါဦး သား… သား…။ ကလေးကို ပွေ့ပိုက်ပြီး အိမ်ပေါ်ကဆင်း အခြားတဲဘက်တွေကို အကူအညီရလိုရညား ပြေးလွှားမိသည်။ ကိုလှမောင်တို့ လယ်တဲဘက် အမောတကော ပြေးလာမိသည်။
အစ်ကိုလှမောင် ကျမသားလေးကို ကြည့်ပါဦး၊
ဘာဖြစ်လာတာလဲဟဲ မိချမ်းရဲ့… ၊

ကျမသားလေး တကိုယ်လုံးလဲ အေးစက်လို့ မျက်နှာတွေ နှုတ်ခမ်းတွေလဲပြာလို့ ဘာဖြစ်လဲမသိဘူး။ ကူညီပါဦး။ ကျမလည်း ဘာလုပ်ရမှန်းမသိဘူး။ သားလေး သား ထပါဦးသားရယ်…။ အမေ့နို့စို့ပါဦး…။ သားလေး ငိုတောင် မငိုတော့ဘူး။ သား… သား … ။

ပြစမ်းနင့်ကလေး ဘာဖြစ်လဲ…။ ဟင်…. နင့်ကလေးက အသက်မှ မရှိတော့ဘူး။
ရှင်… ဘယ်လိုပြောလိုက်တာ ကျမကလေးက ခုနတုန်းကတောင်ငိုနေသေးတယ်…။ အသက်ရှိပါသေးတယ်… သား … သား … ထပါဦးသားရယ်…။ အမေ့နို့စို့ပါအုံး…။ ဖြစ်မှဖြစ်ရလေသားရယ်။ သားလေးမသေပါဘူး…။ နော်သား…နော်။

စိတ်ဖြေပါ မိချမ်းရယ်…။
အစ်ကိုလှမောင်ရယ် ကျမမှာလည်း ပိုက်ဆံမရှိဘူး အသုဘစရိတ်တောင်မရှိဘူး…။ ကလေးအတွက်လည်း ဆွမ်းကြွေးလေးလဲလုပ်ချင်တယ်။
ကဲလောလောဆယ်တော့ ကလေးကို နင့်လယ်တဲအောက်မှာပဲ မြှုပ်ထားခဲ့…။ မဲဆောက်ကိုတက်ပြီး နင့်ရပ်ဆွေရပ်မျိုးတွေဆီက အသုဘစရိတ်နဲ့ ရက်လည်ဆွမ်းဖိုးလေးရမှ ပြန်လာပြီးကောင်းမှုလုပ်ပေါ့ကွယ်။
* * * * *

တောင်ယာ စိုက်ခင်းတွေဘက်ကို တရွေ့ရွေ့ သွားနေသည့် လိုင်းကားတစင်း….ဟိုင်းဝေး လမ်းပေါ်တွင် အပြင်းမောင်းနှင်နေသည်။ လိုင်းကားတဲ့တွင် လူများများစား သိပ်မရှိ။ အားလုံးပေါင်းမှ ၅ ယောက်ရှိသည်။ ထိုအထဲတွင် အသက်သုံးဆယ်နီးပါးခန့် အမျိုးသမီးတယောက်… လက်ထဲက ဘတ် ၁၀၀၀ ကျော်နီးပါးကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားသည်။ သူမစိတ်ထဲမှာ သူမနေခဲ့သည့် လယ်တဲကို မြန်မြန်ရောက်ချင်နေသည်။ မဲဆောက်တွင် ပန်းရံဝင်လုပ်ပြီး ရသည့်ငွေ စုခဲ့သည်။ မဲဆောက်တွင် တလနီးပါးခန့်ကြာသွားသည်။ ကားကလည်း နှေးလိုက်တာ…။ မြန်မြန်ရောက်ချင်နေပေသည်။ ကလေးကို ကောင်းကောင်းသဂြိုင်္လ်မည်။ တဲနားကလူတွေကို ခေါ်မည် ရက်လည်ဆွမ်းကြွေးမည်။ နောက်ဘ၀တွင် ယခုလို မကြုံရလေအောင်၊ ကောင်းရာမွန်ရာရောက်အောင် ဆုတောင်းမည်။ စိတ်ကူးတွေတသီတတန်းကြီးနဲ့ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ထပ်စုပ်ကိုမိသည်။ ရောက်ပြီ…။

သူမ အံ့သြမှင်တက် သွားခဲ့သည်။ ကားပေါ်က ဆင်းဆင်းချင်း ထိုလယ်ကွင်းပြင်နေရာကို အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ သူမနေခဲ့သည့် လယ်တဲ…။ ကိုလှမောင်တို့ လယ်တဲ…။ အခုတော့ မြေတွေ ဖို့ထားသည့် ကွင်းပြင်ကြီးဖြစ်နေပြီ။

ကွင်းပြင်ကြီး… ကွင်းပြင်ကြီး
ကျမ… ကျမ… သားလေးကော။ လယ်တဲကော…။ သားလေး…. သား…..။ ရက်လည်ဆွမ်းကြွေးမည့် ပိုက်ဆံလိပ်လေးကို ကျစ်ကျစ်ပါအောင်စုတ်ပြီး လယ်ကွင်းထဲတွင် ပြေးလွှားနေသည်။ သူမ တယောက်ထဲ ကွင်းပြင်ကြီးထဲ လယ်တဲဖြစ်နိုင်မယ့်နေရာတွေကို လက်နှင့် ယက်နေသည်။ နေ့ဘက်လည်း ထိုလယ်ကွင်းထဲတွင် သူမကိုတွေ့မည်။ တခါတလေ ထိုင်ပြီးသူမ ငိုကြွေးနေသည်၊ ရယ်မောနေသည်။


* * * * *

မဲဆောက် အဝေးပြေးကားဂိတ်မှာ ကလေးအရုပ်ကလေးချီထားပြီး အရုပ်ကို စကားတတွတ်တွတ်ပြောနေသည့် အမျိုးသမီးတယောက်…။ နေပူတာ မိုးရွာတာကို သူမ မသိတော့။
တခါတလေ ကလေးအရုပ်ကလေးကို နို့ဘူးတိုက်သည်၊ ချော့နေသည့် အမျိုးသမီးတယောက်ကို တွေ့လိမ့်မည်။
တခါတလေ ငိုကြွေးနေသည်။ တခါတလေ ရယ်နေပေသည်။
လောကဓံ တရားက သူမပေါ်သက်ရောက်မှု မရှိတော့သလိုမျိုး…။ ဘ၀ရဲ့လှိုင်းပတ်ခတ်ဒါဏ်ကို သူမကြံ့ကြံ့ခံနိုင်သွားလေပြီလား….။

(မြင်သမျှလေးတွေရေးထားတာပါ လိုတာပိုတာ အမှားပါတာရှိရင် ခွင့်လွှတ်ပေးပါ)
အပြည့်အစုံသို့ >>

အသံ 'အ' သွားတဲ့ဆည်းလည်းကလေးတွေ

ကိုဈာန်

ထမင်းဖိုးလေး ပေးပါ။ သောက်လက်စ လဘက်ရည်တငုံက လည်ချောင်းဝတွင် တစ်ဆို့သွားသည်။ နံဘေးတွင် နှစ်နှစ်အရွယ် ကလေးလေးကို ခါးထစ်ခွင်တွင် တင်၍ အ၀တ်နှင့် လွယ်ထားသည့် ခလေးမလေး တယောက်။ မဲဆောက်ဈေးတန်းထဲက လဘက်ရည်ဆိုင်တန်းတွေမှာ လိုက်လံတောင်းရမ်းနေတာပါ။ နီကြောင်ကြောင် ဆံပင်၊ အသားအရည် မွဲခြောက်ခြောက် နွမ်းညစ်နေတဲ့ အ၀တ်အစားများက သူမရဲ့နေတဓူဝ ဖြတ်သန်းမှုကို ဖော်ပြနေသလိုပင်။

မနက်စောစော ထပြီး မဲဆောက်ကို မိသားစုလိုက် လာကြတာ။ ညနေပိုင်းဆိုရင် ပြန်တယ်။ မြ၀တီမှာနေတယ်။ ငှားထားတာက တဲလေးပဲ၊ တဲငှားခက တလကို တသောင်းနှစ်ထောင်ပေးရတယ်။ အိမ်မှာက မောင်နှမချည်းပဲ ၇ ယောက်ရှိတယ်။ အခုတယောက်က ၂ နှစ်ပဲရှိသေးတယ်။ ပြောရင်း ခါးထစ်ခွင်တွင် တင်၍ အ၀တ်နှင့် လွယ်ထားသည့် ကလေးလေးကို ပင့်တင်လိုက်သည်။ ကလေးက ဗိုက်ဆာလို့လား မသိ။ သူမနှင့်ကျနော် စကားပြောနေရင်းပင် ခါးထစ်ခွင်ထဲရှိ ကလေးက ငိုမဲ့မဲ့ ဖြစ်လာသည်။ သူမက သူမခါးကြားတွင်ထိုးထာသော နို့ဗူးလေးကို ထုတ်၍ မောင်လေး ကို တိုက်လိုက်သည်။ နို့ဗူးအဟောင်းလေးထဲတွင် နို့မရှိ...။ ကလေးလေးက နို့ဗူးလေးထဲက ရေများကို အားရပါးရ စုပ်သောက်နေသည်။

အရင်တုန်းက မြ၀တီမှာ နေတာမဟုတ်ဘူး။ စစ်ကိုင်းမှာနေတာ စစ်ကိုင်းကနေမှ မြ၀တီကို မိသားစုလိုက်ဆင်းလာတာ သုံးနှစ်လောက်ပဲရှိသေးတယ်။ စစ်ကိုင်းမှာပဲ ပျော်တယ်။ အဲဒီတုန်းက အခုလို မတောင်းစားရဘူး။ အဖေက လယ်လုပ်တယ်။ နောက်ပိုင်းမှ လယ်လဲမရှိတော့ဘူး။ လယ်တွေ ဘယ်ရောက်သွားလဲ မသိဘူး။ နောက်ပိုင်း မြ၀တီမှာ လယ်လုပ်သေးတယ် အဆင်မပြေဘူး။ အဖေက မဲဆောက်ဘက်သွားပြီး ပန်းရံလုပ်သေးတယ်။ သမီးတို့ မိသားစု တစုလုံးစားမလောက်ဘူး။

တနေ့ကို နေ့ခင်းပိုင်းဆိုရင် ဘတ် ၄၀၊ ၅၀ လောက်ရတယ်။ ညဘက် ညဈေးမှာ သွားတောင်းရင် ၁၅ ဘတ် ၂၀ လောက်ရတယ်။ ထမင်းက တခါစားရင် ၁၀ ဘတ်ကုန်တယ်လေ။ ဈေးထဲမှာပဲ ၀ယ်စားတယ်။ ဆိုင်ထဲမှာ စားလို့မရဘူး အထုပ်ကလေးတွေပဲ ၀ယ်ပြီး လမ်းဘေးမှာပဲစားတယ်။ ထမင်းတထုပ် ၅ ဘတ် ဟင်း ၅ ဘတ်လေ။ ရေသောက်တော့ တချို့ အိမ်အောက်က ရေဘုံပိုင်မှာသောက်တယ်။ တခါတလေ မောင်းထုတ်တဲ့သူတွေရှိတယ်။ စိတ်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့်.....။

သမီးမဲဆောက်မှာ အခုလိုလာ တောင်းတာ သုံးနှစ်ကျော် လေးနှစ်လောက်ရှိပြီ။ အဖေရယ်၊ အဖေ့ မိန်းမရယ်၊ သမီးမောင်လေးရယ်၊ မောင်လေးက အမွှာပူးလေး လေ နောက်တယောက်က အဖေ့ မိန်းမဆီမှာ။ အဖေ့မိန်းမလား ဟုတ်တယ် မိထွေးပေါ့။ သမီးတို့တောင်း ရသမျှ ပိုက်ဆံတွေ သူ့ကို ပေးရတယ်လေ။

သမီးမောင်လေး ဖျားနေတယ်။ အက်ကွဲစူးရှစွာ အဖျားလှိုက်ခတ်ပြီး ထွက်လာတဲ့ သူမရဲ့အသံက ကျနော့်နားထဲကို တိုးညှင်းစွာ တိုးဝင်လာခဲ့သည်။ မောင်လေးက ၉ လပဲရှိသေးတယ်။ မောင်လေးက ဘာဖြစ်တယ် မသိဘူး အန်ပဲအန်နေတာပဲ။ အခု ကျောင်းသား ဆေးခန်းမှာလေ။ သမီးမိထွေးက သွားစောင့်နေရတယ်။ အခုမောင်လေးက ဖျားနေတော့ ညဘက် ညဈေးမှာ သွားတောင်းနေရတယ်။ ပိုက်ဆံပိုရအောင်လို့ပါ။

ကျောင်း....ကျောင်းလား.... ကျောင်းဆိုတဲ့စကားလုံး မပြောခင်မှာ သူမနှုတ်မှ တွန့်ဆုတ် ဆွံ့အသွားခဲ့ သလိုပင်။ စက္ကန့်အနည်းငယ်ကြာမှ ပြောဖို့စကားကို ပြန်ပြီး ဆက်ပြောလေသည်။ သုံးတန်းနဲ့ ကျောင်းထွက်လိုက်တာ။ စားဖို့ မရှိလို့လေ။ သူမမျက်ဝန်းထဲမှာ မျက်ရည် အနည်းငယ် စို့လာသည်။ ၀မ်းနည်းရိပ်ပြေးသွားတဲ့ မျက်ဝန်းထဲမှာ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေသလိုပင်။

သူမဘေးမှာ ရပ်ပြီးနားထောင်နေတဲ့ သူမနှင့် အိမ်နီးနားချင်းကောင်းလေးက ၀င်၍ သားဆိုရင် ၁ တန်းအောင်ပြီးထွက်လိုက်တာ အိမ်က အဖေက အကူမပါရင် လမ်းမလျှောက်နိုင်ဘူးလေ။ သားက အကောင်နည်းနည်းကြီးပြီဆိုတော့ အဖေ့ကို ကူရတယ်။ လမ်းလျှောက်ရင် အရှေ့ကတွဲပြီးခေါ်ရတယ်။ မလှမ်းမကမ်းမှာရှိတဲ့ သူ့ရဲ့အဖေကို လက်ညှိုးထိုးပြသည်။ မျက်စိနှစ်ဖက်က သည်းကွဲစွာမမြင်၊ ခြေထောက်တဖက်ကမရှိ ချိုင်းထောက်နှင့် သူ့အဖေ့ကိုတွေ့ရသည်။ အဲဒီ ကလေးလေးကို ကြည့်လိုက်တော့ အသက်က ၆ နှစ်ကျော်လောက်ရှိမည်။ နောက် သူ့အဖေကို တွဲရင် ထွက်သွားသည်။

သူမက ကျောင်းဝတ်စုံနဲ့ ကျောင်းသွားနေတဲ့ ရွယ်တူကလေးတွေကို မြင်ရင် ကျောင်းတက်ချင်စိတ်တွေ ပေါ်လာတယ်။ အရင် ကျောင်းတက်တဲ့ အချိန်တွေ ပြန်သတိရမိတယ်။ ဒီဘက်မှာ ရှိတဲ့ကျောင်းတွေတော့ တက်ချင်တယ်။ ၀မ်းသာစွာ ပြောပြီး မဖြစ်နိုင်ပါဘူး...ဟု သူမဘာသာပြောနေပြန်သည်။ သမီးမောင်လေးတွေလဲ ထိန်းနေရတယ်။ စားဖို့လဲရှာရတယ်လေ။ ကျောင်းတက်ဖို့ အ၀တ်အစားလဲ မရှိဘူး။ သူမက မျှော်လင့်ချက်ကုန်ဆုံးနေတဲ့ စကားလုံးတွေကို ထပ်ကာထပ်ကာပြောရင်း... အဝေးကို လှမ်းကြည့်နေသလိုလို တခုခုကိုပဲ တွေးတောနေသလိုလို ရီဝေငေးမောရင်း...။
အပြည့်အစုံသို့ >>

Wednesday, 28 October 2009

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီစာချုပ်များ လက်တွေ့အခြေအနေနှင့် များစွာကွဲလွဲ

မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သော အလုပ်သမားအများစုမှာ ၎င်းတို့ရသင့်သည် အခွင့်အရေးများ နစ်နာဆုံးရှုံးနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ရ အကျိုးဆောင်အေဂျင်စီများ၏ အဆက်အသွယ်ဖြင့် မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သူများသည် မလေးရှားနိုင်ငံအလုပ်ရှင်များ၏ မူလအလုပ်ကမ်းလှမ်းစာပါ လစာအတိုင်း မရရှိသည့်အပြင် ကူညီဆောင်ရွက်ပေးမည့်သူမရှိ ဖြစ်နေကြသည်။

အလုပ်ကမ်းလှမ်းစာတွင် လုပ်သားတဦးလျှင် တလပျှမ်းမျှ မလေးရှားရင်းဂစ် (၇၀၀-၈၀၀) ရရှိမည်ဟု ပါရှိပြီး သဘောတူစာချုပ်ခဲ့ကြသူများသည် မလေးရှားရောက်ပြီး ယခုလပိုင်းတွင် တနေ့ (၁၈) ရင်းဂစ်မျှနှင့် အချိန်ပိုမရှိ အလုပ်ဆင်းနေကြရသည်ဟု မလေးရှားမှပြန်လာသူ လူငယ်တဦးက ပြောသည်။

၎င်းက “ကျနော်က ကလန်းမြို့ သံမဏိစက်ရုံမှာ အလုပ်ဝင်တယ်။ သူဌေးက ကျနော်ရဲ့ နိုင်ငံကူးလက်မှတ်မှာ ဗီဇာပါမစ် နေထိုင်ခွင့် စတေကာ ကပ်မပေးဘူး။ တာဝန်မယူနိုင်ဘူးပေါ့။ ပြီးတော့ တခြားစက်ရုံတခုကို ရွှေ့ပေးတယ်။ အဲ့ဒီမှာ တနေ့ (၁၈) ရင်းဂစ်ပဲရတယ်၊ အိုဗာတိုင်မရှိဘူး။ မလေးရှားလူဝင်မှုက ထုတ်ပေးတဲ့ (visit pass) တလက ကုန်တော့မယ်။ ဒါနဲ့ ရန်ကုန်ကို ပိုက်ဆံလှမ်းမှာပြီး ပြန်လာခဲ့တယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားများမှ ၎င်းတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးနေရသည့်အပေါ် ချိတ်ဆက်ထားသော ပြည်ပအေဂျင်စီများ၊ ပြည်တွင်းရှိ လိုင်စင်ရအကျိုးဆောင်အေဂျင်စီများထံ ဆက်သွယ်ခဲ့သော်လည်း ထိရောက်သော ကူညီပံ့ပိုးမှုများ မရရှိကြကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်သူများအနက် တရားမ၀င်လာရောက်သူများ၊ မြန်မာနိုင်ငံကူးလက်မှတ်ရှိသော်လည်း နေထိုင်ခွင့်ဗီဇာ မရှိသူများနှင့် မိမိဆန္ဒအလျောက် အလုပ်ကူးပြောင်းသူများသည် အလုပ်ရှင်များက တာဝန်ယူခြင်း မရှိသောကြောင့် အမြောက်အမြား ဖမ်းဆီးထိန်းသိမ်းခံကြရသည်။

ယခင်က မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတို့အား မလေးရှားနယ်စပ် (အလိုစတာ) နှင့် ထိုင်းနယ်စပ် (ဟတ်ယာ) ဘက်သို့ ပို့ဆောင်ပေးခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသားတို့အား နေရင်းတိုင်းပြည်သို့ တိုက်ရိုက်ပို့ဆောင်ခဲ့ရာ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ (၄၄၇) ဦး ရှိပြီဖြစ်ကြောင်း ပြည်တွင်းသတင်းစာများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံအခြေစိုက် နယ်စည်းမခြားအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့မှ ပြန်လည်ပို့ဆောင်ပေးခဲ့သော မြန်မာအလုပ်သမားများလည်း ရှိကြောင်း သိရသည်။

ပြည်တွင်းအေဂျင်စီ၏ စာချုပ်ပါလစာနှင့်မကိုက်ညီခြင်းကြောင့် မိမိသဘောနှင့်အလုပ်ထွက်ကာ တရားမ၀င် (အောက်လမ်း) မှ ပြည်တွင်းပြန်ဝင်လာသူ လူငယ်တဦးက “မလေးရဲကို ရင်းဂစ် (၇၅၀) ပေးလိုက်ရင် သူတို့က ကားကြုံနဲ့ ထိုင်းနယ်စပ် မဟာချိုင်ကို ပို့ပေးတယ်။ အဲ့ဒီကမှ ထိုင်းအချုပ်ခန်းမှာ တညအိပ်၊ နောက်နေ့ညနေမှာ နယ်စည်းမခြားအဖွဲ့က (Express) ကားကြီးတွေနဲ့ တင်ခေါ်သွားတယ်။ ကျနော်တို့အသုတ်မှာ အမျိုးသမီး၊ အမျိုးသား (၂၈၀) ပါတယ်။ စရိတ်စက အားလုံး နယ်စည်းမခြားက တာဝန်ယူတယ်။ မဟာချိုင်က ညနေ (၆) နာရီ ကားထွက်တယ်၊ မဲဆောက်ကို နောက်တနေ့ညနေ (၄) နာရီရောက်တယ်။ မဲဆောက်ရဲစခန်းကိုဝင်၊ အဲ့ဒီကမှ လှေနဲ့ ကိုးသုံးလုံး ဒီကေဘီအေဂိတ်ကို ပို့ပေးတယ်။ (၁) ယောက်ကို ဘတ် (၂၅၀) ပေးရတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် ပြည်ပလုပ်သားခေါ်ယူမှု လျှော့ချခြင်း၊ ပြည်ပလုပ်သားခေါ်ယူခန့်ထားမှု ဥပဒေတင်းကျပ်လိုက်ခြင်း တို့ကြောင့် မလေးရှားနိုင်ငံရောက် ကန့်သတ်မှုမဲ့ အလုပ်သမားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် နေထိုင်ခွင့် သက်တမ်းလွန် လုပ်သားများကို အောက်တိုဘာလကုန် အပြီးနှင်ထုတ်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

အပြည့်အစုံသို့ >>

Friday, 23 October 2009

တောင်ကိုရီးယားတွင် တရားမဝင်လုပ်သား ဖမ်းဆီးမှုကြမ်း

ကျော်ခ
သောကြာနေ့၊ အောက်တိုဘာလ 23 ရက် 2009 ခုနှစ် 16 နာရီ 10 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား ဖမ်းဆီးမှုမှာ ယခင် နှစ်များထက် သိသာစွာ ပိုများလာနေသည်။

ရဲနှင့် လူဝင်မှု ကြီးကြပ်ရေးများက ရထားဘူတာနှင့် လူစည်ကားရာ နေရာများတွင် သာမက စက်ရုံထဲအထိပါ ရှောင်တခင် ဝင်ရောက်ပြီး နိုင်ငံကူး လက်မှတ်ပါ ဗီဇာသက်တမ်း ကုန်ဆုံးသူများကို ဖမ်းဆီးမှုများ ရှိသည်။

“အခုဟာက စက်ရုံနယ်မြေတွေနဲ့ စက်ရုံတွေထဲထိ ဝင်ဖမ်းနေတယ်။ အဖမ်းအဆီးက ကြမ်းတယ်။ ဖမ်းဆီးဝင်တဲ့ အချိန်မှာ ထွက်ပြေးတာတွေ ဘာတွေရှိရင် ထိုးနှက်တာတို့၊ ရိုက်နှက်တာတို့ ဖြစ်လာတယ် ဆိုတော့ ရှောင်ပုန်းဖို့ ဆိုတာက မလွယ်ပါဘူး” ပူချွန်းမြို့တွင် အခြေစိုက်သော Burma Action Korea မှ အလုပ်သမားရေးရာမှူး ကိုအောင်တင်ထွန်းက မဇ္ဈိမကို ပြောသည်။

တရားမဝင် အလုပ်လုပ်နေသူများကို ဖမ်းဆီးပြီး နေရပ်ရင်းသို့ ပြန်ပို့မည် ဖြစ်ကြောင်း ပြီးခဲ့သည့်လက ကြေညာ ထားခဲ့သည်။

ဖမ်းဆီးထားသူများမှ ငွေရှိသူများကို လေယာဉ်လက်မှတ် ဝယ်ခိုင်း၍ ချက်ချင်းပြန်ပို့မည် ဖြစ်ပြီး ငွေမရှိသူနှင့် ငွေ မပါလာသူများကိုမူ အလုပ်ရှင်ထံ လေယာဉ်လက်မှတ်ခ တောင်းယူကာ ပြန်ပို့မည် ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား တွင် မြန်မာနိုင်ငံသား အလုပ်သမား ဦးရေ ၄ ထောင်ကျော် ရှိနေပြီး၊ လေးပုံတပုံခန့်က တရား မဝင် လုပ်သားများဖြစ်သည်ဟု အလုပ်သမားရေးရာ အန်ဂျီအိုများက ခန့်မှန်းကြသည်။

ဆိုးလ်၊ အန်ဆန်း၊ ယူကျုံဘူ၊ ပူချွန်းနှင့် ပူဖျောင်းမြို့တို့တွင် မြန်မာအများဆုံး နေထိုင်ကြပြီး၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှလည်း လာရောက် အလုပ်လုပ်နေသူများ ရှိနေသည်။

“ကျနော့် အသိမိတ်ဆွေတွေလည်း အဖမ်းမခံရအောင် တော်တော်လေးကို ပုန်းအောင်းနေကြရတာပေါ့ဗျာ။ မြန်မာပြည်မှာက စားဝတ်နေရေး ခက်ခဲတော့ သူတို့အနေနဲ့ ပြန်ပို့မခံရအောင် ကျီးလန့်စာစားဘဝနဲ့ ပုန်းအောင်း ပြီး အလုပ်လုပ်နေကြရတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနမှ ဆလိုင်းကျော်ကျော်က ပြောသည်။

အာရှကျားစာရင်းဝင်နိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ပျမ်းမျှ ၂ သိန်း ၂ သောင်းကျော်ရှိကြောင်း ဗြိတိန်အခြေစိုက် လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး AI ၏ ယမန်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတွင်းသို့ တရားဝင် ဝင်ရောက်လာပြီးမှ ဗီဇာသက်တမ်းလွန် နေထိုင်ခြင်းဖြင့် တရားမဝင် လုပ်သားများ ဖြစ်ကုန်တော့သည်။ သူတို့ထဲမှ အများစုသည် အန္တရာယ်ရှိသော အလုပ်များ လုပ်ကြရပြီး အချိန်ကြာမြင့်ခြင်း၊ လုပ်ခလျှော့ပေးခြင်းတို့ ကြုံရသည်ဟု AI က ပြောသည်။

မြန်မာနိုင်ငံတွင် “ရွှေအင်းဝ” ဝန်ဆောင်မှု အေဂျင်စီ ကုမ္ပဏီတခုတည်းက တောင်ကိုရီးယားသို့ အလုပ်သမား စေလွှတ်မှု လုပ်ဆောင်နေသည်။ ကိုရီးယား ဘာသာစကား စာမေးပွဲ အောင်မြင်သူ အသက် ၃၀ နှစ်အောက် လူငယ်ကို ရွေးချယ် စေလွှတ်ပေးပြီး၊ တဦးလျှင် ကျပ်သိန်း ၅၀ ခန့် ကုန်ကျသည်။ လုပ်သားတဦးသည် ပျမ်းမျှအားဖြင့် တလလျှင် ဒေါ်လာ ၇၀၀ ခန့် ရရှိကြသည်။

တောင်ကိုရီးယားသို့ သွားလိုသူ နှစ်စဉ် သိန်းချီလာရောက် စုံစမ်း မေးမြန်းကြသည်ဟု အေဂျင်စီ သတင်း ရပ်ကွက် များက ပြောသည်။ တောင်ကိုရီးယားသို့ လေကြောင်းခရီးဖြင့် သွားရောက်မည်ဆိုပါက အသွားအတွက် ပင်လျှင် အမေရိကန်ဒေါ်လာ ၈၅၀ ခန့် ကုန်ကျမည် ဖြစ်သည်။

ဂျပန်နှင့် တရုတ်ပြီးလျှင် အာရှ၏ စီးပွားရေး အင်အားအကြီးဆုံး တောင်ကိုရီးယားသည် မြန်မာနိုင်ငံ၏ နံပါတ် ၈ မြောက် ကုန်သွယ်ဘက် အကြီးဆုံး နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် ၂၀၀၈-၀၉ တွင် အမေရိကန် ဒေါ်လာ ၂၅၂ သန်း ရှိသည်။
အပြည့်အစုံသို့ >>

ဆန္ဒပြအရေးဆိုသူများက ကုမ္ပဏီကို လျော်ကြေးပေးရ

ရေနံဈေးနှိမ်ဝယ်ယူသည်ကို မကျေနပ်သဖြင့် ဆန္ဒပြခဲ့သော မှော်လုပ်သားများသည် ဖမ်းဆီးထိန်းသိမ်းခံ ရရုံ သာမက လျော်ကြေးပါ ပေးဆောင်ကြရပြီး အမှုပိတ်သိမ်းခံရကြောင်း နှောပင်ရေနှံမှော်မှ တွင်းပိုင်တဦးက ပြောသည်။

မကွေးတိုင်း မြိုင်မြို့နယ် နှောပင်ရေနံမှော်မှ ရေနံရှာဖွေသူများသည် (၆) လကျော်အကြာ ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ကြရပြီးနောက် ကောင်းဇော်ဟိန်း ကုမ္ပဏီက ၎င်းတို့ထံမှ သိန်း (၂၅၀) လျော်ကြေးတောင်းကာ အမှုပိတ်သိမ်းခဲ့ ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ (၇) လပိုင်းကုန်လောက်က ကုမ္ပဏီက သိန်း (၂၅၀) တောင်းပြီး အမှုကို ကျေအေးရုပ်သိမ်းလုပ်သွားတာ။ ပခုက္ကူထောင်မှာ အဖမ်းခံထားရတဲ့ လူ (၂၀) လောက်လည်း ပြန်လွတ်လာတယ်။ သူတို့အပြင် အမှုနဲ့ဆက်စပ်တဲ့ လူ (၄၀) လောက်ပေါင်းပြီး လျော်ကြေးပေးကြရတာ။ မတရားခံခဲ့ ကြရတာဆိုတော့ မကျေနပ်ကြဘူးရယ်။ ကုမ္ပဏီဘက်မှာ အစိုးရက အကာအကွယ် ပေးထားလို့သာ ငြိမ်ခံနေကြရတာ။ တရားတာမှမဟုတ်ဘဲ” ဟု နှောပင် ရေနှံမှော်မှ တွင်းပိုင်က ပြောသည်။

မကွေးတိုင်း တိုင်းမှူး၏ အစ်မပိုင်ဆိုင်သော ကောင်းဇော် ဟိန်းကုမ္ပဏီက ရေနံဈေးနှိမ်ဝယ်ယူခြင်း၊ ဂါလန်ပို ရရှိရေးအတွက် ဖောင်းထားသော ပေပါများ အသုံးပြု ၀ယ်ယူခြင်း၊ ရေနံတူးစက်သုံး ဒီဇယ်အချောဆီ ဈေးတင် ရောင်းချခြင်း တို့ကြောင့် ရေနံတူးဖော်သူများက ကုမ္ပဏီကို ၀ိုင်းဝန်း အရေးဆိုကြသဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ (၈) ရက်၌ ဒေသခံ ခလရ (၂၅၇) တပ်က ရေနံတူးဖော်သူများကို ပစ်ခတ်နှိမ်နင်း၍ ဖမ်းဆီးခဲ့သည်။ ထို့အပြင် ရေနံ ပွဲစား နှင့် တွင်းပိုင်အချို့တို့လည်း ဖမ်းဆီးစစ်ဆေး မေးမြန်းခံကြရသည်။

“ပခုက္ကူထောင်မှာထည့်ထားပြီး နေပြည်တော်ကကို လာစစ်တာ အတော်ကြာတယ်။ အခုတော့လည်း မတရား အပြုခံရတဲ့ အရပ်သားတွေကပဲ လျော်ကြေးပေးလိုက်ရတာပါပဲ” ဟု နှောပင်တွင်းပိုင်က ပြောသည်။

ကောင်းဇော်ဟိန်း ကုမ္ပဏီကို အရေးဆိုဆန္ဒပြခဲ့ကြသည့် ရေနံ တူးဖော်သူများက ဒေါသထွက်ကာ ကုမ္ပဏီ စခန်း နှင့် ကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။

“စခန်းဂိုဒေါင်ကို မီးရှို့တော့ ကုမ္ပဏီပိုင် ရေနံပေပါ အလုံး (၇၀) လောက်လည်း ပါသွားတယ်။ အဲဒါတွေအတွက် လျော်ကြေး ပေးရမယ်ဆိုပြီး သိန်း (၂၅၀) တောင်းတာပဲ။ ဒါပေမယ့် ကုမ္ပဏီကလည်း သူတို့ မတရား လုပ်တာ ဆိုတော့ မယူရဲဘဲနဲ့ ကျေးရွာဆေးခန်းကို ပြန်လှူတယ်ဆိုပြီး လုပ်သွားတယ်” ဟု နှောပင်ဒေသခံက ပြောသည်။

ကောင်းဇော်ဟိန်း ကုမ္ပဏီသည် ယခုအထိ နှောပင် ရေနံမှော်တွင် အခြေစိုက်နေဆဲဖြစ်ပြီး ရေနံတွင်းပိုင် အများအပြား ကမူ တွင်းနုတ်သွားကြပြီဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းတွေက လုပ်မကောင်းတော့ပါဘူး။ မတရားခံရတာတွေလည်း များနေတော့ အတော်များများက တွင်းနုတ် ကုန်ပါပြီ။ နယ်ခံတွင်းပိုင်တွေလောက်ပဲ ကျန်ခဲ့တော့တာ” ဟု ဒေသခံက ပြောသည်။

အရပ်ဘက် ရေနံစိမ်း တူးဖော်ရေးလုပ်ငန်းကို ၂၀၀၅ ခုနှစ်မှစပြီး စစ်ကိုင်း တန့်ဆည်မြို့နယ်၊ ယင်းမာပင် စသည့် နယ်မြေတို့အပြင် မကွေးတိုင်း မြိုင်မြို့နယ် ဆူးကွင်း၊ ပုံတောင်ပုံညာ နတ်ထိပ်၊ ဆောမြို့နယ် ဆိပ်ဖြူ စသည့် ဒေသ များတွင် စတင်လုပ်ကိုင်ခဲ့ကြသည်။

စီးပွားရေးကျပ်တည်းမှုကြောင့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ လူငယ်များ အဆိုပါ ရေနံမှော်များသို့ သွားရောက် လုပ်ကိုင် ခဲ့ကြပြီး ထိုအချိန်က မြို့ပေါ်၌ ကျွမ်းကျင်အလုပ်သမားတဦးကို တနေ့ ကျပ် (၁,၀၀၀) ပေးနေသည့် အချိန်တွင် ရေနံမှော်အလုပ်သမား တဦးအား တနေ့ ကျပ် (၂,၀၀၀) ထိ ပေးသည့်အတွက် လူငယ်များပိုပြီး သွားရောက် ခဲ့ကြသည်။

ယခုအခါ ရေနံမှော် လုပ်ငန်းများတွင် အာဏာပိုင်များက ခေါင်းပုံဖြတ် ဝေစုခွဲယူမှုများ များပြားလာသဖြင့် တွင်းပိုင် များ တွင်းနုတ်ကုန်ကြပြီ ဖြစ်ရာ ရေနံတူးလုပ်သား အများအပြားမှာ အလုပ်လက်မဲ့ဖြစ်ကြရသည်ဟု တွင်းပိုင်များက ပြောသည်။

“တွင်းပိုင်ဆိုတာ အရှုံးရှိတယ် အမြတ်ရှိတယ်။ အထွက်များရင် မြတ်မယ်၊ မထွက်ရင် ရှုံးမယ်။ အဲ…အစိုးရက နောက်ခံပေးထားတဲ့ ကုမ္ပဏီကတော့ သူတို့ကိုယ်တိုင် တတွင်းမှ မတူးဘဲနဲ့ အသားလွတ်အမြတ်ရနေတာ။ ဘာစွန့်စားမှုမှ မလုပ်ရဘဲနဲ့ ရတာ။ အလုပ်သမားတွေကို သနားတော့ သနားတာပေါ့ဗျာ။ ဒါပေမယ့် ကိုယ်လည်း ခေါင်းပုံဖြတ်ခံရတာများပြီး ကိုက်မှမကိုက်တာ ဆက်မလုပ်နိုင်တော့ဘူး” ဟု ရေစကြိုမြို့ခံ တွင်းပိုင်တဦးက ပြောသည်။

အပြည့်အစုံသို့ >>

မဟာချိုင် စက်ရုံ ဆန္ဒပြသူများနှင့် ပိုင်ရှင် ပြေလည်မှုရရှိ

ကျော်ခ
အင်္ဂါနေ့၊ အောက်တိုဘာလ 20 ရက် 2009 ခုနှစ် 19 နာရီ 37 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ယာယီနိုင်ငံကူး လက်မှတ်နှင့် ပတ်သက်ပြီး အလုပ်မဆင်းဘဲ ဆန္ဒပြကြသည့် မဟာချိုင်မြို့နယ်အတွင်းရှိ ငါး၊ ပုဇွန် စက်ရုံ တခုမှ မြန်မာအလုပ်သမား ၂၅၀၀ ခန့်သည် ယနေ့ညနေတွင် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

ယမန်နေ့ ညနေ၌ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ်၊ အက္ကချီလမ်းရှိ Ormcorm Company L.td စက်ရုံမန်နေဂျာက ယာယီနိုင်ငံကူး လက်မှတ်အတွက် ကုန်ကျငွေအား လစာငွေထဲမှ ဖြတ်တောက်မည်ဟု စာထုတ်ပြန်ခဲ့ရာမှ အလုပ်သမားများနှင့် မန်နေဂျာတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ ပြီးနောက် တရက်အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသည်။

ယနေ့နံနက်တွင် သူဌေးမှ ဆက်သွယ်လာပြီး ငွေဖြတ်တောက်မည် မဟုတ်ကြောင်း ပြောဆိုလာရာမှ ကျေလည်သွားပြီးနောက် မနက်ဖြန်တွင် အလုပ်ပြန်ဆင်းကြမည် ဖြစ်ကြောင်း သိရသည်။

“ ဒီနေ့ သူဌေးက ဖုန်းဆက်လာတာပေါ့နော်။ အခုအလုပ်သမားတွေ တယောက်မှ ပတ်စပို့ဖိုး မဖြတ်ဘူး။ ATM သမားတွေလည်း ကဒ်ထဲကို လုပ်ခပိုက်ဆံ ထည့်ပေးမယ်။ ကဒ်မရှိတဲ့ လူတွေကိုလည်း ရုံးခန်းမှာ ထုတ်ပေးမယ် ဆိုတော့ ဒီမနက် ကျနော်တို့ သွားထုတ်တာပေါ့နော်။ တပြားမှမဖြတ်ဘူး။ မနက်ဖြန် ကျနော်တို့ အလုပ် ပြန်ဆင်းကြမှာပေါ့” ဟု လုပ်သားတဦးက မဇ္ဈိမကို ပြောသည်။

“ဒီနေ့က ပိုက်ဆံထုတ်ရက်။ မနေ့က သူစာကပ်လိုက်တော့ ကျနော်တို့တွေက မကျေနပ်လို့ ပြောတာ။ အဲဒါကို ပြောရမလား ဆိုပြီးတော့ ကျနော် တို့ထဲက တယောက်ကို သူက ဂုတ်ဆွဲပြီး နားရင်းအုပ်လို့ အားလုံးက ပေါက်ကွဲပြီး သူ့ကို ဝိုင်းထိုးလိုက်ကြတာ ခု သူဆေးရုံရောက်နေတယ်။ သူဌေးကလည်း သူ့ကို အလုပ်ထုတ်မယ်ပြောတယ်” ဟု သူကဆက်ပြောသည်။

၎င်းစက်ရုံတွင် အလုပ်သမား စုစုပေါင်း ၃၀၀၀ ကျော်ရှိရာ မြန်မာနိုင်ငံသား အလုပ်သမား ၂၅၀၀ ကျော် ရှိသည်။

ယာယီပတ်စပို့ ပြုလုပ်ရန် အတွက် မြန်မာနယ်စပ်ရုံးများသို့ သွားရန်၊ လက်မှတ်ပုံစံ စာရွက်တွင် လိပ်စာနှင့် မှတ်ပုံတင် နံပါတ်များထည့်လျင် နေရပ်ရှိ မိသားစုများကို အာဏာပိုင်များက တစုံတရာ အကျပ်ကိုင် ငွေညှစ်မည်ဟု စိုးရိမ်မှုများ ရှိနေကြကြောင်း ရွှေ့ပြောင်းအလုပ်သမားများ အရေး ဆောင်ရွက်နေသည့် အဖွဲ့က ပြောသည်။

“တဘက်က အလုပ်သမားကလည်း မြန်မာအစိုးရကို မယုံ။ အလုပ်ရှင်က စာအုပ်လုပ်ဖို့ ဖိအားပေးတော့ စိတ်ညစ်။ အလုပ်ထွက်။ နောက်စားစရာမရှိ၊ နေစရာမရှိ။ အဲလိုတွေဖြစ်။ နေရပ်မှာကျန်ခဲ့တဲ့ မိဘတွေကလည်း ပတ်စပို့မလုပ်ဖို့ ဖိအားပေး။ လုပ်လို့ရှိရင် အိမ်ကို ငွေလာတောင်းမှာ ငါတို့ကြောက်တယ် စသဖြင့်ပေါ့ အဲဒါတွေကြောင့် သူတို့က မလုပ်ရဲကြတာ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဒုက္ခသည်နှင့် ရွှေ့ပြောင်း အလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင် မဇ္ဈိမကို ပြောသည်။
အပြည့်အစုံသို့ >>

ရောင်းစားခံရသူ မြန်မာနိုင်ငံသား (၁၈) ဦးကို ထိုင်းလှေများမှ ကယ်တင်နိုင်ခဲ့

ဝီရ / ၁၄ အောက်တိုဘာ ၂၀၀၉
နယ်စပ်ပွဲစားများမှတဆင့် ထိုင်းငါးဖမ်းလှေလုပ်ငန်းတခုတွင် ရောင်းစားခံရသည့် မြန်မာနိုင်ငံသား (၁၈) ဦးတို့အား ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့များနှင့် ထိုင်းအထူးစုံစမ်းရေးအဖွဲ့ (DSI) တို့က ပြီးခဲ့သည့် တနင်္ဂနွေနေ့ညက ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှုတွင် ပါဝင်သူ ပွဲစားအမျိုးသမီးတဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဘန်ကောက်မြို့ အရှေ့တောင်ဘက် မိုင် (၁၀၀) ကျော်ဝေးသည့် ခွန်ဘူရီခရိုင် ဆတ်တာဟစ် (Sattahip) မြို့ရှိ ငါးဖမ်းလှေများတွင် ကျွန်သဖွယ် ခိုင်းစေခြင်းခံနေရသည့် မြန်မာနိုင်ငံသား (၂) ဦးအား မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂနှင့် Labour Rights Promotion Network (LPN) တို့၏ အကူအညီဖြင့် ထိုင်း DSI အဖွဲ့တို့က ဝင်ရောက်ကယ်တင်ရာမှ အခြားလှေများတွင် ရောင်းစားခံထားရသူများကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂမှ အဖွဲ့ဝင်တဦးဖြစ်သူ ကိုသူရက “အဲဒီမှာ လှေသားတွေကို ရောင်းစားမှုမှာပါတဲ့ ပွဲစား အမျိုးသမီးတဦးကိုလည်း ဖမ်းမိတယ်။ သူမကလည်း မြန်မာနိုင်ငံသားပဲ။ လှေပဲ့နင်း ထိုင်းလူမျိုး (၂) ယောက်ကိုလည်း ဖမ်းဆီးထားတယ်။ အမှုအပိုင်းက (၂) မျိုးရှိတယ်။ ပွဲစားအဖြစ် ကျူးလွန်တဲ့အမှုရယ်၊ လုပ်သားတွေ နစ်နာတဲ့အပိုင်းအတွက် အမှုရယ် ဖြစ်တယ်။ ကယ်ထားတဲ့ (၁၈) ယောက်ကိုလည်း အချက်အလက်စုဆောင်းဖို့အတွက် ပတ္တရား လဝကရုံးမှာ ထားထားပါတယ်။ ပြီးပြတ်လို့ရှိရင် မြန်မာပြည်ထဲကို ကောင်းကောင်း ပြန်ပို့ပေးမယ်လို့ သိရတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

လွတ်မြောက်လာသူများတွင် အသက် (၅၁) ရှိ အစိုးရဝန်ထမ်းတဦးနှင့် (၁၅) နှစ်အရွယ် ကလေး (၂) ဦးလည်း ပါဝင်ပြီး ၎င်းတို့အများစုသည် ကော့သောင်းနှင့် မဲဆောက်နယ်စပ်မှတဆင့် ပွဲစားများက လက်ဆင့်ကမ်း လွှဲပြောင်းမှုကို ခံခဲ့ရပြီး
ရောင်းစားခံရခြင်းဖြစ်သည်။ ဝင်စီးခံရသည့် လှေ (၂) စီးပေါ်တွင် (၈) လမှ (၆) လအထိ လစာမရဘဲ ခိုင်းစေခံရသူများ ပါဝင်သည်။

“ဒီပွဲစားတွေက ဂိုဏ်းဖွဲ့ပြီး အလုပ်လုပ်ကြတော့ အစွယ်ပွားတွေက နယ်မြေတိုင်းမှာ ရှိကြတယ်” ဟု ကိုသူရက ပြောသည်။

အောက်တိုဘာ (၁၁) ရက်နေ့ ညနေပိုင်း ငါးဖမ်းလှေများသို့ ဝင်ရောက်စီးနင်းချိန်၌ ရေထဲခုန်ချပြီး ထွက်ပြေးလွတ်မြောက်သွားသည့် ပွဲစားများလည်းရှိကြောင်း သိရသည်။

LPN မှ ကိုအေးဝီမာန်က “သူတို့ကို အစားအစာတောင် ကျွေးချင်မှ ကျွေးတာ။ နေမကောင်းရင်လည်း ဘာဆေးမှ မတိုက်ဘူး။ သေရင်လည်း ပင်လယ်ထဲ ပစ်ချတတ်ကြတယ်။ အခုလွတ်လာတဲ့သူတွေကို ပွဲစားတွေက ထိုင်းဘတ် (၂၂,၀၀၀) ကနေ (၂၅,၀၀၀) အထိနဲ့ ရောင်းစားထားကြတယ်” ဟု ပြောသည်။

ငါးဖမ်းလှေများသည် ပင်လယ်ပြင်သို့ (၁၅) ရက်ခန့် ထွက်လေ့ရှိပြီး ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ချိန် (၃-၄) ရက်တွင် အဆိုပါ မြန်မာနိုင်ငံသားတို့အား ကမ်းအနီးရှိအိမ်များတွင် ပိတ်လှောင်ထားကြောင်း ကိုအေးဝီမာန်က ပြောသည်။

လွန်ခဲ့သည့်နှစ်က အလားတူ ရောင်းစားခံရသည့် မြန်မာနိုင်ငံသား (၁၁) ဦးအနက် (၄) ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ကယ်တင်နိုင်ခဲ့ဖူးကြောင်း မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂက ပြောသည်။

ရေလုပ်သားများအဖြစ် မြန်မာနိုင်ငံသား အများစုလုပ်ကိုင်သည့် မဟာချိုင်ဒေသ၊ ရနောင်းတို့အပြင် ကမ်းနီး(ရက်တို)နှင့် ကမ်းရိုးတန်း ငါးဖမ်းလုပ်ငန်းရှိရာ ဆတ်တာဟစ်ကဲ့သို့ နေရာများတွင် မြန်မာနိုင်ငံသား ရေလုပ်သား (၈) သောင်းအထိ ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂက ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ထောင်ဒဏ် အနှစ် (၂၀) အထက် ကျခံရနိုင်သည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP