Monday, 28 September 2009

ထိုင်းနိုင်ငံ မဲဆောက်မြို့ ရွှေ့ပြောင်းနေထိုင်သူများ၏ ပညာရေး

မြတ်စိုး
တနင်္လာနေ့၊ စက်တင်ဘာလ 21 ရက် 2009 ခုနှစ် 18 နာရီ 52 မိနစ်

Myat-soe1s


ဒီဆောင်းပါးမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်မြို့ မဲဆောက်ဆီ ရွှေ့ပြောင်းနေထိုင်လာသူ မြန်မာနိုင်ငံသားတွေရဲ့ ပညာရေးအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို တင်ပြသွားပါမယ်။

၁၉၉၅ ခုနှစ်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဆီ ရွှေ့ပြောင်းနေထိုင်လာသူတွေနဲ့ ထိုင်းနိုင်ငံသားအဖြစ် သက်သေအထောက်အထား မရှိသူတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၂ ကျောင်းပဲ ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကျောင်းသား ကျောင်းသူရော၊ ဆရာ ဆရာမတွေပါ ထိုင်းရဲတွေရဲ့ မကြာခဏ ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေ ရှိခဲ့တာပါ။ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ပညာသင်ကြားပို့ချပေးရေးမှာ ပြဿနာပေါင်းစုံ၊ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒါပေမဲ့ ၁၉၉၇ ခုနှစ်မှာ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကြီးအကျယ် ပြင်ဆင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်း ပညာရေးဆိုင်ရာ ဥပဒေတွေလည်း အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ခဲ့တဲ့ ထိုင်းနိုင်ငံ ပညာရေးစနစ်မှာ “National Education Act : An Education Reform Act for Future Development of the Thai People” အရ ပညာရေးဆိုင်ရာ စည်းမျဉ်း၊ ဥပဒေသစ်တွေကို ထုတ်ပြန်ခဲ့သလို၊ ပညာရေးကို နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်အဖြစ် အလေးအနက် အားပေးမှုတွေ ပြုလုပ်လာခဲ့တာ တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပြင်ဆင်ခဲ့တဲ့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအသစ်မှာ ပညာရေးနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်တခုကိုလည်း အတည်ပြုပြဋ္ဌာန်းခဲ့တာ ထူးဆန်းစွာ တွေ့ခဲ့ရပါတယ်။ အဲဒီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်အရ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမယ့် သူတွေဟာ အနည်းဆုံး အဆင့်မြင့် ပညာဘွဲ့ရရှိသူ ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။

အဲဒီ ဥပဒေသစ်ကို ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အခုလို ထည့်သွင်းဖော်ပြထားပါတယ်။ “The proportional representation party list system was aimed at deterring vote-buying, strengthening the party system, and increasing the quality of candidates. MPs were required to have a bachelor's degree. In order to prevent last-minute party switching, MPs were required to be registered members of political parties at least 90 days before the election date. An independent Election Commission was established. Votes for House elections were counted at a central site in each province rather than at each polling station. This reform made it more difficult for village canvassers to evaluate the effectiveness of vote buying.”

ဒီရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်ဟာ “ဆိုက်ကားသမား၊ တရားသူကြီး မလုပ်သင့်” ဆိုတဲ့ အချက်ကို ဆိုလိုထားတာကြောင့် တကယ်ပဲ ဖြစ်သင့်တဲ့ အချက်၊ နမူနာယူသင့်တဲ့ အချက်လို့ ကျနော် ထင်တယ်။ အဲဒီ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေသစ်နဲ့အတူ ထိုင်းပညာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမယ့် အဆင့်မြင့် ပညာဘွဲ့ မရသေးတဲ့ သူတွေအတွက် အထူး စာသင်ကျောင်းတွေ၊ အဆင့်မြင့် တက္ကသိုလ် ပညာရေးအတွက် ညနေကျောင်းတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပညာရေးနဲ့ နိုင်ငံရဲ့ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထား တည်ဆောက်သွားနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

ဥပဒေသစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ရာမှာ ပညာရှင်တွေနဲ့ နိုင်ငံရေးပါတီတွေအကြား ကနဦးမှာ အခြေအတင် ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာ ထိုင်းပြည်သူတွေရဲ့ ထောက်ခံမှု အပြည့်အဝ ရခဲ့ပါတယ်။ နိုင်ငံတကာ လွှတ်တော်အမတ်တွေနဲ့ အစဉ်အမြဲ ထိတွေ့ဆက်ဆံနေကြတဲ့ ထိုင်းလွှတ်တော်အမတ်တွေကလည်း သဘောတူထောက်ခံခဲ့ကြသလို၊ ထိုင်းနိုင်ငံအတွင်း ပညာရေး ပြဿနာတွေ၊ အခက်အခဲတွေကို ထိုင်းပါလီမန်မှာ အလေးအနက်ထား ဆွေးနွေးလာခဲ့ကြတယ်။

၁၉၉၇ ခုနှစ် နောက်ပိုင်းမှာ ထိုင်းအစိုးရနဲ့ ထိုင်းဘုရင်တို့ရဲ့ ထိုင်းပညာရေးကို အားပေးလုပ်ဆောင်ခဲ့မှုကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြတဲ့ ဘယ်လိုကလေးငယ်မဆို ပညာသင်ကြားခွင့် ရှိလာစေခဲ့ပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပညာရေးကို လမ်းကြောင်းပွင့်လာစေခဲ့တယ်။ ဒါ့အပြင် မဲဆောက်မြို့ မြန်မာနိုင်ငံသား ပညာရေးတာဝန်ခံတွေ၊ စေတနာအလျောက် လာရောက်ထမ်းဆောင်ပေးနေကြတဲ့ ကျောင်းဆရာ ဆရာမတွေရဲ့ အစဉ်တစိုက် ကြိုးပမ်းခဲ့မှုတွေကြောင့် ၁၉၉၇ ခုနှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း နေထိုင်သူတွေအတွက် စာသင်ကျောင်း ၉ ကျောင်း ဖြစ်လာခဲ့တယ်။

မြန်မာနိုင်ငံ နအဖ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုသက်တမ်း ရှည်လာလေ၊ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသား ဦးရေတွေ တိုးလာလေမို့၊ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းလာရောက်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ဦးရေဟာလည်း တနေ့တခြား တိုးလာခဲ့တယ်။ လက်ရှိ ထိုင်းနိုင်ငံထဲမှာ နိုင်ငံရေးဒုက္ခသည်တွေ သိန်းချီ ရှိနေသလို၊ စီးပွားရေးအရ ရွှေ့ပြောင်းအလုပ်လုပ်ကြသူတွေလည်း ၄ သန်းလောက် ရှိနေပါတယ်။ ဒီလိုပါပဲ၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် စာသင်ကျောင်းတွေဟာလည်း တနှစ်ထက်တနှစ် ပိုများလာပါတယ်။

၂၀၀၅ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စာသင်ကျောင်း ၆၇ ကျောင်း ရှိနေပါပြီ။ လက်ရှိ ပညာသင်ကြားနေသူ ကျောင်းသူ ကျောင်းသား ၁ဝ,ဝဝဝ ကျော်ရှိပြီး၊ ဆရာ ဆရာမ ၅ဝဝ ကျော်က ပညာသင်ကြား ပို့ချပေးနေကြပါတယ်။ မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး လေ့လာသုတေသနလုပ်နေတဲ့ ထိုင်းပညာရေးဌာနနဲ့ အစိုးရမဟုတ်တဲ့ ပညာရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ တပ်ခ်ခရိုင် အနီးတဝိုက်မှာ မြန်မာရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် ၂ဝ,ဝဝဝ ကျော်ဟာ ကျောင်းမတက်နိုင်သေးကြောင်းနဲ့ ကလေးငယ်ပေါင်း ၄ဝဝဝ ကျော်ကတော့ မဲဆောက် ထိုင်းစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေကြောင်း သိရပါတယ်။

လာမယ့်နှစ် အနည်းငယ်မှာတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးရှိ အုံးဖျံဒေသ အနီးတဝိုက်မှာ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေ အဆင့်မြင့် ပညာသင်ကြားနိုင်ဖို့ ထိုင်းဘုရင်မိသားစုနဲ့ ထိုင်းပညာရေးဌာနတို့ ပူးပေါင်းပြီး တက္ကသိုလ်ကျောင်းတခုကို ကမကထ ကူညီဖွင့်လှစ်ပေးမယ်လို့ ဝမ်းသာစရာသတင်း ကြားခဲ့ရတယ်။ တကယ် ဒီသတင်းအတိုင်း ဖြစ်လာခဲ့မယ်ဆိုရင် အုံးဖျံဒေသ အနီးတဝိုက် ကီလိုမီတာ ၂ဝဝ အဝန်းရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေ အဆင့်မြင့်ပညာကို လာရောက်ဆည်းပူးခွင့် ရရှိနိုင်မယ်လို့ ဆိုပါတယ်။

တနှစ်ပြီးတနှစ် မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းနေထိုင်သူဦးရေ တိုးတက်များပြားလာနေသလို၊ ကလေးငယ်တွေရဲ့ အနာဂတ် ပညာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေဟာလည်း ပိုမိုရင်ဆိုင်ကြရပါလိမ့်မယ်။ နောင် ၅ နှစ်တာ ကာလအတွင်း အဓိက ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ -

(၁) ကျောင်းတွေ ဆက်လက်ဖွင့်လှစ်နိုင်ဖို့၊ ဆက်လက်ရပ်တည်ဖို့ ငွေကြေးဆိုင်ရာ အခက်အခဲတွေ ရှိတယ်။ (Funding For Existing Schools and Building New Schools)
(၂) စာသင်ကျောင်းပုံစံနဲ့ ကိုက်ညီရမယ့် အဆင့်မီ ပညာရေးဆိုင်ရာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ လိုအပ်မှု အခက်အခဲတွေ ရှိတယ်။ ဆိုလိုတာက အထက်တန်းပညာကို သင်ကြားတတ်မြောက်ခဲ့သူဟာ ထိုင်း (သို့) နိုင်ငံတကာ တက္ကသိုလ်ကျောင်းတွေကို ဝင်ခွင့်ရနိုင်ဖို့ GED စာမေးပွဲအဆင့်ကို ဖြေဆိုနိုင်ရမယ့်သူ ဖြစ်သင့်တယ်။ (Aid For School Facilities)
(၃) များပြားလာတဲ့ စာသင်ကျောင်းတွေမှာ တူညီတဲ့ သင်ရိုးညွှန်းတမ်းတခု ဖြစ်ပေါ်လာရေးမှာလည်း အခက်အခဲတွေ ရှိနေတယ်။ (Have Same Curriculum)
(၄) အဆင့်မြင့်ပညာကို ဆက်လက်သင်ကြားခွင့် ရရှိနိုင်ရေးတွေမှာလည်း အခက်အခဲတွေ ရှိတယ်။ (Difficulties of Further Higher Studies)
(၅) ကျောင်းပြီးနောက် အလုပ်အကိုင် ရှာဖွေမှုမှာလည်း အခက်အခဲတွေ ရှိတယ်။ (Careers Job Search/ Job after Graduation)

ဘယ်လိုပဲဖြစ်ဖြစ် ဒီအခက်အခဲ၊ အကျပ်အတည်းမျိုးစုံကို မဲဆောက်မြို့ မြန်မာပညာရေး တာဝန်ခံတွေအနေနဲ့ ရင်ဆိုင်ဖြေရှင်းပြီး ကျော်ဖြတ်သွားနိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တာမို့ ပြည်ပရောက် မြန်မာနိုင်ငံသား အားလုံးကလည်း မိမိတို့ တတ်နိုင်သလောက် ဝိုင်းဝန်းပံ့ပိုးပေးကြပါစို့။
အပြည့်အစုံသို့ >>

ဇေယျဝတီ စက်ရုံဝန်ထမ်းများ ခံစားခွင့်မဲ့ အလုပ်ထုတ်ခံရ

Tuesday, 22 September 2009 17:05 ဟိန်းဇော်

E-mail Print
ပဲခူးတိုင်း အတွင်းရှိ စစ်အစိုးရပိုင် ဇေယျဝတီ သကြားစက်နှင့် အရက်ချက်စက်ရုံကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်သို့ လွှဲပြောင်းပေးရန် စီစဉ်နေပြီး ဝန်ထမ်းများကို အလုပ်မှထုတ်ပယ် မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယင်းသို့ ဝန်ထမ်းများကို အလုပ်ထုတ်ပယ်ရာတွင် ခံစားခွင့်ငွေကြေး တစုံတရာမယူဘဲ အလုပ်ထွက်ကြောင်း ဝန်ခံကတိလက်မှတ် ထိုးခိုင်းမှုများလည်း ရှိသည်ဟု ဇေယျဝတီ သကြားစက်မှ ဝန်ထမ်းတဦးက ပြောသည်။

ဝန်ခံကတိများထိုးခိုင်း၍ အလုပ်ထုတ်ပယ်ရာတွင် အသက် ၆၀ အရွယ်ရှိဝန်ထမ်းအများစု ပါဝင်နေပြီး အငြိမ်းစား (ပင်စင်)လစာခံစားခွင့် ပေးမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

ယင်းဇေယျဝတီ သကြားစက်ရုံတွင် နှစ်၂၀ကျော် ရုံးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သူ ဦးဘသိန်းက“ကျနော် ဒီစက်ရုံ မှာလုပ်တာကြာပါပြီ။ အသက်ကလည်း ၆၀ ပြည့်ပြီ။ အခု အလုပ် ထွက်ရတာတောင် ပင်စင် မပေးတော့ စိတ် မကောင်းဖြစ်မိတယ်”ဟု ပြောသည်။

ဇေယျဝတီသကြားစက်ရုံကို ယခုလဆန်းပိုင်းက ဦးပိုင်လီမိတက်က စက်မှု(၁) ထံမှလွှဲပြောင်း ယူလိုက်ခြင်းဖြစ် သည်။

ယခင်စက်မှု(၁)ဌာနပိုင် အုတ်တွင်းသကြားစက်၊ တောင်ဇင်အေးသကြားစက်၊ အင်းဝါးခွ သကြားစက်များကို စီးပွားရေးဦးပိုင်လီမိတက်မှ လွှဲပြောင်းလုပ်ကိုင်စဉ်က ပင်စင်လစာ ပေးခဲ့ပြီးနေရပ်သို့ပြန်ခိုင်းခဲ့ကြောင်း အုတ်တွင်း သကြားစက်တွင် လုပ်ကိုင်ခဲ့သူ ဦးနှင်းမောင် ဆိုသူက ပြောသည်။

အစိုးရအနေဖြင့် မိမိတို့၏ ဝန်ထမ်းများကို ငဲ့ညှာသင့်ကြောင်း ယခုကဲ့သို့ပြုမှုလိုက်ခြင်းကြောင့် နှစ်ရှည်လများ လုပ်ကိုင်ခဲ့ရသော်လည်း ဘဝအာမခံချက်နည်းပါးသည်ကို သိရှိရ၍ စိတ်မကောင်းဖြစ်မိကြောင်း ၎င်းက ဆိုသည်။

လုပ်သက်၂၈ နှစ်ဝန်းကျင်ရှိသူများအနေဖြင့်လည်းပင်စင်လစာ ရရှိခြင်းမရှိ၍ အလုပ်လက်မဲ့ ဖြစ်နေရကြောင်း သိရသည်။

ယခုလွှဲပြောင်းယူလိုက်သော စက်ရုံများကို ဦးပိုင်လီမိတက်အနေဖြင့် လက်ရှိလုပ်ငန်း ပြန်လည်ပတ်ရန် အစီအစဉ် ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း တာဝန်ရှိသူတဦးက ပြောသည်။

အစိုးရ ဝန်ထမ်းများ အငြိမ်းစားယူသောအခါရရှိနိုင်မည့် လုပ်သက်ဆုငွေနှင့် ပင်စင်လစာကို အကျိုးခံစားခွင့်ရှိ ကြောင်း ဥပဒေ ထုတ်ပြန်ထားသည်။

“အစိုးရ ၀န်ထမ်းတွေဟာ အသက်ကြီးလာရင် ဒီပင်စင်လေးဘဲ မှီခိုရတာ သိပါတယ်။ ဒါပေမယ့် အထက်က ညွှန်ကြားတဲ့ အတိုင်း လုပ်ဆောင်ရတာပါ။ရှိတဲ့ အလုပ်သမားအားလုံးကို အလုပ်ဖြုတ်ပစ်တာတော့ မဟုတ်ပါဘူး” ဟု အရက်ချက်စက်ရုံမှ အကြီးတန်း စစ်ဆေးရေးမှူးက ပြောသည်။

ဦးဘသိန်းကမူ“ဒီလိုဥပဒေမဲ့လုပ်နေတဲ့အတွက် တသက်လုံးလုပ်လာတဲ့ဝန်ထမ်းတွေမှာ ရသင့်ရထိုက်တဲ့ အိုနာစာလေး မရတော့ စိတ်ဓာတ်ကျပြီး သားသမီးတွေဆီပြန်ကြတာပေါ့”ဟု သက်ကြီးဝန်ထမ်းအများစု၏ လက်ရှိအခြေအနေကို ပြောပြသည်။
အပြည့်အစုံသို့ >>

Friday, 28 August 2009

အလုပ်သမားလက်မှတ်ရှိသူများသာ ယာယီနိုင်ငံကူးလက်မှတ်လုပ်ခွင့်ရှိ

NEJ / ၂၈ သြဂုတ် ၂၀၀၉
ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံအလုပ်သမားဥပဒေအတိုင်း ခံစားခွင့်ရှိပြီး ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်ရှိသည်ဟု မြန်မာဘက်က ပြောသည်။

ယာယီနိုင်ငံကူးလက်မှတ်များကို ယခင်လ (၁၅) ရက်မှ စတင်ပြုလုပ်ပေးပြီး အဆိုပါလက်မှတ်ဖြင့် ထိုင်းတနိုင်ငံလုံးတွင် အလုပ်လုပ်ခွင့်နှင့် သွားလာခွင့်ရရှိမည်ဖြစ်ပြီး တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့် (၂) နှစ်ရမည်ဟု မြန်မာဘက်မှထုတ်ဝေသည့် လက်ကမ်းစာစောင်တွင် ပါရှိသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းမှထုတ်ပေးသည့် အလုပ်လုပ်ခွင့် အလုပ်သမားလက်မှတ်သည် ရှေ့နှစ် ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးပါက ဆက်လက်သက်တမ်းတိုးပေးတော့မည်မဟုတ်ဘဲ အလုပ်ဆက်လုပ်လိုသူများသည် မြန်မာနိုင်ငံတွင် ဗီဇာလက်မှတ်ပြန်ယူရမည်ဖြစ်သည်။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း တရားမ၀င်နေထိုင်သည့် ရွှေပြောင်းအလုပ်သမားများကို လိုက်လံဖမ်းဆီးပြီး နေရင်းနိုင်ငံများသို့ ပြန်ပို့မည်ဟု ထိုင်းဘက်မှ ကြေညာထားသည်။

မြန်မာဘက်မှထုတ်ပေးနေသည့် ယာယီနိုင်ငံကူးလက်မှတ်လုပ်ခြင်းဖြင့် ထိုင်းနိုင်ငံတွင်းရောက် မြန်မာများအလုပ်သမားများ အတွက် အာမခံချက်ရှိလာမည်ဟု မြန်မာအလုပ်သမားအချို့က ပြောသည်။

ဘန်ကောက်အထည်ချုပ်စက်ရုံတခုမှ နော်အိုင်းရစ်က “ဒီ (၂) သက်တမ်း ဗီဇာရထားတော့ အရင်လို အပြင်ထွက်ရင် အဖမ်းခံရမဲ့ပြဿနာမျိုး မရှိတော့ဘူး။ ထိုင်းတနိုင်ငံလုံးကို သွားခွင့်ရှိတော့ အရင်ကလို မဲဆောက်နဲ့ဘန်ကောက်ကို ဘတ် (၁၅,၀၀၀) ပေးပြီးတော့ မရေရာတဲ့ခရီးမျိုး သွားစရာလည်းမလိုတော့ဘူး ကိုယ့်လက်မှတ်ကိုယ်ကိုင်ပဲ။ အလုပ်ရှင်လည်း ကိုယ့်ကို အကျပ်ကိုင်လို့မရတော့ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ အခွင့်အရေးများ ယခင်ကမရရှိဘဲ အလုပ်လုပ်ခွင့်မှတ်ပုံတင်ကို အလုပ်ရှင်က သိမ်းထားသဖြင့် အပြင်ထွက်လျှင် ထိုင်းပုလိပ်အဖမ်းခံရကာ နယ်စပ်ပြန်ပို့ခံရမှုများရှိကြောင်း၊ အခါကြီးရက်ကြီးများတွင် အခက်အခဲမရှိ မြန်မာနိုင်ငံ ပြန်ခွင့်ရှိသောကြောင့် ထိုင်းနိုင်ငံအတွင်းပိုင်းရောက်ရှိနေသူများ လုပ်ထားသင့်သည်ဟု ၎င်းက ပြောသည်။

ဘန်ကောက်တွင် အိမ်ဖော်လုပ်သူတဦးကလည်း “ယာယီနိုင်ငံကူးလက်မှတ်ဆိုပေမယ့် (၂) နှစ်ဗီဇာအတွက်ဘတ် (၂,၀၀၀) ပဲ ဆိုတော့ တန်ပါတယ်။ ကိုယ့်အတွက် ရေရှည်အာမခံချက်ရှိလို့ အခုလိုမြ၀တီမှာ သွားလုပ်တာပါ။ တချို့လုပ်ချင်ပေမယ့် သူတို့အလုပ်ရှင်တွေက လုပ်မပေးတာတွေ များတယ်” ဟု ပြောသည်။

ထိုင်းအလုပ်သမားမှတ်ပုံတင်ရှိသူများသာ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ပြီး ထိုင်းအလုပ်ရှင်နှင့်အတူ နယ်စပ်မြို့များဖြစ် သည့် မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်တို့တွင် မြန်မာမှတ်ပုံတင်ပါ ပြသရမည်ဖြစ်သည်။ အလုပ်သမားလက်မှတ်မရှိသူများ လုပ်ခွင့်မရှိပေ။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက ပြီးခဲ့သည့် ဇူလိုင်မှ ယခုလ (၂၉) ရက်ထိ အလုပ်သမားမှတ်ပုံတင်ရန် အချိန်ကန့်သတ်ပေးခဲ့ပြီး ယင်းကာလအတွင်း မှတ်ပုံတင်မပြုလုပ်သူများသည် တရားမ၀င်အလုပ်သမားများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

လက်မှတ်အတွက် မြန်မာဘက်တွင် ကျပ် (၃,၀၀၀) ပေးရပြီး (၂) နှစ်စာဗီဇာကြေးအတွက် ထိုင်းလ၀ကသို့ ဘတ် (၂,၀၀၀) ပေးသွင်းပြီး ထိုင်းတနိုင်ငံလုံးသို့ လွတ်လပ်စွာသွားလာခွင့်ရှိသည်။

လက်ရှိထိုင်းတွင် မှတ်ပုံတင်ထားသူ မြန်မာအလုပ်သမား (၇) သိန်းခွဲခန့်ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် လာရောက်ထုတ်ယူသူ (၁၀၀) ကျော်ခန့်သာရှိသေးသည်ဟု မြန်မာဘက်က ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား (၁.၅) သန်း ရှိသည်ဟု သိရသည်။

ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ကိစနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့၏ တာဝန်ခံ ဦးသံဒုတ်ကမူ “ဒီလုပ်ငန်းစဉ်ဟာ အောင်မြင်မယ်လို့ မထင်ဘူး။ အဓိက အကြောင်းအရင်းကတော့ မြန်မာနိုင်ငံဟာ အာဏာရှင်တွေရဲ့ အစီအစဉ်နဲ့ သွားနေရတော့ အလုပ်သမား၊ လူဝင်မှု၊ နိုင်ငံခြားရေး စတဲ့ဝန်ကြီးဌာနတွေဟာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။ စစ်အာဏာရှင်တွေရဲ့ ယန္တရားက မှန်ကန်တဲ့တွေးခေါ်မှုမရှိတော့ ပြည်သူတွေက သူတို့ကို မယုံကြည်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အပြည့်အစုံသို့ >>

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူတချို့၏ မိဘများကို လ၀က က ခြိမ်းခြောက်ပြီး ငွေညစ်

ခွန်အောင်မြတ်။
သြဂုတ်လ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံရောက် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ထားကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အချို့၏ နေရာ ဒေသရှိ မိဘဆွေမျိုးများကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) ၀န်ထမ်းများက ခေါ်ယူပြီး ခြိမ်း ခြောက်ကာ ငွေညစ်နေသည်ဟု အလုပ်သမားများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် လ၀က ၀န်ထမ်းများက ကျေးရွာများရှိ အလုပ်သမားများ၏ မိဘများကို ဆင့် ခေါ်က ၎င်းတို့၏သားသမီးများ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည်မှာ မှန်၊ မမှန်မေးမြန်းသည်ဟု ဘန်ကောက်ရောက် အလုပ်သမား မောင်ခမ်းက ပြောသည်။

“ဒီကနေ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားစာရင်း ပေးလိုက်တာ။ မြန်မာပြည်က လူဝင်မှုကြီးကြပ် ရေး ဌာနက သူတို့ မိဘတွေ ဆွေမျိုးတွေကို ခေါ်တယ်။ ခင်ဗျားတို့ သားသမီး နာမည် ဒီလိုဒီလို က ထိုင်း နိုင်ငံမှာ ရောက်နေတာ ဟုတ်လား၊ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတာ ဟုတ်လား အဲဒီလိုမေးတယ်။ အဲလို ဟိုမေးဒီမေးလုပ်ပြီး ဟုတ်တယ်ဝန်ခံရင်။ ဒီမှာ သူတို့စာရင်းပေးလာတယ်။ ခင်ဗျားတို့ သားသမီး က ခိုးသွားတယ် ဘာညာဆိုပြီး ခြိမ်းခြောက်ပြီး တောင်းစား တာပေါ့ဗျာ။ အဲလိုခြိမ်းခြောက်ပြီး အေး ဒီတပတ်တော့ ခင်ဗျားတို့ ငွေလေးထောင် ကုန်ရမယ် အဲလိုလုပ်တာ။”

လ၀ကက တလလျှင်နှစ်ကြိမ်သုံးကြိမ်ခေါ်၍ မေးမြန်းပြီး မကြာခဏငွေညစ်နေသည့်အတွက် မိဘများက စိုးရိမ် ထိတ်လန့်ပြီး ထိုင်းနိုင်ငံရှိ သားသမီးများကို ပြန်လာကြရန် ခေါ်နေသည်ဟု ၎င်းက ပြောသည်။

“အဲဒါကြောင့် အလုပ်သမားလက်မှတ်လုပ်ထားတဲ့ ပအိုဝ်းအလုပ်သမားတွေ တချို့က ယူရင်ကောင်းမ လား မကောင်းဘူးလား၊နောက်နှစ် ပတ်စပို့စ်သွားလုပ်ရင်ကောင်းလားမကောင်းဘူးလား။ သွားလုပ်ရင် လည်း ဟိုးအထဲက မိဘတွေကိုငွေညစ်တောင်းစားတယ်။ ဒီထိုင်းနိုင်ငံမှာလည်း ကုန်ကျသင့်သလောက် လည်း ကုန်ကျပြီးပြီ။ အဲလိုစဉ်းစားပြီး စိုးရိမ်နေကြတယ်။”

မော်လမြိုင်မြို့မှ လာရောက်ပြီး မဟာချိုင်တွင် အလုပ်လုပ်နေသည့် အလုပ်သမားတဦးကမူ လ၀က အိမ်ကို လာ ရောက်စုံစမ်းသော်လည်း ခြိမ်းခြောက်ပြောဆိုခြင်း မရှိဟု ပြောသည်။

“သူတို့မနေ့က မေးတာကတော့ မော်လမြိုင်အိမ်ကို သွားမေးတာပေါ့နော်။ ဟုတ်လားပေါ့။ နေတာ မှန် လားပေါ့။ ရှိတာသေချာလား သွားမေးတာ။ ဒီလောက်ပါပဲ။”

နယ်စပ်မြို့များဖြစ်သည့် ကော့သောင်း၊ မြ၀တီနှင့် တာချီလိတ်မြို့တို့တွင် ရုံးဖွင့်လှစ်ထားပြီး မြန်မာအလုပ်သမား များအတွက် ယာယီနိုင်ငံကူးလက်မှတ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ မှစ၍ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအထိ ပြုလုပ်ပေးနေသည်။

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် အလုပ်သမား လက်မှတ်၊ မြန်မာမှတ်ပုံတင်၊ နေရပ် လိပ်စာနှင့် ရဲစခန်း ထောက်ခံစာ စသည်များကို လိုအပ်ပြီး တဦးလျှင် ဘတ်ငွေ သုံးထောင် ကုန်ကျသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသည် အဖွဲ့များက ခန့်မှန်းထားကြသည်။

အပြည့်အစုံသို့ >>

ပြည်ပရောက် မြန်မာအချင်းချင်း ငွေလိမ်လည်ယူနေ

ဝီရ / ၂၇ သြဂုတ် ၂၀၀၉
နာမည်ကြီးကုမ္ပဏီတခုကို ဗန်းပြကာ မြန်မာနိုင်ငံသားအချင်းချင်း လိမ်လည်မှုများ နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံခြားရောက် မြန်မာအချို့က နာမည်ကြီး ကုမ္ပဏီတခုတွင် အဖွဲ့ဝင်ဖြစ်သူတိုင်း အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာနိုင် သည်ဟု မိမိနိုင်ငံသားအချင်းချင်း လိုက်လံစည်းရုံးကာ အဖွဲ့ဝင်ကြေးအဖြစ် ငွေအမြောက်အမြား လိမ်လည်ယူနေခြင်းဖြစ်သည်။

ပြင်သစ်အခြေစိုက် နာမည်ကြီး ကုမ္ပဏီတခုဖြစ်သည့် Digital Crown Holdings Co.Ltd (DCHL) သို့ အဖွဲ့ဝင်ကြေးအဖြစ် မြန်မာကျပ်ငွေ (၆) သိန်းနီးပါးနှင့် ညီမျှသည့် မိမိတို့ရောက်ရှိရာ နိုင်ငံသုံးငွေ ထည့်ဝင်ထားပါက ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် ရှားပါးကုန်ပစ္စည်းများ ရရှိမည်ဖြစ်ပြီး ညွှန်ကြားသည့်အတိုင်း ဆက်လက်လုပ်ကိုင်ပါက ကြီးပွားနိုင်သည်ဟု လိုက်လံလိမ်လည်၍ ဝင်ငွေရှာနေသူများအား ထိုင်းရဲတပ်ဖွဲ့က လွန်ခဲ့သည့်သီတင်းပတ်က ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား (၅၀) ကျော် ပါဝင်သည်ဟု မဟာချိုင်အခြေစိုက် Labour Promotion Right Network (LPN) ရုံးမှ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “လွန်ခဲ့တဲ့အပတ်က စဖမ်းတာ။ ဘန်ကောက်က DCHL ရုံးဝန်ထမ်းတွေလည်း ဖမ်းခံရတယ်။ ဒီအပတ်အတွင်းမှာ မဟာချိုင်ဒေသတခုတည်းမှာ မြန်မာအလုပ်သမားအချင်းချင်း လိုက်လိမ်တဲ့သူ (၅၃) ယောက်လည်း ဖမ်းခံရတယ်။ ပိုက်ဆံပေးထားတဲ့သူ အဖွဲ့ဝင်ထားတဲ့သူ ဒီမဟာချိုင်မှာ အယောက် (၁,၀၀၀) ကျော် ရှိတယ်ဗျ။ မသိနားမလည်တဲ့ မြန်မာအလုပ်သမားတွေကို ဒီအဖွဲ့ထဲဝင်ရင် တခါတည်း ချမ်းသာမယ်ဆိုတော့ ဝင်ကြတာပေါ့။ အဖွဲ့ဝင်ကြေးက ဘတ်ငွေ (၁၈,၀၀၀) တောင် ပေးရတယ်။ အခုတော့ ဒုက္ခရောက်နေကြတာ အများကြီးပဲဗျ။ အဖွဲ့ခေါင်းဆောင်တွေလို့ ယူဆတဲ့သူတွေကို ဖမ်းသွားတော့ လျော်ကြေးလည်း ရမှာမဟုတ်ဘူး။ တရားဝင် ပေးထားတာလည်း မဟုတ်တော့လေ” ဟု ရှင်းပြသည်။

DCHL ကုမ္ပဏီနှင့်ပတ်သက်၍ အခုဖမ်းဆီးမှုသည် ဒုတိယအကြိမ် ဖြစ်သည်။ ပြီးခဲ့သည့်မတ်လကလည်း မြန်မာနိုင်ငံသား အချင်းချင်း ငွေကြေးလိမ်လည်ခဲ့သူ (၁၇၀) ကျော်ကို မဟာချိုင်တွင်ပင် ဖမ်းဆီးခဲ့ပြီး DCHL ကုမ္ပဏီ၏ဘန်ကောက်ရုံးခွဲကိုလည်း တရားမဝင် ဖွင့်လှစ်မှုဖြင့် အရေးယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားသူများသည် DCHL ကုမ္ပဏီမှ ထုတ်လုပ်သည့် ရေမွှေးရနံ့ပါသည့် (၁) လီတာအရွယ် ဆေးရည် (၂) မျိုး၊ မီးထွန်းလျှင် အောက်ဆီဂျင် ထုတ်ပေးသည့် မီးခွက်ငယ်တခု စသည့် ရှားပါးကုန်ပစ္စည်းများနှင့် အဆိုပါကုမ္ပဏီက ဖွင့်လှစ်ထားသည့် နိုင်ငံ (၁၀) နိုင်ငံမှ လှုပ်ရှားမှုဓာတ်ပုံများ ပါဝင်သည့် ထိုင်းဘာသာ စာအုပ် (၃) အုပ်နှင့် ကုမ္ပဏီတံဆိပ်ပါသည့် အလှအိတ်များ ရရှိသည်ဟု အဖွဲ့သို့ ၀င်ခဲ့သူ မနန်းစိုးက ပြောသည်။

မဟာချိုင်နေ မနန်းစိုးက “အဓိက အဖွဲ့ဝင်ဖြစ်ပြီးရင် အလုပ်ဆက်ရမယ်။ အဖွဲ့ဝင်တယောက်က နောက်ထပ် လူ (၆) ယောက်ကို ထပ်လိမ်ရမယ်။ အဲဒီတော့မှ ကိုယ်ကုန်ခဲ့တဲ့ပိုက်ဆံ (၁၈,၀၀၀) ဘတ်ကို ပြန်ရမယ်။ သုံးလတခါ သူတို့ထုတ်တဲ့ပစ္စည်းတွေ ရမယ်။ ကိုယ်က လူများများ ရှာနိုင်လေ အဆင့်တက်လေ၊ ပိုက်ဆံများများ ရလေပေါ့။ ဒါပေမယ့် ဒီလိုထပ်လိမ်ရမယ်ဆိုတာ အဖွဲ့ဝင်ဖြစ်ပြီးမှ သိရတာ။ ကြိုမပြောဘူး။ ဒီမဟာချိုင်မှာ ဒီအလုပ်လုပ်လို့ အခု အဖမ်းခံရတဲ့သူ အများစုက မွန်တွေပေါ့။ သူတို့က ဝတ်ကောင်းစားလှနဲ့ ကားနဲ့ စတိုင်ကျကျဆိုတော့ တကယ်ချမ်းသာပြီထင်လို့ ဝင်ကြတာပါ။ ဒီလိုလိမ်မှန်း မသိကြလို့ပါ” ဟု ခေတ်ပြိုင်သို့ ရှင်းပြသည်။

ယင်းသို့ အဖွဲ့ဝင်ဖြစ်ပြီး အခြားသူများအား လိုက်လံစည်းရုံး ဆက်လက်လိမ်လည်ကာ ငွေရှာနေသူများဟု မင်္သကာဖွယ် သူများကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းဖမ်းဆီးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြည်ပရောက် မြန်မာအချင်းချင်း ငွေကြေး လိုက်လံလိမ်လည်နေမှုသည် ထိုင်းနိုင်ငံတွင်သာမက မလေးရှားနှင့် စင်ကာပူနိုင်ငံတွင်လည်း ဖြစ်ပွားနေကြောင်း သိရသည်။

ကွာလာလမ်ပူတွင် ရောက်ရှိနေသည့် ကိုထွန်းမင်းက “ကျနော်တော့ မဝင်ထားဘူး။ အလိမ်ခံရတဲ့သူတွေ ပြောတာက ဒီကွာလာလမ်ပူမှာ သူတို့ရုံးဖွင့်ထားတာ အကြီးအကျယ်ပဲတဲ့။ ခဏအတွင်းမှာ ချမ်းသာမယ်ဆိုတော့ အလုပ်သမားဘဝက လွတ်မြောက်ချင်ကြတာပေါ့။ ဒီမှာ လိမ်နေတာလည်း ဗမာအချင်းချင်းပဲ။ စင်ကာပူမှာလည်း ကျနော့်သူငယ်ချင်းတွေ အဖွဲ့ဝင်ထားတဲ့သူ ရှိတယ်တဲ့။ နောက်ပိုင်းကျမှ အလိမ်ခံလိုက်ရမှန်း သိတာ။ ကိုယ့်ပိုက်ဆံ ပြန်ရဖို့ လူထပ်လိမ်တဲ့နေရာမှာ ကိုယ်က စမတ်ကျကျ ဝတ်စားနေထိုင်ရမယ်ဆိုတော့ ရိုးသားတဲ့မြန်မာအများစုက ဟန်ဆောင်တတ်ပါ့မလား။ ထပ်မလုပ်တော့ဘူး။ ကိုယ်ထိပြီးရင် ပြီးရောပေါ့။ လျော်ကြေးတောင်းဖို့ကလည်း ဘယ်ကို သွားတိုင်ရမလဲတောင်မှ မသိကြတာ” ဟု ပြောသည်။

ပြင်သစ်နိုင်ငံ အခြေစိုက် DCHL ကုမ္ပဏီသည် ရေမွှေးတမျိုးကို အခြေခံပြီး ပဋိစီဝဆေး ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ကာ ဟောင်ကောင်၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ အင်ဒိုနီးရှား စသည့် အာရှနိုင်ငံများတွင်သာ ရုံးခွဲအဖြစ် ဖွင့်လှစ်ထားကြောင်း ၎င်းကုမ္ပဏီ၏ ဝက်ဆိုက်ဘ်မှ သိရှိရသည်။
အပြည့်အစုံသို့ >>

ယာယီမြန်မာနိုင်ငံကူးလက်မှတ်လုပ်သူ နည်းပါး


ထိုင်းနိုင်ငံနှင့်နီးစပ်သည့် မြန်မာနယ်စပ်မြို့များတွင် ထုတ်ပေးနေသည့် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ကုန်ကျစရိတ် များပြားသောကြောင့် သွားရောက်သူ နည်းပါးကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား များက ပြောသည်။

မြ၀တီတွင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူ မြန်မာရွှေ့ပြောင်း အလုပ်သမတဦးက “ကျမတို့ထိုင်းမှာ အလုပ်သမား လက်မှတ်လုပ်တာက ဘတ် (၃,၈၀၀) ကုန်တယ်။ ဘန်ကောက်ကနေ မဲဆောက်ကို သူဌေးနဲ့လာရတယ်။ ကိုယ့်စရိတ်ကိုယ်ခံပဲ။ မဲဆောက်ဆက်ဆံရေးရုံးမှာ စာရင်းသွင်းပြီး မြ၀တီဘက် ကူးရတယ်။ နိုင်ငံသားဟုတ်မဟုတ် အစစ်ခံပြီးရင် ရုံးမှာ ကျပ် (၃,၀၀၀) ပေးရတယ်။ ပြီးမှ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးတယ်။ အဲဒီလက်မှတ်ကို မဲဆောက် ထိုင်းလ၀ကရုံးကိုသွားပြရတယ်။ ထိုင်းက (၂) နှစ် ဗီဇာပေးတယ်၊ ဘတ် (၂) ထောင်ပေးရတယ်၊ တချို့ဆိုရင် (၃) ရက်လောက်စောင့်ရတယ်။ ဒီကိစ္စလာတာ အနည်းဆုံး ဘတ် (၁) သောင်းပဲ။ တော်ရုံလူမလာနိုင်ဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။

မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြ၀တီဘက်သို့သွားရာတွင် ထိုင်းအလုပ် သမားရုံး၏ ထောက်ခံစာ မြန်မာမှတ်ပုံတင်နှင့် ထိုင်းအလုပ်ရှင်ပါ အတူလိုက်ပါရမည်ဖြစ်သည်။

ဘန်ကောက်တွင် ပလာတာရောင်းသည့် ကိုမာမက်က “လက်မှတ်လာလုပ်တာ သုံးရက်ရှိပြီ၊ မရသေးဘူး။ ကျနော့်နောက်က လာတဲ့သူ ရသွားပြီ။ တချို့မှတ်ပုံတင်မရှိလည်း သူတို့စစ်တာကို ဖြေနိုင်ရင်ထုတ်ပေးတယ်။ မြန်မာမှတ်ပုံတင်ရှိရက်နဲ့ ကုလားဖြစ်တော့ သူတို့ပိုရစ်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် မြန်မာအလုပ်သမားတဦး၏၀င်ငွေသည် ဘတ် (၁၀၀) ၀န်းကျင်သာရှိသောကြောင့် တရားဝင် အလုပ်သမားဖြစ်ရန်အတွက် ကုန်ကျစရိတ်မှာ ထိုင်းအလုပ်သမား မှတ်ပုံတင်ခ (၃,၈၀၀) ဘတ်၊ ယာယီမြန်မာနိုင်ငံကူးလက်မှတ်ခ ကျပ် (၃,၀၀၀) နှင့် ထိုင်းဗီဇာကြေး (၂,၀၀၀) ဘတ်အပြင် ထိုင်းနိုင်ငံအတွင်း ရပ်ဝေးဒေသမှ လာရောက်ရသည့်အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ အနည်းဆုံး ဘတ် (၁၀,၀၀၀) ခန့်ရှိပြီး ၎င်းကုန်ကျစရိတ်ကို အလုပ်ရှင်ကမပေးဘဲ မိမိဘာသာ ကျခံရသည့်အတွက် စိတ်ဝင်စားသူ အလုပ်ရှင်နှင့် အလုပ်သမား နည်းပါးခြင်းဖြစ်သည်။

ဘန်ကောက်ရှိ မြန်မာအလုပ်သမားများ မြ၀တီတွင် လက်မှတ်သွားလုပ်လိုပါက တဦးလျှင်ဘတ် (၉,၀၀၀) နှုန်းဖြင့် ပွဲစားများက ပြုလုပ်ပေးပြီး လူ (၁၀) ဦးပြည့်မှသာ ပို့ပေးသည်ဟု ပွဲစားနှင့်လာသူတဦးက ပြောသည်။

မြန်မာအလုပ်သမားများ မြ၀တီတွင် လက်မှတ်ပြုလုပ်ရန်အတွက် မဲဆောက်ရှိ ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအသင်း၊ ဆက်ဆံရေးရုံးမှတဆင့် စာရင်းပေးသွင်းပြီး မြ၀တီမြို့သို့သွားရန် ၎င်းရုံးမှ စီစဉ်ဆောင်ရွက်ပေးသည်။

ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်းဖြင့် ထိုင်းတနိုင်ငံလုံးတွင် အလုပ်လုပ်ခွင့်နှင့် မည်သည့်ဒေသမဆို သွားလာခွင့်ရမည်၊ တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့် (၂) နှစ်ရမည်။ ထိုင်းအလုပ်သမားဥပဒေပါ ခံစားခွင့်များ အပြည့်အ၀ရရှိမည်ဟု မြန်မာဘက်မှထုတ်ဝေသည့် လက်ကမ်းစာစောင်တွင် ပါရှိသည်။

ယာယီနိုင်ငံကူးလက်မှတ်များကို ယခင်လ (၁၅) ရက်မှ စတင်ပြုလုပ်ပေးပြီး မြန်မာဘက်မှ ကနဦးထုတ်ပြန်သည့် သတင်းများအရ ယခုလပထမအပတ်ထိ လက်မှတ်လာရောက်ထုတ်ယူသူ (၁၂၃) ဦးသာရှိပြီး ကော့သောင်းတွင် (၁၁၃) ဦးနှင့် မြ၀တီတွင် (၁၀) ဦးတို့ဖြစ်သည်ဟု သိရသည်။

ထိုင်းတနိုင်ငံလုံးတွင် မြန်မာနိုင်ငံသား (၂) သန်းခွဲခန့်ရှိပြီး တရားဝင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၅) သိန်းခန့်ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့များက ပြောသည်။

မြ၀တီတွင် လက်မှတ်ထုတ်ယူသူအများစုမှာ ဘန်ကောက်နှင့်အခြားခရိုင်များမှဖြစ်ပြီး မြန်မာအလုပ်သမား (၁) သိန်းခွဲခန့်ရှိသည့် မဲဆောက်ဒေသတွင်းမှ လက်မှတ်သွားရောက်ထုတ်ယူသူမရှိကြောင်း မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသူ တဦးက ပြောသည်။

မြန်မာဘက်မှ လက်မှတ်ထုတ်ပေးရေးစခန်းများကို တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် ဗိုလ်ချုပ်လမ်း ဖုန်း (၀၀၃,၃၃၃,၀၅၃)၊ မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် ကျောက်လုံးကြီးစခန်း ဖုန်း (၀၉၅,၀၉၀,၀၉၄)၊ ကော့သောင်းမြို့ တော်ဝင်လမ်း အေးရိပ်ငြိမ်ရပ်ကွက် ဖုန်း (၀၅,၉၅၀,၉၅၈) စသည့်နယ်စပ်မြို့တို့တွင် ဖွင့်လှစ်ထားသည်။

အပြည့်အစုံသို့ >>

Tuesday, 25 August 2009

မြန်မာလုပ်သား ၃ ထောင်ကျော် ကိုရီးယားသွားခွင့် မရေရာ

မေကျော်
တနင်္လာနေ့၊ သြဂုတ်လ 24 ရက် 2009 ခုနှစ် 19 နာရီ 54 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာအလုပ်သမား ၃၀၀၀ မှာ ကိုရီးယားဘာသာစကား တတ်မြောက်မှု စာမေးပွဲ အောင်မြင်ပြီး ဖြစ်သော်လည်း ကိုရီးယားနိုင်ငံတွင် အလုပ်အကိုင်ပေးနိုင်မှု ကျဆင်းသဖြင့် ကိုရီးယားသို့ သွားရောက် အလုပ်လုပ်နိုင်ခွင့် မရေရာဘဲဖြစ်နေသည်။

“ကမ္ဘာ့စီးပွားအကျကြောင့် ၂ဝဝ၉ ရဲ့ လုပ်သားခေါ်ယူမှုခွဲတမ်း နည်းသွားတယ်။ နှစ်က သူတို့ဘက်က (ကိုရီးယား) လုပ်ငန်းတွေ ပြန်လည်လည်ပတ်လာလို့ ကိုတာ (ခွဲတမ်း) တွေ တက်လာမယ်ဆိုရင် မျှော်လင့်ချက် မြန်မာလုပ်သားတွေ သွားရဖို့ များပါတယ်” ဟု ကိုရီးယား အလုပ်သမား ဝန်ကြီးဌာန၏ တရားဝင် ကိုယ်စားလှယ် Human Resources Development Service of Korea (HRD Korea) မြန်မာရုံးခွဲ တာဝန်ခံက ပြောသည်။

ယမန်နှစ်မှစ၍ ယခုအချိန်ထိ ကိုရီးယားသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် လျှောက်လွှာတင်သူ မြန်မာလုပ်သား ၃၅၃၆ ယောက်မှ ၃၉၅ ယောက်သာ စေလွှတ်နိုင်သေးသည်။

ကိုရီးယား ဘာသာစကားစစ် စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူ ၃ဝဝဝ ကျော်အတွက် ကိုရီးယား အလုပ်အကိုင် ရရှိရေးအတွက် အာမခံချက်လည်း မပေးနိုင်သေးကြောင်း HRD ကိုရီးယား ရုံးခွဲက ဆိုသည်။

“ဘယ်အချိန်သွားရမလဲ ဘယ်လောက်သွားရမလဲ ဆိုတဲ့အသေးစိတ်တော့ မပြောတတ်ဘူး” HRD တာဝန်ခံက မဇ္ဈိမကို ဖြေကြားသည်။

သို့သော် ကိုရီးယား အရည်အချင်းစစ် စာမေးပွဲကိုမူ ဆက်လက် မဖြေဆိုစေဘဲ ရပ်ဆိုင်းထားပြီး ယခုနှစ်အတွက် ကျင်းပရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

ကိုရီးယားသို့ မြန်မာ အလုပ်သမား စေလွှတ်မှုကို ယခင်က အလုပ်သင် စနစ်ဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများက ဆောင်ရွက်နေရာမှ ယမန်နှစ်မှစ၍ အစိုးရချင်း တိုက်ရိုက် လုပ်သားစေလွှတ်ရေးစနစ်ကို ကျင့်သုံးခဲ့သည်။

မြန်မာဘက်မှ ရွှေအင်းဝ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှင့် ကိုရီးယားဘက်မှ HRD ကိုရီးယားတို့က ကိုယ်စားလှယ် အဖြစ်လုပ်ကိုင်နေခြင်း ဖြစ်သည်။

လက်ရှိ လုပ်သား ၃၀၀ ကျော်ကို တဦးလျှင် ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၁၀၅၀ ဖြင့် တရားဝင် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

ယခင်က အလုပ်သင် စနစ်ဖြင့် ကိုးရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် တဦးလျှင် ကုန်ကျစရိတ် မြန်မာငွေ သိန်း ၄၀ ကျပ်ခန့် ကန်ဒေါ်လာ ၄၀၀၀ ခန့် ကုန်ကျသည်။

ပြီးခဲ့သည့်နှစ်မှစ၍ ပြောင်းလဲလိုက်သည့် အစိုးရချင်း လုပ်သားစေလွှတ်မှု စနစ်သစ်တွင် ကိုရီးယား အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုအောင်မြင်ထားရမည်ဖြစ်ပြီး၊ အခြားလိုအပ်သည့် အရည်အချင်းများကိုမူ တရားဝင် သတ်မှတ်မထားဘဲ ကိုရီးယားလုပ်ငန်းရှင်များက စိတ်ကြိုက်ရွေးချယ်ခြင်းသာ ဖြစ်သည်။

ကိုရီးယားက နိုင်ငံခြားသား အလုပ်သမားများကို ကုန်ထုတ်လုပ်ငန်းများတွင် အများဆုံး အသုံးပြုမှုများပြီး အလုပ်သမား တဦးလျှင် ပျမ်းမျှအားဖြင့် တလလျှင် ကိုရီးယား ဝမ် ၁၀ သိန်းခန့် ရရှိကာ မြန်မာငွေအားဖြင့် ကျပ် ၁၀ သိန်းခန့် ရရှိသည်။

အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP