Friday, 28 August 2009

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူတချို့၏ မိဘများကို လ၀က က ခြိမ်းခြောက်ပြီး ငွေညစ်

ခွန်အောင်မြတ်။
သြဂုတ်လ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံရောက် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ထားကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အချို့၏ နေရာ ဒေသရှိ မိဘဆွေမျိုးများကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) ၀န်ထမ်းများက ခေါ်ယူပြီး ခြိမ်း ခြောက်ကာ ငွေညစ်နေသည်ဟု အလုပ်သမားများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် လ၀က ၀န်ထမ်းများက ကျေးရွာများရှိ အလုပ်သမားများ၏ မိဘများကို ဆင့် ခေါ်က ၎င်းတို့၏သားသမီးများ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည်မှာ မှန်၊ မမှန်မေးမြန်းသည်ဟု ဘန်ကောက်ရောက် အလုပ်သမား မောင်ခမ်းက ပြောသည်။

“ဒီကနေ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားစာရင်း ပေးလိုက်တာ။ မြန်မာပြည်က လူဝင်မှုကြီးကြပ် ရေး ဌာနက သူတို့ မိဘတွေ ဆွေမျိုးတွေကို ခေါ်တယ်။ ခင်ဗျားတို့ သားသမီး နာမည် ဒီလိုဒီလို က ထိုင်း နိုင်ငံမှာ ရောက်နေတာ ဟုတ်လား၊ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတာ ဟုတ်လား အဲဒီလိုမေးတယ်။ အဲလို ဟိုမေးဒီမေးလုပ်ပြီး ဟုတ်တယ်ဝန်ခံရင်။ ဒီမှာ သူတို့စာရင်းပေးလာတယ်။ ခင်ဗျားတို့ သားသမီး က ခိုးသွားတယ် ဘာညာဆိုပြီး ခြိမ်းခြောက်ပြီး တောင်းစား တာပေါ့ဗျာ။ အဲလိုခြိမ်းခြောက်ပြီး အေး ဒီတပတ်တော့ ခင်ဗျားတို့ ငွေလေးထောင် ကုန်ရမယ် အဲလိုလုပ်တာ။”

လ၀ကက တလလျှင်နှစ်ကြိမ်သုံးကြိမ်ခေါ်၍ မေးမြန်းပြီး မကြာခဏငွေညစ်နေသည့်အတွက် မိဘများက စိုးရိမ် ထိတ်လန့်ပြီး ထိုင်းနိုင်ငံရှိ သားသမီးများကို ပြန်လာကြရန် ခေါ်နေသည်ဟု ၎င်းက ပြောသည်။

“အဲဒါကြောင့် အလုပ်သမားလက်မှတ်လုပ်ထားတဲ့ ပအိုဝ်းအလုပ်သမားတွေ တချို့က ယူရင်ကောင်းမ လား မကောင်းဘူးလား၊နောက်နှစ် ပတ်စပို့စ်သွားလုပ်ရင်ကောင်းလားမကောင်းဘူးလား။ သွားလုပ်ရင် လည်း ဟိုးအထဲက မိဘတွေကိုငွေညစ်တောင်းစားတယ်။ ဒီထိုင်းနိုင်ငံမှာလည်း ကုန်ကျသင့်သလောက် လည်း ကုန်ကျပြီးပြီ။ အဲလိုစဉ်းစားပြီး စိုးရိမ်နေကြတယ်။”

မော်လမြိုင်မြို့မှ လာရောက်ပြီး မဟာချိုင်တွင် အလုပ်လုပ်နေသည့် အလုပ်သမားတဦးကမူ လ၀က အိမ်ကို လာ ရောက်စုံစမ်းသော်လည်း ခြိမ်းခြောက်ပြောဆိုခြင်း မရှိဟု ပြောသည်။

“သူတို့မနေ့က မေးတာကတော့ မော်လမြိုင်အိမ်ကို သွားမေးတာပေါ့နော်။ ဟုတ်လားပေါ့။ နေတာ မှန် လားပေါ့။ ရှိတာသေချာလား သွားမေးတာ။ ဒီလောက်ပါပဲ။”

နယ်စပ်မြို့များဖြစ်သည့် ကော့သောင်း၊ မြ၀တီနှင့် တာချီလိတ်မြို့တို့တွင် ရုံးဖွင့်လှစ်ထားပြီး မြန်မာအလုပ်သမား များအတွက် ယာယီနိုင်ငံကူးလက်မှတ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ မှစ၍ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအထိ ပြုလုပ်ပေးနေသည်။

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် အလုပ်သမား လက်မှတ်၊ မြန်မာမှတ်ပုံတင်၊ နေရပ် လိပ်စာနှင့် ရဲစခန်း ထောက်ခံစာ စသည်များကို လိုအပ်ပြီး တဦးလျှင် ဘတ်ငွေ သုံးထောင် ကုန်ကျသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသည် အဖွဲ့များက ခန့်မှန်းထားကြသည်။

အပြည့်အစုံသို့ >>

ပြည်ပရောက် မြန်မာအချင်းချင်း ငွေလိမ်လည်ယူနေ

ဝီရ / ၂၇ သြဂုတ် ၂၀၀၉
နာမည်ကြီးကုမ္ပဏီတခုကို ဗန်းပြကာ မြန်မာနိုင်ငံသားအချင်းချင်း လိမ်လည်မှုများ နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံခြားရောက် မြန်မာအချို့က နာမည်ကြီး ကုမ္ပဏီတခုတွင် အဖွဲ့ဝင်ဖြစ်သူတိုင်း အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာနိုင် သည်ဟု မိမိနိုင်ငံသားအချင်းချင်း လိုက်လံစည်းရုံးကာ အဖွဲ့ဝင်ကြေးအဖြစ် ငွေအမြောက်အမြား လိမ်လည်ယူနေခြင်းဖြစ်သည်။

ပြင်သစ်အခြေစိုက် နာမည်ကြီး ကုမ္ပဏီတခုဖြစ်သည့် Digital Crown Holdings Co.Ltd (DCHL) သို့ အဖွဲ့ဝင်ကြေးအဖြစ် မြန်မာကျပ်ငွေ (၆) သိန်းနီးပါးနှင့် ညီမျှသည့် မိမိတို့ရောက်ရှိရာ နိုင်ငံသုံးငွေ ထည့်ဝင်ထားပါက ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် ရှားပါးကုန်ပစ္စည်းများ ရရှိမည်ဖြစ်ပြီး ညွှန်ကြားသည့်အတိုင်း ဆက်လက်လုပ်ကိုင်ပါက ကြီးပွားနိုင်သည်ဟု လိုက်လံလိမ်လည်၍ ဝင်ငွေရှာနေသူများအား ထိုင်းရဲတပ်ဖွဲ့က လွန်ခဲ့သည့်သီတင်းပတ်က ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား (၅၀) ကျော် ပါဝင်သည်ဟု မဟာချိုင်အခြေစိုက် Labour Promotion Right Network (LPN) ရုံးမှ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “လွန်ခဲ့တဲ့အပတ်က စဖမ်းတာ။ ဘန်ကောက်က DCHL ရုံးဝန်ထမ်းတွေလည်း ဖမ်းခံရတယ်။ ဒီအပတ်အတွင်းမှာ မဟာချိုင်ဒေသတခုတည်းမှာ မြန်မာအလုပ်သမားအချင်းချင်း လိုက်လိမ်တဲ့သူ (၅၃) ယောက်လည်း ဖမ်းခံရတယ်။ ပိုက်ဆံပေးထားတဲ့သူ အဖွဲ့ဝင်ထားတဲ့သူ ဒီမဟာချိုင်မှာ အယောက် (၁,၀၀၀) ကျော် ရှိတယ်ဗျ။ မသိနားမလည်တဲ့ မြန်မာအလုပ်သမားတွေကို ဒီအဖွဲ့ထဲဝင်ရင် တခါတည်း ချမ်းသာမယ်ဆိုတော့ ဝင်ကြတာပေါ့။ အဖွဲ့ဝင်ကြေးက ဘတ်ငွေ (၁၈,၀၀၀) တောင် ပေးရတယ်။ အခုတော့ ဒုက္ခရောက်နေကြတာ အများကြီးပဲဗျ။ အဖွဲ့ခေါင်းဆောင်တွေလို့ ယူဆတဲ့သူတွေကို ဖမ်းသွားတော့ လျော်ကြေးလည်း ရမှာမဟုတ်ဘူး။ တရားဝင် ပေးထားတာလည်း မဟုတ်တော့လေ” ဟု ရှင်းပြသည်။

DCHL ကုမ္ပဏီနှင့်ပတ်သက်၍ အခုဖမ်းဆီးမှုသည် ဒုတိယအကြိမ် ဖြစ်သည်။ ပြီးခဲ့သည့်မတ်လကလည်း မြန်မာနိုင်ငံသား အချင်းချင်း ငွေကြေးလိမ်လည်ခဲ့သူ (၁၇၀) ကျော်ကို မဟာချိုင်တွင်ပင် ဖမ်းဆီးခဲ့ပြီး DCHL ကုမ္ပဏီ၏ဘန်ကောက်ရုံးခွဲကိုလည်း တရားမဝင် ဖွင့်လှစ်မှုဖြင့် အရေးယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားသူများသည် DCHL ကုမ္ပဏီမှ ထုတ်လုပ်သည့် ရေမွှေးရနံ့ပါသည့် (၁) လီတာအရွယ် ဆေးရည် (၂) မျိုး၊ မီးထွန်းလျှင် အောက်ဆီဂျင် ထုတ်ပေးသည့် မီးခွက်ငယ်တခု စသည့် ရှားပါးကုန်ပစ္စည်းများနှင့် အဆိုပါကုမ္ပဏီက ဖွင့်လှစ်ထားသည့် နိုင်ငံ (၁၀) နိုင်ငံမှ လှုပ်ရှားမှုဓာတ်ပုံများ ပါဝင်သည့် ထိုင်းဘာသာ စာအုပ် (၃) အုပ်နှင့် ကုမ္ပဏီတံဆိပ်ပါသည့် အလှအိတ်များ ရရှိသည်ဟု အဖွဲ့သို့ ၀င်ခဲ့သူ မနန်းစိုးက ပြောသည်။

မဟာချိုင်နေ မနန်းစိုးက “အဓိက အဖွဲ့ဝင်ဖြစ်ပြီးရင် အလုပ်ဆက်ရမယ်။ အဖွဲ့ဝင်တယောက်က နောက်ထပ် လူ (၆) ယောက်ကို ထပ်လိမ်ရမယ်။ အဲဒီတော့မှ ကိုယ်ကုန်ခဲ့တဲ့ပိုက်ဆံ (၁၈,၀၀၀) ဘတ်ကို ပြန်ရမယ်။ သုံးလတခါ သူတို့ထုတ်တဲ့ပစ္စည်းတွေ ရမယ်။ ကိုယ်က လူများများ ရှာနိုင်လေ အဆင့်တက်လေ၊ ပိုက်ဆံများများ ရလေပေါ့။ ဒါပေမယ့် ဒီလိုထပ်လိမ်ရမယ်ဆိုတာ အဖွဲ့ဝင်ဖြစ်ပြီးမှ သိရတာ။ ကြိုမပြောဘူး။ ဒီမဟာချိုင်မှာ ဒီအလုပ်လုပ်လို့ အခု အဖမ်းခံရတဲ့သူ အများစုက မွန်တွေပေါ့။ သူတို့က ဝတ်ကောင်းစားလှနဲ့ ကားနဲ့ စတိုင်ကျကျဆိုတော့ တကယ်ချမ်းသာပြီထင်လို့ ဝင်ကြတာပါ။ ဒီလိုလိမ်မှန်း မသိကြလို့ပါ” ဟု ခေတ်ပြိုင်သို့ ရှင်းပြသည်။

ယင်းသို့ အဖွဲ့ဝင်ဖြစ်ပြီး အခြားသူများအား လိုက်လံစည်းရုံး ဆက်လက်လိမ်လည်ကာ ငွေရှာနေသူများဟု မင်္သကာဖွယ် သူများကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းဖမ်းဆီးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြည်ပရောက် မြန်မာအချင်းချင်း ငွေကြေး လိုက်လံလိမ်လည်နေမှုသည် ထိုင်းနိုင်ငံတွင်သာမက မလေးရှားနှင့် စင်ကာပူနိုင်ငံတွင်လည်း ဖြစ်ပွားနေကြောင်း သိရသည်။

ကွာလာလမ်ပူတွင် ရောက်ရှိနေသည့် ကိုထွန်းမင်းက “ကျနော်တော့ မဝင်ထားဘူး။ အလိမ်ခံရတဲ့သူတွေ ပြောတာက ဒီကွာလာလမ်ပူမှာ သူတို့ရုံးဖွင့်ထားတာ အကြီးအကျယ်ပဲတဲ့။ ခဏအတွင်းမှာ ချမ်းသာမယ်ဆိုတော့ အလုပ်သမားဘဝက လွတ်မြောက်ချင်ကြတာပေါ့။ ဒီမှာ လိမ်နေတာလည်း ဗမာအချင်းချင်းပဲ။ စင်ကာပူမှာလည်း ကျနော့်သူငယ်ချင်းတွေ အဖွဲ့ဝင်ထားတဲ့သူ ရှိတယ်တဲ့။ နောက်ပိုင်းကျမှ အလိမ်ခံလိုက်ရမှန်း သိတာ။ ကိုယ့်ပိုက်ဆံ ပြန်ရဖို့ လူထပ်လိမ်တဲ့နေရာမှာ ကိုယ်က စမတ်ကျကျ ဝတ်စားနေထိုင်ရမယ်ဆိုတော့ ရိုးသားတဲ့မြန်မာအများစုက ဟန်ဆောင်တတ်ပါ့မလား။ ထပ်မလုပ်တော့ဘူး။ ကိုယ်ထိပြီးရင် ပြီးရောပေါ့။ လျော်ကြေးတောင်းဖို့ကလည်း ဘယ်ကို သွားတိုင်ရမလဲတောင်မှ မသိကြတာ” ဟု ပြောသည်။

ပြင်သစ်နိုင်ငံ အခြေစိုက် DCHL ကုမ္ပဏီသည် ရေမွှေးတမျိုးကို အခြေခံပြီး ပဋိစီဝဆေး ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ကာ ဟောင်ကောင်၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ အင်ဒိုနီးရှား စသည့် အာရှနိုင်ငံများတွင်သာ ရုံးခွဲအဖြစ် ဖွင့်လှစ်ထားကြောင်း ၎င်းကုမ္ပဏီ၏ ဝက်ဆိုက်ဘ်မှ သိရှိရသည်။
အပြည့်အစုံသို့ >>

ယာယီမြန်မာနိုင်ငံကူးလက်မှတ်လုပ်သူ နည်းပါး


ထိုင်းနိုင်ငံနှင့်နီးစပ်သည့် မြန်မာနယ်စပ်မြို့များတွင် ထုတ်ပေးနေသည့် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ကုန်ကျစရိတ် များပြားသောကြောင့် သွားရောက်သူ နည်းပါးကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား များက ပြောသည်။

မြ၀တီတွင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူ မြန်မာရွှေ့ပြောင်း အလုပ်သမတဦးက “ကျမတို့ထိုင်းမှာ အလုပ်သမား လက်မှတ်လုပ်တာက ဘတ် (၃,၈၀၀) ကုန်တယ်။ ဘန်ကောက်ကနေ မဲဆောက်ကို သူဌေးနဲ့လာရတယ်။ ကိုယ့်စရိတ်ကိုယ်ခံပဲ။ မဲဆောက်ဆက်ဆံရေးရုံးမှာ စာရင်းသွင်းပြီး မြ၀တီဘက် ကူးရတယ်။ နိုင်ငံသားဟုတ်မဟုတ် အစစ်ခံပြီးရင် ရုံးမှာ ကျပ် (၃,၀၀၀) ပေးရတယ်။ ပြီးမှ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးတယ်။ အဲဒီလက်မှတ်ကို မဲဆောက် ထိုင်းလ၀ကရုံးကိုသွားပြရတယ်။ ထိုင်းက (၂) နှစ် ဗီဇာပေးတယ်၊ ဘတ် (၂) ထောင်ပေးရတယ်၊ တချို့ဆိုရင် (၃) ရက်လောက်စောင့်ရတယ်။ ဒီကိစ္စလာတာ အနည်းဆုံး ဘတ် (၁) သောင်းပဲ။ တော်ရုံလူမလာနိုင်ဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။

မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြ၀တီဘက်သို့သွားရာတွင် ထိုင်းအလုပ် သမားရုံး၏ ထောက်ခံစာ မြန်မာမှတ်ပုံတင်နှင့် ထိုင်းအလုပ်ရှင်ပါ အတူလိုက်ပါရမည်ဖြစ်သည်။

ဘန်ကောက်တွင် ပလာတာရောင်းသည့် ကိုမာမက်က “လက်မှတ်လာလုပ်တာ သုံးရက်ရှိပြီ၊ မရသေးဘူး။ ကျနော့်နောက်က လာတဲ့သူ ရသွားပြီ။ တချို့မှတ်ပုံတင်မရှိလည်း သူတို့စစ်တာကို ဖြေနိုင်ရင်ထုတ်ပေးတယ်။ မြန်မာမှတ်ပုံတင်ရှိရက်နဲ့ ကုလားဖြစ်တော့ သူတို့ပိုရစ်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် မြန်မာအလုပ်သမားတဦး၏၀င်ငွေသည် ဘတ် (၁၀၀) ၀န်းကျင်သာရှိသောကြောင့် တရားဝင် အလုပ်သမားဖြစ်ရန်အတွက် ကုန်ကျစရိတ်မှာ ထိုင်းအလုပ်သမား မှတ်ပုံတင်ခ (၃,၈၀၀) ဘတ်၊ ယာယီမြန်မာနိုင်ငံကူးလက်မှတ်ခ ကျပ် (၃,၀၀၀) နှင့် ထိုင်းဗီဇာကြေး (၂,၀၀၀) ဘတ်အပြင် ထိုင်းနိုင်ငံအတွင်း ရပ်ဝေးဒေသမှ လာရောက်ရသည့်အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ အနည်းဆုံး ဘတ် (၁၀,၀၀၀) ခန့်ရှိပြီး ၎င်းကုန်ကျစရိတ်ကို အလုပ်ရှင်ကမပေးဘဲ မိမိဘာသာ ကျခံရသည့်အတွက် စိတ်ဝင်စားသူ အလုပ်ရှင်နှင့် အလုပ်သမား နည်းပါးခြင်းဖြစ်သည်။

ဘန်ကောက်ရှိ မြန်မာအလုပ်သမားများ မြ၀တီတွင် လက်မှတ်သွားလုပ်လိုပါက တဦးလျှင်ဘတ် (၉,၀၀၀) နှုန်းဖြင့် ပွဲစားများက ပြုလုပ်ပေးပြီး လူ (၁၀) ဦးပြည့်မှသာ ပို့ပေးသည်ဟု ပွဲစားနှင့်လာသူတဦးက ပြောသည်။

မြန်မာအလုပ်သမားများ မြ၀တီတွင် လက်မှတ်ပြုလုပ်ရန်အတွက် မဲဆောက်ရှိ ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအသင်း၊ ဆက်ဆံရေးရုံးမှတဆင့် စာရင်းပေးသွင်းပြီး မြ၀တီမြို့သို့သွားရန် ၎င်းရုံးမှ စီစဉ်ဆောင်ရွက်ပေးသည်။

ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်းဖြင့် ထိုင်းတနိုင်ငံလုံးတွင် အလုပ်လုပ်ခွင့်နှင့် မည်သည့်ဒေသမဆို သွားလာခွင့်ရမည်၊ တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့် (၂) နှစ်ရမည်။ ထိုင်းအလုပ်သမားဥပဒေပါ ခံစားခွင့်များ အပြည့်အ၀ရရှိမည်ဟု မြန်မာဘက်မှထုတ်ဝေသည့် လက်ကမ်းစာစောင်တွင် ပါရှိသည်။

ယာယီနိုင်ငံကူးလက်မှတ်များကို ယခင်လ (၁၅) ရက်မှ စတင်ပြုလုပ်ပေးပြီး မြန်မာဘက်မှ ကနဦးထုတ်ပြန်သည့် သတင်းများအရ ယခုလပထမအပတ်ထိ လက်မှတ်လာရောက်ထုတ်ယူသူ (၁၂၃) ဦးသာရှိပြီး ကော့သောင်းတွင် (၁၁၃) ဦးနှင့် မြ၀တီတွင် (၁၀) ဦးတို့ဖြစ်သည်ဟု သိရသည်။

ထိုင်းတနိုင်ငံလုံးတွင် မြန်မာနိုင်ငံသား (၂) သန်းခွဲခန့်ရှိပြီး တရားဝင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၅) သိန်းခန့်ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့များက ပြောသည်။

မြ၀တီတွင် လက်မှတ်ထုတ်ယူသူအများစုမှာ ဘန်ကောက်နှင့်အခြားခရိုင်များမှဖြစ်ပြီး မြန်မာအလုပ်သမား (၁) သိန်းခွဲခန့်ရှိသည့် မဲဆောက်ဒေသတွင်းမှ လက်မှတ်သွားရောက်ထုတ်ယူသူမရှိကြောင်း မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသူ တဦးက ပြောသည်။

မြန်မာဘက်မှ လက်မှတ်ထုတ်ပေးရေးစခန်းများကို တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် ဗိုလ်ချုပ်လမ်း ဖုန်း (၀၀၃,၃၃၃,၀၅၃)၊ မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် ကျောက်လုံးကြီးစခန်း ဖုန်း (၀၉၅,၀၉၀,၀၉၄)၊ ကော့သောင်းမြို့ တော်ဝင်လမ်း အေးရိပ်ငြိမ်ရပ်ကွက် ဖုန်း (၀၅,၉၅၀,၉၅၈) စသည့်နယ်စပ်မြို့တို့တွင် ဖွင့်လှစ်ထားသည်။

အပြည့်အစုံသို့ >>

Tuesday, 25 August 2009

မြန်မာလုပ်သား ၃ ထောင်ကျော် ကိုရီးယားသွားခွင့် မရေရာ

မေကျော်
တနင်္လာနေ့၊ သြဂုတ်လ 24 ရက် 2009 ခုနှစ် 19 နာရီ 54 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာအလုပ်သမား ၃၀၀၀ မှာ ကိုရီးယားဘာသာစကား တတ်မြောက်မှု စာမေးပွဲ အောင်မြင်ပြီး ဖြစ်သော်လည်း ကိုရီးယားနိုင်ငံတွင် အလုပ်အကိုင်ပေးနိုင်မှု ကျဆင်းသဖြင့် ကိုရီးယားသို့ သွားရောက် အလုပ်လုပ်နိုင်ခွင့် မရေရာဘဲဖြစ်နေသည်။

“ကမ္ဘာ့စီးပွားအကျကြောင့် ၂ဝဝ၉ ရဲ့ လုပ်သားခေါ်ယူမှုခွဲတမ်း နည်းသွားတယ်။ နှစ်က သူတို့ဘက်က (ကိုရီးယား) လုပ်ငန်းတွေ ပြန်လည်လည်ပတ်လာလို့ ကိုတာ (ခွဲတမ်း) တွေ တက်လာမယ်ဆိုရင် မျှော်လင့်ချက် မြန်မာလုပ်သားတွေ သွားရဖို့ များပါတယ်” ဟု ကိုရီးယား အလုပ်သမား ဝန်ကြီးဌာန၏ တရားဝင် ကိုယ်စားလှယ် Human Resources Development Service of Korea (HRD Korea) မြန်မာရုံးခွဲ တာဝန်ခံက ပြောသည်။

ယမန်နှစ်မှစ၍ ယခုအချိန်ထိ ကိုရီးယားသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် လျှောက်လွှာတင်သူ မြန်မာလုပ်သား ၃၅၃၆ ယောက်မှ ၃၉၅ ယောက်သာ စေလွှတ်နိုင်သေးသည်။

ကိုရီးယား ဘာသာစကားစစ် စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူ ၃ဝဝဝ ကျော်အတွက် ကိုရီးယား အလုပ်အကိုင် ရရှိရေးအတွက် အာမခံချက်လည်း မပေးနိုင်သေးကြောင်း HRD ကိုရီးယား ရုံးခွဲက ဆိုသည်။

“ဘယ်အချိန်သွားရမလဲ ဘယ်လောက်သွားရမလဲ ဆိုတဲ့အသေးစိတ်တော့ မပြောတတ်ဘူး” HRD တာဝန်ခံက မဇ္ဈိမကို ဖြေကြားသည်။

သို့သော် ကိုရီးယား အရည်အချင်းစစ် စာမေးပွဲကိုမူ ဆက်လက် မဖြေဆိုစေဘဲ ရပ်ဆိုင်းထားပြီး ယခုနှစ်အတွက် ကျင်းပရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

ကိုရီးယားသို့ မြန်မာ အလုပ်သမား စေလွှတ်မှုကို ယခင်က အလုပ်သင် စနစ်ဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများက ဆောင်ရွက်နေရာမှ ယမန်နှစ်မှစ၍ အစိုးရချင်း တိုက်ရိုက် လုပ်သားစေလွှတ်ရေးစနစ်ကို ကျင့်သုံးခဲ့သည်။

မြန်မာဘက်မှ ရွှေအင်းဝ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှင့် ကိုရီးယားဘက်မှ HRD ကိုရီးယားတို့က ကိုယ်စားလှယ် အဖြစ်လုပ်ကိုင်နေခြင်း ဖြစ်သည်။

လက်ရှိ လုပ်သား ၃၀၀ ကျော်ကို တဦးလျှင် ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၁၀၅၀ ဖြင့် တရားဝင် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

ယခင်က အလုပ်သင် စနစ်ဖြင့် ကိုးရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် တဦးလျှင် ကုန်ကျစရိတ် မြန်မာငွေ သိန်း ၄၀ ကျပ်ခန့် ကန်ဒေါ်လာ ၄၀၀၀ ခန့် ကုန်ကျသည်။

ပြီးခဲ့သည့်နှစ်မှစ၍ ပြောင်းလဲလိုက်သည့် အစိုးရချင်း လုပ်သားစေလွှတ်မှု စနစ်သစ်တွင် ကိုရီးယား အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုအောင်မြင်ထားရမည်ဖြစ်ပြီး၊ အခြားလိုအပ်သည့် အရည်အချင်းများကိုမူ တရားဝင် သတ်မှတ်မထားဘဲ ကိုရီးယားလုပ်ငန်းရှင်များက စိတ်ကြိုက်ရွေးချယ်ခြင်းသာ ဖြစ်သည်။

ကိုရီးယားက နိုင်ငံခြားသား အလုပ်သမားများကို ကုန်ထုတ်လုပ်ငန်းများတွင် အများဆုံး အသုံးပြုမှုများပြီး အလုပ်သမား တဦးလျှင် ပျမ်းမျှအားဖြင့် တလလျှင် ကိုရီးယား ဝမ် ၁၀ သိန်းခန့် ရရှိကာ မြန်မာငွေအားဖြင့် ကျပ် ၁၀ သိန်းခန့် ရရှိသည်။

အပြည့်အစုံသို့ >>

Wednesday, 19 August 2009

ဖူးခက်တွင် မြန်မာလုပ်သား ၁၀၀ နီးပါး အဖမ်းခံရ

ကျော်သိင်္ခ
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 19 ရက် 2009 ခုနှစ် 14 နာရီ 04 မိနစ်


ဖူးခက် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့နယ် ဘန်သချက်ချိုင်ရွာရှိ ဆောက်လုပ်ရေးလုပ်သား မြန်မာ ၉၅ ဦးအား ယမန်နေ့နံနက်ပိုင်းတွင် ထိုင်းရဲက ဖမ်းဆီးခဲ့သည်။

အင်္ဂါနေ့ နံနက် ၇ နာရီခန့်တွင် ဆောက်လုပ်ရေး ဝင်းအတွင်းရှိ ပန်းရံလုပ်ငန်းခွင် တခုသို့ ထိုင်းရဲများက ဝင် ရောက်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ကျနော်တို့က ဈေးဆိုင်မှာ အကြွေးဝယ်စားနေရတာ။ သူဌေးက လုပ်ခတွေထဲကနေ နေစရိတ်တွေ၊ မီးခ၊ ရေခတွေ အဆမတန်ဖြတ်တော့ ကျနော်တို့မှာ အကြွေးဆပ်ဖို့ ပိုက်ဆံက မလောက်တော့ဘူး။ အဲဒါနဲ့ ကျနော်တို့ ၄ ရက် အလုပ်မဆင်းဘဲ ဆန္ဒပြတာ။ အဲဒါ သူဌေးက ရဲကို တိုင်လို့ ရဲက ကျနော်တို့ကို ဖမ်းသွားတာ” ဟု ၂၆ နှစ်အရွယ် ကိုခင်မောင်ထွန်းက မဇ္ဈိမကို ပြောပြသည်။

အဖမ်းဆီးခံရသူ အလုပ်သမားအများစုသည် ပြီးခဲ့တဲ့လအတွင်းက ထိုင်းအစိုးရက ထုတ်ပေးထားသည့် တရားဝင် အလုပ်သမားများ မှတ်ပုံတင် ကိုင်ဆောင်ထားသူများဖြစ်ပြီး၊ အချို့မှာ ယာယီ သန်းခေါင်စာရင်းသာ ရှိသူများဖြစ်သည်။

ယခုအခါ မှတ်ပုံတင်ရှိသူများကို ရဲက ပြန်လွှတ်ပေးခဲ့ပြီး၊ သန်းခေါင်စာရင်းသား ရှိသည့် အလုပ်သမား ၁၉ ဦးကိုမူ ဆက်လက် ထိန်းသိမ်းထားကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ အခြေခံလူထု လူ့အခွင့်အရေးနှင့် ပညာပေးဌာန (GHRE) မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက ပြောသည်။

သူက “အခုတော့ ရဲက အလုပ်သမားကဒ် ရှိတဲ့လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ။ အလုပ်သမား သန်းခေါင်စာရင်း စာရွက်ရှိတဲ့လူ ၁၉ ယောက်ကိုတော့ ဖမ်းထားသေးတယ်။ ကျနော်တို့ ရဲစခန်းမှာ ကျန်တဲ့လူတွေ လွှတ်ပေးဖို့ကိစ္စကို ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ အဖြေတော့ တိတိကျကျ မသိရသေးပါဘူး” ဟု ပြောသည်။

ဖူးခက်မြို့နယ် ဘန်သချက်ချိုင်ရွာ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက “သူတို့မှာ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ တရားဝင် စာရွက်စာတမ်းတွေ ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကလည်း တာဝန်အရ ဆောင်ရွက်ရတာပါ။ အဲဒီကိစ္စက သူတို့ကို ဒီညနေမှာ လူဝင်မှုကြီးကြပ်ရေး လက်ထဲကို လွှဲပြီးတဲ့ နောက်ပိုင်းကျမှ ထိုင်း လူဝင်မှု ကြီးကြပ်ရေးဌာနက ဆုံးဖြတ်မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံသို့ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားမှ လာရောက် အလုပ်လုပ်သော ရွှေ့ပြောင်း လုပ်သားများအတွက် တရားဝင် အလုပ်သမား မှတ်ပုံတင်ရေးကို ၂၀၀၉ ခု ဇူလိုင်လ၌ ထိုင်းအစိုးရက စတင် လုပ်ဆောင်ပေးခဲ့သည်။

ပထမ အဆင့်အဖြစ် အလုပ်သမားမှတ်ပုံတင်၊ သန်းခေါင်စာရင်း မှတ်ပုံတင် စာရွက်များကို ရွှေ့ပြောင်း လုပ်သားများအား ထုတ်ပေးခဲ့သည်။

ယခုလို မြန်မာအလုပ်သမားများ ဖမ်းဆီးခံရခြင်းသည် အဆိုပါ အလုပ်သမား သန်းခေါင်စာရင်း ထုတ်ပေးပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ယခုလို ဖမ်းဆီးခံရခြင်းဖြစ်သည်။
အပြည့်အစုံသို့ >>

နိုင်ငံကူးလက်မှတ်ဖြင့် လူကုန်ကူးမှုကို တိုက်ဖျက်ရန် မြန်မာစစ်အစိုးရ စီစဉ်

သတင်း - IMNA
ရေးသားသူ - မွန်ဂျစ်
အင်္ဂါနေ့၊ သြဂုတ်လ 18 ရက် 2009 ခုနှစ်


ရန်ကုန်နှင့် နေပြည်တော်မှ မြန်မာစစ်အစိုးရတာဝန်ရှိ ကိုယ်စားလှယ် ၂၅ ဦးခန့် ထိုင်းနိုင်ငံ ဆာမုဆာခွန် (မဟာချိုင်) သို့လာရောက်ကာ လူကုန်ကူးမှုနှင့် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံမှ အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးရန် ကိစ္စများကို ဆွေးနွေးသွားသည်ဟု အလုပ်သမားအခွင့်အရေးဖွဲ့မှ ဝန်ထမ်းတစ်ဦးက ပြောပါသည်။

စစ်အစိုးရ တာဝန်ရှိ ကိုယ်စားလှယ်တို့သည် လွန်ခဲ့အပတ်တွင် မဟာချိုင်မြို့ရှိ အလုပ်သမား အခွင့်အရေးအကျိုးဆောင်ပေး သည့် Labor Rights Promotion Network (LPN) ၏ ဒါရိုက်တာနှင့် တွေ့ဆုံကာ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား နိုင်ငံကူးလက်မှတ်ပြုလုပ်ရေးနှင့် စပ်လျဉ်းပြီး အလုပ်သမားတို့၏ရပိုင်ခွင့် အခွင့်အရေးများနှင့် လူကုန်ကူးမှု ပပျောက်ရန်တိုက်ဖျက်ရေး နည်းစနစ်များအကြောင်း ဆွေးနွေးသွားသည်ဟု သိရပါသည်။

စစ်အစိုးရ တာဝန်ရှိကိုယ်စားလှယ်တို့သည် လူကုန်ကူးမှု ပပျောက်ရန် တိုက်ဖျက်ရေးအတွက် သူတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးသွားသည်ဟု ၄င်းဝန်ထမ်းကပြောပါသည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ LPN ၏လုပ်ငန်းအစီစဉ်နှင့် တူညီနေသည့်အတွက် စစ်အစိုးရ ကိုယ်စားလှယ်၏ ကမ်းလှမ်းချက်ကို ၄င်းတို့ လက်ခံလိုက်သည်ဟု LPN ဝန်ထမ်းကပြောပါသည်။

“သူတို့ပြောတာက လူကုန်သည်တွေရဲ့ နာမည်၊ နေရပ်လိပ်စာ အတိအကျကို သိရင် သူတို့ကိုသတင်းပေးပါ၊ သူတို့ တာဝန်ယူပြီး မြန်မာပြည်မှာပဲ ဖမ်းလိုက်မယ်လို့ ပြောတယ်” ဟု ၄င်းက ဆက်ပြောပါသည်။ ၄င်းတို့ နှစ်ဖက်အကြားဆွေးနွေးမှုသည် နေ့လည် (၁) နာရီမှ ညနေ (၅) နာရီအထိ (၄) နာရီကြာပါသည်။

လူကုန်သည်တို့၏ ဖျားယောင်းလိမ်လည်ပြီး ထိုင်းသူဌေးထံတွင် ရောင်းစားမှုနှင့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံမှ လူကုန်သည်တို့၏ လုပ်ရပ်ကြောင့် ထိုင်းနိုင်ငံသို့ဝင်ရောက်အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံသားတို့ သေဘေးအန္တရာယ်နှင့် မကြာခဏ ရင်ဆိုင်တွေ့ကြုံနေရသည့်အတွက် နိုင်ငံကူးလက်မှတ်လုပ်ပေး ရေးအစီအစဉ်ကို မြန်မာစစ်အစိုးရကိုယ်စားလှယ်တို့ လာရောက်တိုင်ပင်ဆွေးနွေးခြင်းဖြစ်သည်ဟု ၄င်းက ပြောပါသည်။

မြန်မာစစ်အစိုးရ ကိုယ်စားလှယ်၏ ပြောဆိုချက်ကို ကိုးကားပြီး LPN ဝန်ထမ်းက “သူတို့ပြောတာက အခုလုပ်မယ့် နိုင်ငံကူးလက်မှတ် သက်တမ်းက ၂ နှစ် ဖြစ်တယ်၊ အဲ နောက်မှ တခါပြန်ပြီး ဆက်မယ်၊ အဲဒါမှ အလုပ်သမားတွေလည်း အေးအေးဆေးဆေး သွားလာလုပ်ကိုင်နိုင်ပြီး အန္တရာယ်လည်း နည်းမယ်၊ လူကုန်သည်တွေရဲ့ အကူအညီကို မလိုတော့တဲ့အတွက် လူကုန်ကူးမှုလဲ ပပျောက်သွားနိုင်တာပေါ့” ဟု ပြောပါသည်။

“ဒီ နိုင်ငံကူးလက်မှတ်လုပ်တဲ့ အစီအစဉ်က သူတို့ရဲ့ ရွေးကောက်ပွဲအတွက် သူတို့ကို မဲပေးဖို့အတွက်လဲ ဖြစ်နိုင်တယ်” ဟု LPN မှဝန်ထမ်းက ၄င်း၏အမြင်ကို ပြောပါသည်။
အပြည့်အစုံသို့ >>

မလေး ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်

ကျော်သိင်္ခ
တနင်္လာနေ့၊ သြဂုတ်လ 17 ရက် 2009 ခုနှစ် 12 နာရီ 43 မိနစ်


ကွာလာလမ်ပူ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ စီပန်းရှိ ကေအယ်အိုင်အေ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထား သော မြန်မာအကျဉ်းသား ဦးရေ ၇၀၀ အနက် ၃၀ နီးပါးသည် ထိုစခန်းမှ ယမန်နေ့ ညနေပိုင်းက ထွက်ပြေးသွား ကြောင်း သတင်းရရှိသည်။

“ညနေ ၆ နာရီလောက် ထမင်းကျွေးတဲ့အချိန်မှာ တံခါးဖွင့်တော့ ထွက်ပြေးကြတာ။ ထွက်ပြေးတာ ၂၈ ယောက် ထွက်ပြေးသွားတာ ၆ ယောက် ပြန်မိတယ်။ ပြေးသွာတာက အဆောင် B-3 ကနေ ပြေးသွားတာ”
ဟု ကေအယ် အိုင်အေ စခန်း၌ ထိန်းသိမ်းခံနေရသည့် ၄၁ နှစ်အရွယ် ကိုဇော်စိုးက မဇ္ဈိမကို ပြောသည်။


ပြီးခဲ့တဲ့လက စမုံညင်း အကျဉ်းစခန်းတွင် ဆူပူမှုဖြစ်ပွားရာ၌ ပါဝင်ခဲ့သော မြန်မာအကျဉ်းသား ၇၀၀ အား ဇူလိုင်လ ၂၄ ရက်နေ့တွင် စမုံညင်းစခန်းမှ စီပန်းရှိ ကေအယ်အိုင်အေ စခန်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးက၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးနှင့် ပူးပေါင်းကာ အကျဉ်းသား ၇၀၀ ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေစဉ် ယခုလို ထောင်ဖောက် ထွက်ပြေးသည့် အမှု ဖြစ်ပွားခြင်း ဖြစ်သည်။

အန်အယ်ဒီ - လွတ်မြောက်နယ်မြေ (မလေးရှား) မှ နိုင်ငံခြားရေးရာ တာဝန်ခံ ကိုကျော်ကျော်မိုးက “မြန်မာပြည်ပြန်ရရင် သူတို့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို တွေးပြီးတော့ အခုလို ဖြစ်သွားတယ်လို့ပဲ ကျနော် ယူဆတယ်။ ဒီနိုင်ငံထဲမှာ သူတို့ အခုလို ထွက်ပြေးတယ် ဆိုတာကလည်း အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်။ ပြေးတယ် ဆိုတာကလည်း သူတို့ အတော်လေးကို အရဲစွန့်ပြီး ပြေးကြရတာလေ။ ဘာပဲဖြစ်ဖြစ်တော့ အခုလို ဖြစ်သွားတယ်ဆိုတော့ အကျဉ်းစခန်းထဲမှာ ကျန်ရှိနေတဲ့ သူတွေအတွက် အခက်အခဲ တော်တော်ကို ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

စခန်းထဲရှိ မြန်မာအကျဉ်းသား ၇၀၀ သည် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုများ မရသည့်အပြင်၊ ပုံမှန် စားသောက်ရေးအတွက်ပါ ခက်ခဲနေကြသည်။

ထိုအကျဉ်းစခန်းတွင် ထိန်းသိမ်းခံရသူများအနက် ၉ ဦးသည့် A (H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက်ခံနေရပြီး၊ ၄ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း အကျဉ်းစခန်းထဲတွင် ထိန်းသိမ်းခံနေရသူ အမည်မဖော်လိုသူ မြန်မာအကျဉ်းသား တဦးက ပြောသည်။

ယခုလ ၄ ရက်နေ့ကလည်း အဆိုပါအကျဉ်းစခန်းမှ ၃၅ နှစ်အရွယ် တိုဂိုနိုင်ငံသား Malou-Ouro Dramane ဆိုသူသည် A (H1N1) ရောဂါနှင့် သေဆုံးခဲ့ကြောင်း မလေး လူဝင်မှုကြီးကြပ်ရေး အရာရှိများက သြဂုတ်လ ၆ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP