Friday, 23 October 2009

ဖွတ်မရ ဓားမပါ ဆုံးကြရမည့် မြန်မာအလုပ်သမားများဘဝ

၁၄ အောက်တိုဘာ ၂၀၀၉

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်နေသည့် အစီအမံသစ်များကြောင့် ထိုင်းနိုင်ငံအတွင်း သန်းချီရောက်ရှိနေသည့် မြန်မာအလုပ်သမားများ ရင်ဆိုင်နေရသည့် ခါးသီးမှုများမှာ တနေ့ထက်တနေ့ အခြေအနေများ ပို၍သာဆိုးရွားလာသည်ဟု အလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့များက သုံးသပ်ပြောဆိုကြသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရတို့ပူးပေါင်းပြီး ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေးပြုလုပ်မှု နားလည်ခြင်း စာချွန်လွှာကို ၂၀၀၃ ခုနှစ် ဇွန်လတွင် လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါ သဘောတူညီမှုအရ ထိုင်းနိုင်ငံရောက် တရားမ၀င် မြန်မာအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေး၊ လူကုန်ကူးမှုမခံရရေးနှင့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရရေးတို့အတွက် ၂၀၀၈ ခုနှစ်တွင် လုပ်ငန်းစတင် အကောင်အထည် ဖော်ခဲ့ပြီး မြန်မာနိုင်ငံသားများ နိုင်ငံသားစိစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို ၂၀၀၉ ခုနှစ် ဇူလိုင်လ (၁၅) ရက်တွင် စတင်ပြုလုပ်ခဲ့သည်။

ထိုင်းတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာ (၁၀) သိန်းခန့်ရှိပြီး ရှေ့နှစ် ဖေဖော်ဝါရီလ (၂၈) ရက်တွင် သက်တမ်းကုန် ဆုံးတော့မည်ဖြစ်ရာ နောက်ထပ်သက်တမ်း တိုးမပေးတော့ဘဲ ဆက်လက် အလုပ်လုပ် လိုသူများသည် မြန်မာနိုင်ငံမှထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် ပါရှိရမည်ဖြစ်ပြီး မရှိသူများကို ဖမ်းဆီးအရေးယူမည်ဟု ထိုင်းဘက်က ကြေညာထားသည်။

ဘန်ကောက်၊ မဟာချိုင်ဒေသ ငါးသေတ္တာအလုပ်ရုံမှ မြန်မာအလုပ်သမားတဦးက “ဒီနှစ်ကုန်ရင် မြန်မာတွေ အားလုံးပြန်ရမယ်။ တရားဝင် အလုပ်သမားဖြစ်အောင် နိုင်ငံသား စိစစ်မှုပြန်လုပ်ပြီးမှ ထိုင်းကို ပြန်ဝင်ခွင့်ရမယ်။ ဒါပေမယ့် ယာယီနိုင်ငံကူးလက်မှတ် ကိစ္စကို အလုပ်သမားတွေ စိတ်ဝင်စားမှုနည်းတယ်။ သွားမှာလာမှာနဲ့ ကုန်ကျမှာနဲ့ဆိုရင် အများစု မလုပ်ချင်ကြဘူး။ ဒီကြားထဲ လက်မှတ်လုပ်တဲ့သူတွေရဲ့ မိဘဆွေမျိုးတွေ ဖမ်းဆီးခံရတာ၊ ငွေညှစ်ခံရတာတွေရှိတော့ အများစုက ပြန်မလုပ်ချင်ကြဘူး။ ဒီကိစ္စထိုင်းနဲ့ မြန်မာအစိုးရပဲ အခွန်အကောက်တွေ ရရှိမှာဖြစ်ပြီး အလုပ်သမားတွေကတော့ ဆင်းရဲမွဲတေမှုနွံထဲကနေ ရုန်းထွက်လို့မရတဲ့အပြင် အကြွေးသံသရာမှာပဲ လည်နေကြရမှာဖြစ်တယ်” ဟု ပြောသည်။

(၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် အမှန်တကယ်ကုန်ကျငွေမှာ မြန်မာဘက်တွင် ကျပ် (၃,၀၀၀) နှင့် ထိုင်းဘက်တွင် ဘတ် (၂,၀၀၀) သာ ကုန်ကျသော်လည်း အလုပ်ရှင်နှင့် ပွဲစားများပေါင်းကာ တဦးလျှင် ဘတ် (၈) ထောင်မှ (၁) သောင်းအထိယူပြီး ပြုလုပ်ပေးနေသဖြင့် အလုပ်သမားများ ကြွေးနွံနစ်ရမှုများ ပို၍တိုးပွားလာခဲ့သည်။

ထိုင်းရှိ မြန်မာအလုပ်သမားအများစုမှာ အမှန်တကယ်ကုန်ကျမည့် ငွေနှင့် သတင်းအချက်အလက်များကို တိကျမှန်ကန်စွာ မသိကြသောကြောင့် အလုပ်ရှင်နှင့် ပွဲစားများ၏ခေါင်းပုံဖြတ်ခြင်း ခံနေကြရသည်။

သတင်းအချက်အလက် အမှန်အကန် သိရှိနိုင်ရန်အတွက် မြဝတီရှိ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးမှ ထုတ်ဝေဖြန့်ချိသည့် လက်ကမ်းစာစောင်တွင် မြန်မာအလုပ်သမားများ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ်များ ဖော်ပြထားသော်လည်း ရေရာသည့်ဖြေဆိုမှုမျိုးမရှိဟု ဆက်သွယ် မေးမြန်းသူများက ပြောကြသည်။

လက်မှတ် လျှောက်ထားသူများ၏ မိဘဆွေမျိုးသားချင်းများကို သက်ဆိုင်ရာ အာဏာပိုင်များက မတရား ခြိမ်းခြောက်ပြီး ငွေတောင်းခံမှုများ ဖြစ်ပေါ်နေသည့် ကိစ္စများနှင့် ပတ်သက်၍ မြဝတီမြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်းနင်းရေး အထူးအဖွဲ့ရုံး ဖုန်း ဝ၈၇-၅၂၅၉၇၈၃ သို့ ဘန်ကောက်မြို့၊ ဘန်နားရှိ ရေခဲစက်ရုံအလုပ်သမားတဦးက ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျအရာရှိတဦးက “မြန်မာပြည်က အကျယ်ကြီးပဲ၊ ကျနော်တို့ အားလုံးဘယ်သိနိုင်မှာလဲ။ တနေ့တနေ့ ဖြေရတဲ့ဖုန်းတွေက အများကြီးပဲ။ ဒါတွေက ပေါက်ကရတွေပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါအလုပ်သမားက ၎င်းသည် ယာယီနိုင်ငံကူးလက်မှတ်လျှောက်ရန် ကိုယ်ရေးအချက်အလက်များ ပေးပြီးသည့်နောက်ပိုင်း ကရင်ပြည်နယ်လှိုင်းဘွဲ့ရှိ ၎င်း၏မိဘများနေအိမ်သို့ ရဲနှင့်စစ်တပ်မှ လာရောက်ခြိမ်းခြောက်ပြီး ငွေကျပ် (၁) သိန်း တောင်းခဲ့သည့်အတွက် လက်မှတ်မလုပ်ရန် မိဘများက အကြောင်းကြား ခဲ့ကြောင်း ပြောကြားခဲ့သည်။ အလားတူဖြစ်ရပ်မျိုး ကရင်ပြည်နယ်အတွင်းရှိ နေရပ်ဒေသ အချို့၌လည်း ဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ရှိ မြန်မာအလုပ်သမား အချို့က ပြောသည်။

၂ဝဝ၉ ခုနှစ် ဇူလိုင်လမှသြဂုတ်လအထိ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများကို ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရာတွင် မြန်မာအလုပ်သမား (၁ဝ) သိန်းနီးပါးခန့် မှတ်ပုံတင် ခဲ့ကြသော်လည်း လွန်ခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့မှစတင်၍ မြန်မာနယ်စပ်မြို့ များဖြစ်သည့် ကော့သောင်း၊ မြဝတီနှင့် တာချီလိတ်မြို့တို့တွင် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာ (၂၁) ရက်နေ့အထိ သွားရောက် လျှောက်ထားသူ (၁,၄၅၅) ဦးသာ ရှိသည့်အတွက် ပမာဏအားဖြင့် အလွန်နည်းပါး သည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောဆိုသည်။

မဲဆောက်မြို့တွင် မြန်မာအလုပ်သမားများ၏အရေး ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းလူ့အခွင့်အရေး အဖွဲ့တခု၏ရုံးမှ ထိုင်းရှေ့နေတဦးက “လက်ရှိ မြန်မာဘက်က နိုင်ငံသားစိစစ်မှုနှုန်းအရဆိုရင် ဘယ်လိုမှ အလုပ်မဖြစ်နိုင်ဘူး။ ဒီကိစ္စအတွက် ထိုင်းအစိုးရဘက်က အချိန်ထပ်တိုးပေးရမယ့် အနေအထားရှိတယ်။ အဲလို တခုခု စီစဉ်ဆောင်ရွက်ပေးတာ မရှိရင်တော့ ထိုင်းအစိုးရနေနဲ့ တရားမဝင် အလုပ်သမား ပြဿနာနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ရင်ဆိုင်ရမှာဖြစ်တယ်။ အခု အခြေအနေကို ကြည့်ရတာ မြန်မာအလုပ်သမားတွေက သူတို့အစိုးရကို အယုံအကြည်မရှိတဲ့ သဘောဖြစ်နေတယ်” ဟု ပြောသည်။

“လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုရင် သူ့နိုင်ငံသားတွေကို နိုင်ငံသားစိစစ်မှုအတွက် ထိုင်းကနေ ကိုယ့်နိုင်ငံကို ပြန်ဖို့မလိုဘူး။ လာအိုအစိုးရက ထိုင်းနိုင်ငံထဲကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး နိုင်ငံသားစိစစ်မှု ပြုလုပ် ပေးတဲ့အတွက် အလုပ်သမားတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရရှိခဲ့တယ်။ မြန်မာအစိုးရအနေနဲ့ အဲဒီနိုင်ငံတွေ လိုလုပ်မှပဲ အဆင်ပြေနိုင်မယ်” ဟုလည်း ၎င်းက ပြောသည်။

နိုင်ငံသားစိစစ်မှု သဘောတူညီမှု စာချွန်လွှာကို ၂ဝဝ၂ ခုနှစ်တွင် ထိုင်းနှင့်လာအို၊ ၂ဝဝ၃ ခုနှစ်တွင် ထိုင်းနှင့် ကမ္ဘောဒီးယား၊ ထိုင်းနှင့်မြန်မာတို့ အသီးသီးလက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိအချိန်ထိ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်များက ဘန်ကောက်တွင် ရုံးများဖွင့်ထားပြီး ၎င်းတို့နိုင်ငံသားများအတွက် ဝန်ဆောင်မှုများပေးလျက်ရှိသည်။ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် အလုပ်သမားများ အနေဖြင့် ခရီးဝေးသွားစရာမလိုဘဲ ငွေကုန်ကြေးကျနည်းကာ ဘန်ကောက်မြို့တွင် နေ့ချင်းပြီးပြုလုပ်နိုင်သည်။

လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကဲ့သို့ မြန်မာဘက်မှ ဘန်ကောက်တွင် ရုံးဖွင့်၍ဝန်ဆောင်မှုပေးမည်ဆိုလျှင် မြန်မာအလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုကို ရရှိမည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “လာအိုနဲ့ ကမ္ဘောဒီးယားလို စနစ်မျိုးလုပ်သင့်တယ်။ နောက်ပြီးတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ လျှော့ပေါ့ပေးရမယ်။ အလုပ်သမားတွေရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ပြန်လည်တည်ဆောက်ရမယ်။ အဲလိုမှ မလုပ်ရင်တော့ ဘယ်သူမှ အယုံအကြည်ရှိမှာမဟုတ်ဘူး” ဟု ပြောသည်။

ထိုင်းအလုပ်သမားမှတ်ပုံတင်ရှိသူများသာ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရှိပြီး ထိုင်းအလုပ်ရှင်နှင့်အတူ မြ၀တီ၊ ကော့သောင်း၊ တာချီလိတ် နယ်စပ်မြို့တို့တွင် မြန်မာမှတ်ပုံတင်မူရင်းနှင့် သွားရောက်ရမည်ဖြစ်သည်။ ထိုင်းအလုပ်သမား လက်မှတ်မရှိသူများ လျှောက်ထားခွင့် မရှိဟုလည်း ထိုင်းနှင့်မြန်မာဘက်က ကြေညာထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက ပြီးခဲ့သည့် ဇူလိုင်မှသြဂုတ်လ (၂၈) ရက်အထိ အလုပ်သမား မှတ်ပုံတင်ရန် အချိန်ကန့်သတ်ပေးခဲ့ပြီး ယင်းကာလအတွင်း မှတ်ပုံတင် မပြုလုပ်သူများ သည် တရားမ၀င် အလုပ်သမားများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

ထိုင်းအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏တာဝန်ခံ ဦးမိုးဆွေက “မြန်မာအလုပ်သမားတွေ လက်မှတ်လုပ်တာ နည်းပါးရတာက လက်မှတ်လျှောက်တဲ့ လူတွေရဲ့ ဆွေမျိုးသားချင်းတွေ ငွေညှစ်ခံရတဲ့ပြဿနာတွေကြောင့်ပါ။ လက်မှတ်လျှောက်တဲ့ မဟာချိုင်က အလုပ်သမတဦး ပုံစံဖြည့်ပြီး မကြာဘူး၊ သူ့အိမ်က ဖုန်းဆက်လာတယ်၊ အိမ်ကို လာခြိမ်းခြောက်ပြီး တလ ကျပ် (၃) သောင်း တောင်းတယ်၊ မလုပ်နဲ့တော့လို့ ပြောတယ်။ ဒီလိုမျိုး အာဏာပိုင်တွေရဲ့ မရိုးသားမှုတွေကြောင့် ဖြစ်ရတာ” ဟု ပြောသည်။

ထိုင်းအလုပ်ရှင်နှင့်အတူ သက်ဆိုင်ရာဒေသ အလုပ်သမားရုံးတွင် တင်သွင်းရသည့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ၏ လျှောက်လွှာကို ထိုင်းအလုပ်သမားရုံးမှတဆင့် ဘန်ကောက်ရှိ မြန်မာသံရုံးသို့ ပေးပို့ကာ မြန်မာနိုင်ငံသို့ နိုင်ငံသားစိစစ်ရန် ထပ်မံပို့ဆောင်ပေးခြင်းဖြစ်သည်။

မြန်မာဘက်မှ အာဏာပိုင်များက လျှောက်ထားသူ၏ နေရပ်ဒေသသို့ သွားရောက်၍ နိုင်ငံသား စိစစ်စစ်ဆေးရာ တွင် မတရားအကျပ်ကိုင် ခြိမ်းခြောက်ငွေညှစ်မှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း ဘားအံမြို့နယ် သံလွင်မြစ်ကမ်း နံဘေးရှိ ကျေးရွာတရွာမှ ကိုယ်တွေ့ကြုံခဲ့ရသူတဦးကလည်း ပြောဆိုသည်။

ဘန်ကောက် ပထုံဌာနီ ပလတ်စတစ်စက်ရုံမှ အလုပ်သမားတဦးကမူ အလုပ်ရှင်များက ယာယီနိုင်ငံကူး လက်မှတ်အတွက် လက်မှတ်လုပ်လိုသူတဦးလျှင် ဘတ်ငွေ (၁) သောင်းခန့် အဆမတန် တောင်းသည့် အတွက်ကြောင့် အလုပ်သမားအများစုက စိတ်ဝင်စားမှုနည်းကြကြောင်း ထောက်ပြပြောဆိုသည်။

အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များကလည်း ထိုင်းအလုပ်ရှင် အများစုသည် မြန်မာ အလုပ်သမား များ ယာယီနိုင်ငံကူး လက်မှတ်လျှောက်ထားမှုကို မလိုလားကြကြောင်း၊ ယခင်ကဲ့သို့ အလုပ်သမားများအပေါ် သက်သာသည့် လုပ်အားခဖြင့် ခေါင်းပုံဖြတ်နိုင်ရန် အခွင့်အလမ်းများ နည်းပါးလာခြင်းကြောင့်ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။

မဲဆောက်မြို့ရှိ အိုမီဂါ အထည်ချုပ်စက်ရုံမှ မြန်မာမန်နေဂျာတဦးက “အလုပ်ရှင်အများစုကတော့ ယာယီနိုင်ငံကူး လက်မှတ်ကိုင်မှာကို မပြောနဲ့ ထိုင်းအလုပ်သမား မှတ်ပုံတင်လုပ်တာတောင် မကြိုက်ကြဘူး။ ကျနော်တို့ စက်ရုံမှာဆိုရင် အလုပ်သမားပေါင်း (၁,၀၀၀) နီးပါးရှိတယ်။ သူတို့ အများဆုံး တနေ့ ဘတ် (၈ဝ) ပဲရတယ်။ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်းမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံး တနေ့ လုပ်အားခက (၁၅၁) ဘတ် ဖြစ်တယ်ဆိုတော့ အလုပ်ရှင်က အလုပ်သမားတယောက်အပေါ်မှာ တနေ့ဘတ် (၇ဝ) အမြတ်ရတယ်။ လူ (၁,၀၀၀) ဆိုတော့ တလကို (၂၁) သိန်း အနည်းဆုံးရတယ်။ တရားမဝင်အလုပ်သမား အသုံးပြုတဲ့အတွက် ဆိုင်ရာကို ပေးကမ်းရတာ အလွန်ဆုံးတလ (၁) သိန်းပဲ။ ဒါကြောင့် အလုပ်ရှင်တွေက တရားမဝင် အလုပ်သမားတွေကို ပိုကြိုက်ကြတာဖြစ်တယ်”ဟု ရှင်းပြသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်က လွန်ခဲ့သည့် ဇူလိုင်လ (၁၁) ရက်နေ့က ထိုင်းနိုင်ငံတွင် ထိုင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံအပြီးတွင် “ကျနော်တို့ အခုလုပ်တဲ့ လုပ်ငန်းစဉ်ဟာ မြန်မာအလုပ်သမားတွေကို အကာအကွယ်ပေးဖို့အတွက် ဖြစ်တယ်။ အလုပ်သမားတွေကို အခွန်ကောက်တာ၊ မိသားစုတွေအပေါ် တစုံတရာ ငွေကြေးကောက်ခံတာတွေ ပြုလုပ်မယ် ဆိုတာတွေဟာ ကောလာဟလများသာဖြစ်တယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော် ယာယီနိုင်ငံကူး လက်မှတ်ရရှိသူအချို့ ဘန်ကောက်အပါအဝင် သက်ဆိုင်ရာ ဒေသအလုပ်ခွင်များသို့ ပြန်ရောက် ရှိချိန်တွင် ၎င်းတို့ ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က သိမ်းထားလိုက်ပြီး လုပ်အားခ မှာလည်း ထိုင်းနိုင်ငံတွင် ဒေသအလိုက် သတ်မှတ်ထားသည့် နှုန်းထားများမရရှိကြသည့်အပြင် လက်မှတ် သွားလုပ်စဉ် ကုန်ကျငွေ ဘတ် (၁) သောင်းခန့် ကိုလည်း အရစ်ကျပေးသွင်းနေရသည်ဟု လက်မှတ် သိမ်းဆည်းခံရသူ တဦးက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက နာယက၊ သံမှူးကြီးက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဖွဲ့စည်းမည်ဟု အစိုးရမီဒီယာများတွင် လွန်ခဲ့သည့် ဇူလိုင်လလယ်က ကြေညာခဲ့သော်လည်း အလုပ်သမားများအတွက် ယနေ့အထိ တစုံတရာအကူအညီပေးမှု မရှိသေးဟု လေ့လာသူများက ပြောသည်။

မဲဆောက် ဘန့်စောင်ခွဲအထည်ချုပ်စက်ရုံမှ အလုပ်ကြပ်တဦးက “ကျနော်တို့ မဲဆောက်ဒေသတွင်း စက်ရုံတွေမှာ တရားဝင်တာရော၊ မဝင်တာရော အလုပ်သမား (၁) သိန်းခွဲရှိတယ်။ မြဝတီဘက် ပြန်လုပ်ရမယ့် လက်မှတ်ကို ဘယ်သူမှ ပြန်မလုပ်ကြဘူး။ ကျနော်ရဲ့ (၁၅) နှစ်ကျော် အတွေ့အကြုံအရ အရင်ကလည်း မြန်မာတွေကို အတင်းအကျပ် ပြန်ပို့တာတွေရှိတယ်။ နောက်တော့ ပြန်လက်ခံကြတာပဲ။ မြန်မာတွေ မရှိတာနဲ့ ဒေသတွင်း စက်ရုံ (၂၀၀) လောက်ဟာ အလုပ်လုပ်မယ့်လူ မရှိလို့ ပိတ်ရတာတွေဖြစ်လာတယ်။ အရင်ကလည်း ထိုင်းဘက်က အလုပ်သမားလက်မှတ် သက်တမ်း မတိုးပေးတာတွေ ရှိတယ်။ သန်းနဲ့ချီတဲ့ မြန်မာတွေက လက်မှတ်ရှိရှိ မရှိရှိ နေကြတာဆိုတော့ အလကားဖြစ်မယ့်အတူတူ ထိုင်းဘက်က မှတ်ပုံတင်ခွင့် ပြန်ပြုလိုက်တော့ အစိုးရအတွက် ဝင်ငွေ ဘတ်ဘီလီယံနဲ့ချီပြီးရတဲ့ အနေအထားမျိုးရှိခဲ့တော့ အခုကိစ္စကိုလည်း အလုပ်ရှင်အလုပ်သမားတွေက သိပ်အလေးမထားကြတာ” ဟု ပြောသည်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအာဏာပိုင်များက ယခုလုပ်ငန်းစဉ်သည် မြန်မာအလုပ်သမားများ တရားဝင် မှတ်ပုံတင်ပြီး အလုပ်အလုပ်ခွင့် ဗီစာရရှိထားသဖြင့် ထိုင်းအလုပ်သမားများ နည်းတူ အကျိုးခံစားခွင့်နှင့် အကာအကွယ်များ ရရှိမည်ဖြစ်သည်ဟု ဆိုသော်လည်း လက်ရှိမြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပြဿနာများသည် လျှော့ပါးလာခြင်းမရှိဘဲ ပို၍ဆိုးရွားလာသည့် အနေအထားများသာ များပြားလာသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့များနှင့် လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

မြန်မာအလုပ်သမားများအရေးနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူဖြစ်သည့် မြန်မာစစ်အစိုးရအနေဖြင့် မှန်ကန်သည့် သဘောထားနှင့် စေတနာမပါဘဲ ဟန်ပြသက်သက်သာ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားများ အရေးကိစ္စသည် ပို၍တိုးပွားလာမည်သာ ဖြစ်သည်ဟုလည်း ပြောကြသည်။

ထိုင်းနှင့်မြန်မာဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်မှုနှင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးမှု လုပ်ငန်းစဉ်သည် ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရများအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် အစီအမံများသာဖြစ်ပြီး ထိုင်းတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် တစုံတရာ အကျိုးဖြစ်ထွန်းမှုများ အရိပ်အယောင် မတွေ့ရသေးဘဲ နှစ်ထပ်ကွမ်းဒုက္ခသည် ဘဝအဖြစ်သို့သာ ရောက်ရှိလာကြရသည်ဟု မြန်မာအလုပ်သမား များနှင့် အလုပ်သမားအရေးဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုနေကြသည်။

ရဲရင့် (သတင်းဆောင်းပါး)
အပြည့်အစုံသို့ >>

မြန်မာအလုပ်သမားများအတွက် အစီအစဉ်သစ် ထိုင်းနှင့်မြန်မာ သဘောတူညီ

ရဲရင့် / ၂၀ အောက်တိုဘာ ၂၀၀၉
ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်ရေး အစီအစဉ်သစ်အရ အလုပ်ခန့်အပ်မှုစာချုပ် ချုပ်ဆိုခြင်းနှင့် ဆေးစစ်ခြင်းများကို မြန်မာနိုင်ငံဘက်တွင် ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါအစီအစဉ်သစ်ကို ယခုလ (၁၁-၁၂) ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်သည့် မြန်မာအလုပ်သမားများ စိစစ်မှတ်ပုံတင်ရေးနှင့် အလုပ်သမားအသစ်များ တရားဝင်စေလွှတ်နိုင်ရေးအတွက် (၇) ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲတွင် နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်းအပတ်စဉ်ထုတ် သတင်းဂျာနယ်တစောင်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက ထိုင်းအလုပ်ရှင်များအနေဖြင့် မြန်မာအလုပ်သမားအသစ်များ ခေါ်ယူရာတွင် လုပ်သားလိုအပ်ချက်ခေါ်စာကို မြန်မာဘက်သို့ ပေးပို့ရမည်ဖြစ်ပြီး အလုပ်သမားရပိုင်ခွင့်၊ ခံစားခွင့်နှင့် နှစ်ဖက်လိုက်နာရမည့် စည်းကမ်းချက်များ ပါရှိရမည်ဖြစ်ပြီး ဆေးစစ်မှုကိုလည်း မြန်မာနိုင်ငံတွင် စစ်ဆေးမည်ဖြစ်သည်ဟု ပြောသည်။

ထို့အပြင် အလုပ်ခန့်အပ်မှုစာချုပ်ကို မြန်မာဘက်သို့ ပေးပို့ရမည်ဖြစ်ပြီး မြန်မာနယ်စပ်ရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားများ စာချုပ်ချုပ်ဆိုရမည်ဖြစ်ကာ အလုပ်ခန့်အပ်ပြီး တလအတွင်း အလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည်ဟုလည်း ပြောသည်။

အဆိုပါ အစီအစဉ်သစ်များနှင့်ပတ်သက်၍ ထိုင်းဘက်မှလည်း အများပြည်သူများ သိရှိစေရန် မီဒီယာများမှတဆင့် သတင်းထုတ်လွှင့်ခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကမူ မြန်မာအလုပ်သမားများအတွက် လက်ရှိထက် ပိုမိုဆိုးရွားမည့် အခက်အခဲများနှင့် အသစ်တဖန်ကြုံတွေ့ရမည့် လုပ်ငန်းစဉ်ဟု ပြောသည်။

အဖွဲ့တာဝန်ခံ ဦးမိုးဆွေက “ဒီသဘောတူညီချက်အတိုင်းပဲ အလုပ်သမားတွေကို တရားဝင်လွှတ်ကြရမှာဖြစ်တယ်။ ဒါပေမယ့် ဖြစ်နေတဲ့ပြဿနာက အလုပ်သမားတွေကို အစိုးရဘက်က အကာအကွယ်ပေးမယ်လို့ပြောပြီး ပြောတာနဲ့ လက်တွေ့က အမြဲကွာတယ်၊ ကတိလည်းမတည်ဘူး။ လက်မှတ်သွားလုပ်ရင် တကယ်ကုန်ကျတာက မြန်မာဘက် ကျပ် (၃,၀၀၀)၊ ထိုင်းဘက် ဘတ် (၂,၀၀၀)။ လက်တွေ့မှာက အဲလိုမဟုတ်ဘူး။ ထိုင်းမှာ မြန်မာအစိုးရကနေပြီး အသိအမှတ်ပြုထားတဲ့ အလုပ်သမားအေးဂျင့် (၃) ခုရှိတယ်၊ ဘန်ကောက်မှာအခြေချတယ်။ ဒီကုမ္ပဏီတွေက လက်မှတ်သွားလုပ်တဲ့လူတဦးကို ဘတ် (၆,၀၀၀) ကနေ (၁၀,၀၀၀) အထိယူတယ်။ ဒီကိစ္စကို အစိုးရကနေပြီး တနည်းတဖုံနဲ့ ကိုင်တွယ်သင့်တယ်” ဟု ပြောသည်။

“ဆေးပြန်စစ်ရင် ဘယ်လောက်ကုန်မှာလဲ၊ ဒါလဲ မေးခွန်းတခု။ မြန်မာဘက်ကျပ် (၃) ထောင် ဆိုပေမယ့် ကျပ်သိန်းချီ ကုန်တာတွေရှိတယ်။ ထိုင်းဘက်ပြန်ရောက်ရင် ဘတ် (၂) ထောင် ပေးရအုံးမယ်။ ထိုင်းမှာ အလုပ်သမားလက်မှတ် ပြန်လျှောက်ရင် ကျန်းမာရေးဆေးစစ်ခ (၁,၉၀၀) ထပ်ပေးရအုံးမယ်။ အခု မြန်မာနဲ့ထိုင်း နှစ်ဖက်အစိုးရကိုပေးနေရပြီ။ အဲလို ပေးရတာထက် ဆိုးတာက သတ်မှတ်တာထက် အဆမတန်များတဲ့ငွေကို ပေးနေရတယ်။ မြန်မာအစိုးရအနေနဲ့ မြန်မာအလုပ်သမားတွေကို နိုင်ငံအတွက် ၀င်ငွေရှာပေးနေတဲ့လူတွေလို့ သဘောထားပြီး ဒီကိစ္စကို မှန်မှန်ကန်ကန် ဖြေ ရှင်းပေးဖို့လိုတယ်” ဟုလည်း ဆက်ပြောသည်။

အဆိုပါမြန်မာအလုပ်သမားများ စိစစ်မှတ်ပုံတင်ရေးနှင့် တရားဝင်အလုပ်သမား စေလွှတ်နိုင်ရေးဆိုင်ရာ ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က “အလုပ်သမားတွေအတွက် အခွန်မကောက်ဘူးဆိုတာကို ကျနော်ရောက်တဲ့နေရာတိုင်းမှာ အာမခံပြီးသား ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိထိုင်းနိုင်ငံတွင် ထိုင်းအလုပ်သမား မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁၀) သိန်းခန့်ရှိပြီး မြန်မာနိုင်ငံဘက်မှ ထုတ်ပေးသည့် (၂) နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ်များကို ပြီးခဲ့သည့် ဇူလိုင်လလယ်မှစပြီး နယ်စပ်မြို့များဖြစ်သည့် ကော့သောင်း၊ မြ၀တီ၊ တာချီလိတ် စသည့်မြို့တို့တွင် စတင်ထုတ်ပေးနေရာ ယခုလ (၁၃) ရက်အထိ လာရောက်ထုတ်ယူသူ မြန်မာအလုပ်သမား (၂,၁၀၀) ဦးရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

မလေးရှားအကျဉ်းစခန်းတွင် မြန်မာ (၃,၅၀၀) ခန့် ပြန်စရိတ်မရှိ၍ သောင်တင်နေ

ဝီရ / ၉ အောက်တိုဘာ ၂၀၀၉
သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး မလေးရှားအကျဉ်းစခန်းများတွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမား (၃,၅၀၀) ခန့်ရှိကြောင်း လွတ်မြောက်လာသူများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူတို့က ပြောသည်။

အများစုမှာ လွတ်ရက်စေ့သော်လည်း မြန်မာနိုင်ငံသားအဖြစ် အထောက်အထား မပြသနိုင်ခြင်း၊ အပြန်လေယာဉ် စရိတ် မတတ်နိုင်ခြင်းတို့ကြောင့် မလေးရှား ထိန်းသိမ်းရေးစခန်းများတွင် နှစ်ရှည်အကျဉ်းကျနေကြခြင်းဖြစ်ပြီး ၎င်းတို့အနက် အမျိုးသမီးများ လည်း ပါဝင်သည်။

မလေးရှားနိုင်ငံရှိ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုဝင်းနိုင်ဦးက “ဒီကေအယ်လ် လေဆိပ်အနားက Lenggeng အချုပ်ခန်းက ပြန်ဖို့စောင့်နေတဲ့လူတွေ အများဆုံးပေါ့။ ဒီက အများစုက အပြန်စရိတ် မရှိလို့ သောင်တင်နေတာ။ အမှန်က လေယာဉ်လက်မှတ်နဲ့ ဒဏ်ငွေအတွက် ရင်းဂစ် (၆၂၀) ပဲ ကုန်ကျတယ်။ မြန်မာသံရုံးက အဲဒါကို (၁,၆၀၀) ရင်းဂစ်အထိ တောင်းတယ်။ တချို့ဆို အပြင်က ဆွေမျိုးတွေဆီ ဖုန်းဆက်ပြီး ပိုက်ဆံရှာခိုင်းတာလည်း ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။


လွတ်ရက်စေ့သူ နိုင်ငံခြားသားများကို နေရပ်သို့မပို့ခင် ကေအယ်လ် လေဆိပ်အနီးရှိ Lenggeng အချုပ်ခန်းတွင် ခတ္တထားရှိသော်လည်း မြန်မာနိုင်ငံသား အများစုမှာ အဆိုပါအချုပ်ခန်းတွင် နှစ်လကြာစွာ စောင့်ဆိုင်းနေကြရကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသား (၂,၀၀၀) ကျော်ရှိပြီး တဝက်ကျော်မှာ ပြီးခဲ့သည့်သြဂုတ်လမှ ထပ်မံ ရောက်ရှိ လာသူများဖြစ်ကြောင်း ယင်းအချုပ်ခန်းမှ မြန်မာနိုင်ငံသို့ ရောက်လာသူ မွန်ပြည်နယ်သားတဦးက ပြောသည်။

နှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် မလေးရှား ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသားများအား နေရင်းပြန်လည်ပို့ဆောင်ခဲ့ပြီး ယခုအခါ အရေအတွက် (၅၀၀) ခန့်ကို ပို့ဆောင်ပြီးဖြစ်ကြောင်း အောက်တိုဘာ (၆) ရက်ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
အကျဉ်းစခန်းများတွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား (၂,၇၀၀) ကျော် ကျန်ရှိနေသေးကြောင်း စစ်အစိုးရက ဖော်ပြထားသော်လည်း ယင်းအရေအတွက်ထက်များကြောင်း မလေးရှားရှိ အလုပ်သမားအရေး ဆောင်ရွက်သူတို့က ခန့်မှန်းသည်။

လေယာဉ်ဖြင့် ပြန်ရန် မတတ်နိုင်သူများအတွက် လှေများဖြင့် နေရင်းသို့ ပို့ဆောင်ရန် နှစ်ဖက်တာဝန်ရှိသူများက ဆွေးနွေးနေကြောင်း၊ ဖမ်းဆီးထားသည့် တရားမဝင် မြန်မာနိုင်ငံသားတို့အား စင်ကာပူနိုင်ငံက စက်လှေဖြင့် ပထမဆုံးအကြိမ် ပြန်လည်ပို့ဆောင်ပေးခဲ့ဖူးကြောင်း မလေးရှား မြန်မာသံရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

Lenggeng ခတ္တထိန်းသိမ်းရေးစခန်းအပြင် မလေးရှားနိုင်ငံရှိ အခြားအကျဉ်းစခန်း (၅) ခုတွင်လည်း အချက်အလက်ဖြည့်ပြီး နေရပ်ပြန်ရန် စောင့်စားနေသည့် မြန်မာနိုင်ငံသား (၁,၀၀၀) ကျော်ရှိသေးကြောင်း၊ အများစုမှာ မြန်မာနိုင်ငံတွင် အကျဉ်းချခံရမည်စိုး၍ နေရပ်သို့ ပြန်ရန် ငြင်းဆန်နေကြကြောင်း၊ ကုလသမဂ္ဂဒုက္ခသည်အဖြစ် မလေးရှားနိုင်ငံတွင် ဆက်လက် နေထိုင်လိုကြကြောင်း ဒုက္ခသည်အရေးဆောင်ရွက်သူတို့က ပြောသည်။

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံ နိုင်ငံခြားအကျဉ်းသား (၇) ထောင်ကျော်ရှိပြီး မြန်မာနိုင်ငံမှ အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်တို့က တရားဝင်ဖော်ပြထားပြီး မြန်မာနိုင်ငံသား အကျဉ်းသားများအား ခွဲခြားဆက်ဆံခြင်းအပါအဝင် အခြားညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ ငြင်းဆိုထား သည်။

လွတ်မြောက်လာသူ မွန်ပြည်နယ်သားက “အင်ဒိုနီးရှားက လူတွေဆိုရင် အဲဒီအထဲမှာ တပတ်ဆို ပြန်ခွင့်ရပြီ။ ကျနော်တို့ နိုင်ငံသားတွေကျတော့ တချို့ဆို နှစ်နဲ့ချီပြီး ဒီအခန်းကျဉ်းကျဉ်းလေးထဲမှာ စောင့်နေခဲ့ရတယ်။ တချို့ဆို စိတ်ဓာတ်ကျပြီး ထမင်းမစား၊ ဘာမစားနဲ့ သေတာလည်း ရှိတယ်” ဟု ပြောသည်။

အပြည့်အစုံသို့ >>

Wednesday, 7 October 2009

Summit Foot Ware စက်ရုံကို မြန်မာအလုပ်သမား တစ်ထောင်ကျော်ဆန္ဒပြမှု အောင်မြင်


၆။၁၀။၂၀၀၉
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနီး၊ စမှုပါကန် ပါနန် ရှိ Summit Foot Ware ဖိနပ်စက်ရုံမှ မြန်မာ အလုပ်သမား တစ်ထောင်ကျော် သည် အလုပ်သမား အခွင်ရေးများ ရရှိရန် တောင်ဆိုဆန္ဒပြခဲ့ရာ အလုပ်ရှင် မှ ယမန်နေ့ က လိုက်လျော်ခဲ့ သည်။
အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရမှု များကြောင်း စမူပါကန် ပါနန်၊ ထနွန် ဘန်န၀ါ၊ ကော်မော် စီ ၆ ရှိ Summit Foot Ware ဖိနပ်စက်ရုံမှ မြန်မာအလုပ် သမား တစ်ထောင်ကျော်က အောက်တိုဘာ ၃ ရက်နေတွင် အလုပ်မဆင်းပဲ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့သည်။
ဆန္ဒပြမြန်မာ အလုပ်သမားများမှ ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ (ဘန်ကောက်ဌာနခွဲ)သို့ ဆက်သွယ် အကူအညီတောင်းခဲ့သည်။ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ဘန်ကောက်ဌာနခွဲမှ ကိုအောင်မြင့်သိန်း၊ tacdb မှ ထိုင်းရှေ့နေ နှစ်ဦးနှင့် ရောက်ရှိလာပြီး အလုပ်သမား ကာကွယ်ရေးရုံ (စ၀ါဒီကန်) သို့သွားရောက် တိုင်ကြားခဲ့သည်။ အလုပ်သမား ကာကွယ်ရေးရုံ (စ၀ါဒီကန်)မှ လူကြီးများ၊ ထိုင်းရှေ့နေနှစ်ဦး၊ အလုပ်သမား ခေါင်းဆောင်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များက စက်ရုံတွင် ဆွေးနွေးခဲ့သည်။
ဆန္ဒပြအလုပ်သမားများက
၁။ လုပ်ခလစာ အပြည်အ၀ရရှိရေး၊
၂။နေထိုင်မကောင်းလျှင် ကျန်မာရေးခွင့် အပြည်အ၀ရရှိရေး ။
၃။ အလုပ်ပိတ်ရက်များတွင် အလုပ်ခိုင်စေလျှင် လုပ်အားခ နှစ်ဆရရှိရေး၊
၎။အလုပ်သမားသစ်များ အလုပ်ဝင်လျှင် အလုပ်ရုံပွဲစားမှ တစ်ဆင့် အခကြေးငွေ ပေးဆောင်ပြီး မ၀င်ရောက်ရရေး
၅။အလုပ်သမားတိုက်တန်လျာတွင် နေထိုင်သော အလုပ်သမားများအား အခန်းခ၊ ရေခ၊ မီးခ၊ သန်းရှင်းရေခ၊ တယ်လီဖုန်းခ၊ ubc ရုပ်သံလိုင်းခ များလျော်ချပေးရန် စသည် အချက် (၅) ချက်ကို တောင်းဆိုခဲ့ကြသည်။
အလုပ်ရှင်ဘက်မှ ပထမ အချက်သုံးချက်ကိုသာ လိုက်လျော်ခဲ့ပြီး ကျန်နှစ်ချက် ကို ညိုနိုင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း တရာဝင်း လက်မှတ်ရေးထိုးခဲ့သည်။
ဆန္ဒပြပွဲ ဖြစ်ပွားစဉ်အတွင်း အလုပ်သမား ခေါင်းဆောင် ၅ ဦးအား အလုပ်ရှင် ဘက်မှ ထိုင်းရဲများနှင့် လိုက်ခံဖမ်းဆီးခိုင် ခြင်များပြုလုပ်ခဲ့သည်။ အလုပ်သမား များအား အလုပ်ပြန်ဆင်းရန် ထိုင်းရဲများဖြင့် ဖိအားပေးလုပ်ဆောင်ခဲ့သည်။
ယခင်က ထိုင်းအလုပ် သမားများသည် ၎င်းတို့၏ အလုပ်သမား အခွင့်အရေးများ အတွက် (ရ) ကြိမ်တိုင် တောင်ဆို ဆန္ဒပြခဲ့သောလည်း အလုပ်ရှင်မှ လိုက်လျှော်ခြင်း မရှိခဲ့ ပေ။ Summit Foot Ware ဖိနပ်စက်ရုံတွင်
aerosoft ဖိနပ်အမျိုးအစားများကို အဓိကထားထုတ်လုပ်ပြီး အလုပ်သမားနှစ်ထောင်ခန့် အလုပ်လုပ်ကိုင် နေကြကာ အများစုမှာ မြန်မာ အလုပ်သမားများ ဖြစ်ကြသည်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့သည် အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများကို ထိရောက်စွာ ကူညီဆောင်ရွက်ပေးနေသော အလုပ်သမား အဖွဲ့အစည်းတစ်ခုဖြစ်သည်။

အယ်ကဟော
အပြည့်အစုံသို့ >>

Tuesday, 6 October 2009

မလေးရှားမှ ဌာနေပြန် မြန်မာများ ခြိမ်းခြောက် ငွေညှစ်ခံနေရ

ဝီရ / ၆ အောက်တိုဘာ ၂၀၀၉
မလေးရှားနိုင်ငံ အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံလွတ်ရက်စေ့ မြန်မာနိုင်ငံသားတို့အား နေရင်းတိုင်းပြည်သို့ ပြန်လည်ပို့ဆောင်ရာတွင် မြန်မာအာဏာပိုင်တို့က အမျိုးမျိုးခြိမ်းခြောက်ကာ ငွေညှစ်နေကြောင်း လွတ်မြောက် လာသူများက ပြောသည်။

“ကျနော်တို့ကို မင်္ဂလာဒုံ လေဆိပ်အနားက ရဲစခန်းကို ခေါ်သွားပြီး စစ်မေးတော့တာပဲ။ နယ်ကလူတွေအားလုံးကို အဲဒီမှာ အရင်ချုပ်ထားတယ်။ အမျိုးမျိုးခြိမ်းခြောက်တယ်။ (၅) ရက်လောက်ကြာတော့ ကျနော့်မိသားစု ရောက် လာပြီး ပိုက်ဆံ (၃) သိန်း ပေးလိုက်တော့မှ ခရီးသွားထောက်ခံစာတစောင် ထုတ်ပေးတယ်။ အချုပ်ထဲကနေ မှာ စားတဲ့ ထမင်းဟင်းနဲ့ လက်ဖက်ရည် စရိတ်က (၅) ရက်မှာ (၁) သိန်းနီးပါး ထပ်ပေးရတယ်” ဟု မလေးရှား အကျဉ်းစခန်းတွင် (၂) နှစ်ကြာ ထိန်းသိမ်းခံရပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ပို့ဆောင်ခံရသည့် မွန်ပြည်နယ် သားတဦးက ပြောသည်။

စက်တင်ဘာလလယ်ပိုင်းက ပြန်ရောက်လာသည့် ၎င်းတို့အသုတ်တွင် နယ်ပြန်ရန် မှတ်ပုံတင်မရှိသူ အယောက် (၃၀) ကျော်အား မင်္ဂလာဒုံ ရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏မလေးရှားရင်းဂစ်ငွေ (၄၀၀) ကိုလည်း မင်္ဂလာဒုံလေဆိပ်တွင် အသိမ်းခံလိုက်ရကြောင်း အဆိုပါ မွန်ပြည်နယ်သားက ပြောသည်။

မင်္ဂလာဒုံရဲစခန်းတွင် အာဏာပိုင်တို့က မလေးရှားသို့ မည်သူက မည်သည့်လမ်းကြောင်းမှ ပို့ဆောင်ပေးသည်၊ မည်မျှကြာ အလုပ်လုပ်ခဲ့သည်၊ မလေးအကျဉ်းစခန်းတွင် မည်မျှကြာခဲ့သည် စသည့်အချက်အလက်တို့ကို အသေးစိတ်မေးမြန်းပြီး ကျန်ရှိသည့် ပြစ်ဒဏ်အတွက် မြန်မာနိုင်ငံတွင် ထပ်မံကျခံရန် မလေးရှားအစိုးရက အပ်လိုက်ကြောင်း ခြိမ်းခြောက်ကာ နေအိမ်တွင် ပိုင်ဆိုင်မှု မည်မျှရှိသည်၊ မည်မျှအခွန်ဆောင်လျှင် လွှတ်ပေးမည်ဟု ပြောဆိုကာ ငွေညှစ်ရန် အမျိုးမျိုးအကြောင်းပြနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတို့အား ယခင်က မလေးရှားနယ်စပ် (အလိုစတာ) နှင့် ထိုင်းနယ်စပ် (ဟတ်ယာ) ဘက်သို့ ပို့ဆောင်ပေးခဲ့ရာတွင် ၎င်းတို့အား သက်ဆိုင်ရာအာဏာပိုင်တို့က လူကုန်ကူး၊ ရောင်းစားမှုများ ရှိခဲ့သဖြင့် ၂၀၀၉ ခုနှစ် ဧပြီလမှစ၍ ထိုကဲ့သို့ ပို့ဆောင်ခြင်းမျိုးကို ရပ်ဆိုင်းခဲ့သည်။
ထို့နောက် လွတ်ရက်စေ့ မြန်မာနိုင်ငံသားတို့အား နေရင်းတိုင်းပြည်သို့ တိုက်ရိုက်ပို့ဆောင်ရန် နှစ်နိုင်ငံ သဘော တူညီမှု ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပို့ဆောင်ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံသို့ ပြန် ရောက်လာသူ (၄၄၇) ဦး ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက စာရင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာသူများမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လေဆိပ်အနီးရှိ ထိန်းသိမ်းရေး စခန်းမှ မြန်မာနိုင်ငံသား (၈၀၀) ကျော်အနက် နိုင်ငံသားဟုတ်မှန်ကြောင်း အထောက်အထားပြည့်စုံသူများဖြစ် ကြောင်း သိရသည်။

၎င်းတို့အနက် မလေးရှားနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ သွားရောက်လုပ်ကိုင်သူ အချို့လည်းပါဝင်ပြီး ၎င်းတို့ မှာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတို့၏ ခေါင်းပုံဖြတ်မှုတို့ကြောင့် ဧဂျင့်မှ ထွက်ပြေးပြီး တရားမဝင် အလုပ်သမားအဖြစ် ရောက်သွားသူများဖြစ်သည်။

တရားဝင်အလုပ်သမားအဖြစ် မလေးရှားတွင် (၆) လကြာ လုပ်ပြီး ဧဂျင့်မှထွက်ပြေးခဲ့သူ ကိုဝေလွင်ဦးက “ဧဂျင့်က တနေ့ လုပ်အားခအတွက် (၁၆) ရင်းဂစ်ပဲ ပေးတယ်။ အချိန်ပိုလည်း မပေးဘူး။ တလမှာ ကျပ်ငွေ (၁) သိန်းတောင် မကျန်ဘူး။ ဧဂျင့်ကို သွင်းရတာလည်း အမျိုးမျိုးပဲ။ လာတုန်းကတော့ တနေ့ (၂၅) ရင်းဂစ် အနည်းဆုံးရမယ် ပြောတယ်။ ဒါကြောင့် ကျနော် ထွက်ပြေးခဲ့တာ။ မလေးမှာ ဧဂျင့်က ကျနော်တို့ကို Passport ပေးမကိုင်ဘူး။ Work Permit လည်း မိတ္တူတရွက် ကူးပေးထားတာကိုပဲ ပေးထားတယ်။ ထွက်မပြေးအောင် လုပ်ထားတာပါ။ ထွက်ပြေးရင် Passport ရော၊ Work Permit ရော ဆုံးတာပေါ့။ ဒါပေမယ့် ထွက်ပြေးတဲ့သူတွေ များမှများပဲ။ ကျနော့်ဧဂျင့်တခုတည်းမှာတောင် လူ (၁၀၀) ကျော်မှာ (၃၀) ကျော် ထွက်ပြေးတယ်။ (၁၀) ယောက်က မလုပ်နိုင်လို့ အဆုံးခံပြီး မြန်မာပြည်ကို ပြန်သွားကြတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်လိုသူများသည် အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ရ ပြည်ပအ လုပ်အကိုင် အကျိုးဆောင်အေဂျင်စီများမှတဆင့် ဆက်သွယ်ဆောင်ရွက်သင့်ကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများ စာရင်းကို အလုပ်သမား ညွှန်ကြားရေးဦးစီဌာန မြို့နယ်ရုံးများ၌ ကြော်ငြာထား ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

လိုင်စင်လျှောက်ထားခြင်း မရှိသည့် အလုပ်အကိုင် အေဂျင်စီအချို့၏ မက်လုံပေးမှုများကြောင့် ပြည်ပရောက် အလုပ်သမားများ အခက်အခဲများနှင့်ရင်ဆိုင်ရကာ လူကုန်ကူးခံရသည့် ဖြစ်ရပ်ဆိုးများနှင့်လည်း ကြုံတွေ့ကြရ ကြောင်းလည်း သတင်းစာတွင် ရေးသားထားသည်။
အပြည့်အစုံသို့ >>

Saturday, 3 October 2009

ထိုင်းရောက် မြန်မာအလုပ်သမားတချို့ ပိတ်လှောင်စေခိုင်းခံရ

01 October 2009၊ VOA News

ပြည်တွင်းမှာ အဓမ္မလုပ်အား စေခိုင်းမှုတွေနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေဟာ ပြည်ပထွက် အလုပ်လုပ် ကိုင်ရာမှာလည်း ဒီလိုအခြေအနေတွေနဲ့ ကြုံနေရပါတယ်။ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသက မြန်မာအလုပ်သမား တွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်ကိုကျော်ထင် က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတွင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေ မဟာချိုင်ဒေသက ပုစွန်လုပ်ငန်းခွင်တခုကို ၀င်ရောက်စီးနင်းခဲ့ရာမှာ လှောင်ပိတ်စေခိုင်းခံနေရတဲ့ မြန်မာအလုပ်သမား ၅၀ ကျော် ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ တရက်ကို နာရီ ၂၀ အလုပ်လုပ်ရပြီး လုပ်ခ ဘတ် ၅၀ သာ ရတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ (FTUB) က ပြောပါတယ်။

ကယ်တင်ခံရသူတွေထဲ ကလေးလုပ်သားတွေလည်း ပါတယ်လို့ FTUB ရွှေ့ပြောင်း အလုပ်သမားရေးရာ တာဝန် ခံ ဦးတင်ထွန်းအောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ လလောက်ကလည်း ထောင်လိုထားပြီး အလုပ်သမားတွေကို ခိုင်းနေတဲ့ စက်ရုံမျိုးလည်း ကျနော်တို့ ကယ်ခဲ့ဖူးတာ ရှိတယ်။ အဲဒီမှာလည်း အသက်မပြည့်တဲ့ ကလေးတွေ ပါတယ်လေ။ အဲဒါတွေက လက်ရှိဖြစ်နေတဲ့ အနေထားပေါ့နော်”

ခုလို စစ်ဆေးမှုတွေရှိပေမယ့် စက်ရုံပိုင်ရှင်အများစုဟာ ကြိုတင်သတင်းရထားတာကြောင့် တရားမ၀င် အလုပ် သမားတွေနဲ့ ကလေးလုပ်သားတွေကို ယာယီ ထုတ်ပယ်ထားကြတယ်လို့ အလုပ်သမားအရေး လုပ်သူတွေက ပြောကြပါတယ်။

မကြာခဏဆိုသလို အရေးယူခံရပေမဲ့လည်း ဥပဒေအရ ထိရောက်စွာ အရေးယူမှု မရှိသေးဘူးလို့ ဦးတင်ထွန်းအောင်က ဆက်ပြောပါတယ်။

“ဒီလို ကလေးအလုပ်သမားတွေ၊ မတရား အချိန်ကြာမြင့်စွာ ခိုင်းစေမှုတွေက မဟာချိုင် နယ်မြေဒေသမှာ မှုခင်း တော်တော်များများ ကျနော်တို့ ဖော်ထုတ်ခဲ့ဖူးတာ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့မြင်တာက ထိုင်းအစိုးရ ကိုယ် တိုင်ကိုကလည်း ဒီဟာတွေကို သူတို့ ဖုံးဖိချင်တယ်။ နောက်ပြီး နယ်မြေမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ကလည်း နယ်မြေခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းမှုရှိတဲ့အတွက် အရေးယူ ဆောင်ရွက်မှုတွေဟာ ထိရောက်သင့်သ လောက် မထိရောက်ဘူး။ အထူးသဖြင့် ဒီစက်ရုံတွေကို ထိုင်းအာဏာပိုင်တွေရော၊ နိုင်ငံတကာကရော ၀င် ရောက်စစ်ဆေးပြီး ဖမ်းဆီးအရေးယူပေမဲ့ ကျနော်တို့မြင်တာ ဒီစက်ရုံသည် ဆက်ပြီး အလုပ်လုပ်ခွင့် ရှိနေတယ်၊ ဒီစက်ရုံက ပစ္စည်းတွေကို ဆက်ထုတ်နေတာ တွေ့ရတယ်။ အဲဒီလို ထိရောက်စွာ အရေးယူမှု မရှိတဲ့အတွက် ဒီလို မျိုး အလုပ်ရှင်တွေရဲ့ ချိုးဖောက်မှုတွေ ပိုပြီး ရှိလာတဲ့ အနေအထား တွေ့ရတယ်။”

ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ပုစွန်လုပ်ငန်းခွင်တွေမှာ အလုပ်ချိန်များများ လုပ်ရပေမယ့် လုပ်ခနည်းနည်းသာရပြီး ကလေးအလုပ်သမားတွေကိုလည်း သုံးနေဆဲလို့ အမေရိကန်အခြေစိုက် Solidarity Center ရဲ့ သုတေသန စာတမ်း တစောင်မှာ ဖော်ပြထားပါတယ်။ ထိုင်းဟာ ပုစွန်တင်ပို့တဲ့ ထိပ်တန်းနိုင်ငံဖြစ်ပြီး ပုစွန်ကုန်ချော တင်ပို့ ထုတ်လုပ်မှုရဲ့ ၄၀% ဟာ မဟာချိုင်ဒေသက ဖြစ်တယ်လို့လည်း သုတေသနစာတမ်းက ဆိုပါတယ်။ ဒီနှစ်ထဲ ရေချို၊ ရေငံ ငါးဖမ်းလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသား ၃၈၀,၀၀၀ နီးပါး မှတ်ပုံတင် ခဲ့ကြတယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။
အပြည့်အစုံသို့ >>

Monday, 28 September 2009

မလေးရှား အကျဉ်းစခန်းရှိ မြန်မာများ ထပ်မံသေဆုံး

Friday, 25 September 2009 17:20 သန်းထိုက်ဦး

E-mail Print
မလေးရှား နိုင်ငံတွင် အထိန်းသိမ်းခံနေရသူ မြန်မာအလုပ်သမား များသည် အဖျားရောဂါ တမျိုးကြောင့် သေဆုံး သူ စုစုပေါင်း (၈) ဦး ရှိပြီဖြစ်ကြောင်း ၎င်းစခန်းမှ ထိန်းသိမ်းခံရသူ တဦးက ပြောသည်။

အဆိုပါ သေဆုံးသည့် အလုပ်သမားများသည် ကွာလာလမ်ပူမြို့နိုင်ငံတကာ လေဆိပ်အနီးရှိ ထိန်းသိမ်းရေးစခန်း တရားမ၀င်နေထိုင်မှုများဖြင့် ထိန်းသိမ်းခံနေရသူများဖြစ်ပြီး ၎င်းတို့သည် ပူထရာဂျာရာ ဆေးရုံတွင် သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု အထိန်းသိမ်းခံနေရသည့် ကိုကျော်စိုးက ဧရာဝတီသို့ပြောသည်။

“ခြေထောက်တွေလက်တွေဖော၊မျက်နှာတွေ ဖောပြီးတော့ ဆေးရုံရောက်တယ်၊တရက်ပဲခံတယ်၊ အဲဒီလို သေဆုံး သွားကြတာများတယ်၊ သေဆုံးသွားတဲ့လူတွေကို ထောင်အာဏာပိုင်တွေက ပြောပြလို့ သိရတယ်”ဟု ၎င်း ကိုကျော်စိုးက ဆိုသည်။

ယခု ရောဂါသည် အဖျားဝင်ပြီး ထမင်းစားချင်စိတ် မရှိခြင်း၊ ခန္ဓာကိုယ် ဖောယောင်လာခြင်း စသည့် လက္ခဏာ များ ဖြစ်ပေါ်လာကြောင်း ယင်းစခန်းအတွင်း အထိန်းသိမ်းခံနေရသူများက ပြောသည်။

သေဆုံးသူ၏ ရောဂါ အတိအကျကို မသိရှိရသေးသော်လည်း ထိန်းသိမ်းခံနေရသည့် မြန်မာ အလုပ်သမားအများ စုက ကြွက်နှင့် ပတ်သက်သည့် ရောဂါဖြစ်သည်ဟု ပြောဆိုနေကြသည်။

အလားတူပင် ယခုနှစ် ဇန်နဝါရီလက ထိန်းသိမ်းရေး စခန်းတခုတွင် ကိုပေါ နှင့် ကိုကျော်စွာ အမည်ရှိ မြန်မာ ပြည်သားအလုပ်သမား ၂ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ သေဆုံးမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ထိုထိန်းသိမ်းရေး စခန်းတွင်းရှိသူများသည် မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ် ကိုင်မှုဖြင့် ဖမ်းဆီးခံထား ရသူများဖြစ်သည်။ ၎င်းတို့အထဲတွင် မြန်မာပြည်သား အများစုပါဝင်နေကြောင်းလည်း သိရသည်။

အထိန်းသိမ်းခံထားရသူများ အတွက် နေရာ ထိုင်ခင်းလည်း အလုံ အလောက် မရှိဘဲ အထိန်းသိမ်းခံရစဉ် အနိုင် ကျင့် နှိပ်စက်မှုများရှိသည်ဟူသော သတင်းများလည်း မကြာခဏ ထွက်ပေါ်လျက် ရှိသည်။

မြန်မာသံရုံး၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းသောကြောင့် ထိန်းသိမ်းခံနေရသော မြန်မာပြည်သားများကို နေ ရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်မှာ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု သိရသည်။

၂ဝဝ၅ ခုနှစ်မှ စတင်ပြီး မလေးရှားအစိုးရက RELA တပ်ဖွဲ့ဝင်များအား (လဝက) အချုပ်ခန်းများကို ကွပ်ကဲရန်၊
တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးရန် တရားဝင် လုပ်ပိုင်ခွင့်ပေးထားကြောင်း သတင်းများ ဖော်ပြချက်အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံခြား သားမုန်းတီးမှုလည်း အလွန်များကြောင်း၊ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာများစွာ ဖြစ်ပေါ်နေကြောင်း ကြားသိရ သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး အဆင်မပြေသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်သူပေါင်း သန်းနှင့်ချီပြီး ရှိနေသည်။ အထူးသဖြင့် မလေးရှား နှင့် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ရှိသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP