Wednesday, 19 August 2009

မလေး ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်

ကျော်သိင်္ခ
တနင်္လာနေ့၊ သြဂုတ်လ 17 ရက် 2009 ခုနှစ် 12 နာရီ 43 မိနစ်


ကွာလာလမ်ပူ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ စီပန်းရှိ ကေအယ်အိုင်အေ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထား သော မြန်မာအကျဉ်းသား ဦးရေ ၇၀၀ အနက် ၃၀ နီးပါးသည် ထိုစခန်းမှ ယမန်နေ့ ညနေပိုင်းက ထွက်ပြေးသွား ကြောင်း သတင်းရရှိသည်။

“ညနေ ၆ နာရီလောက် ထမင်းကျွေးတဲ့အချိန်မှာ တံခါးဖွင့်တော့ ထွက်ပြေးကြတာ။ ထွက်ပြေးတာ ၂၈ ယောက် ထွက်ပြေးသွားတာ ၆ ယောက် ပြန်မိတယ်။ ပြေးသွာတာက အဆောင် B-3 ကနေ ပြေးသွားတာ”
ဟု ကေအယ် အိုင်အေ စခန်း၌ ထိန်းသိမ်းခံနေရသည့် ၄၁ နှစ်အရွယ် ကိုဇော်စိုးက မဇ္ဈိမကို ပြောသည်။


ပြီးခဲ့တဲ့လက စမုံညင်း အကျဉ်းစခန်းတွင် ဆူပူမှုဖြစ်ပွားရာ၌ ပါဝင်ခဲ့သော မြန်မာအကျဉ်းသား ၇၀၀ အား ဇူလိုင်လ ၂၄ ရက်နေ့တွင် စမုံညင်းစခန်းမှ စီပန်းရှိ ကေအယ်အိုင်အေ စခန်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးက၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးနှင့် ပူးပေါင်းကာ အကျဉ်းသား ၇၀၀ ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေစဉ် ယခုလို ထောင်ဖောက် ထွက်ပြေးသည့် အမှု ဖြစ်ပွားခြင်း ဖြစ်သည်။

အန်အယ်ဒီ - လွတ်မြောက်နယ်မြေ (မလေးရှား) မှ နိုင်ငံခြားရေးရာ တာဝန်ခံ ကိုကျော်ကျော်မိုးက “မြန်မာပြည်ပြန်ရရင် သူတို့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို တွေးပြီးတော့ အခုလို ဖြစ်သွားတယ်လို့ပဲ ကျနော် ယူဆတယ်။ ဒီနိုင်ငံထဲမှာ သူတို့ အခုလို ထွက်ပြေးတယ် ဆိုတာကလည်း အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်။ ပြေးတယ် ဆိုတာကလည်း သူတို့ အတော်လေးကို အရဲစွန့်ပြီး ပြေးကြရတာလေ။ ဘာပဲဖြစ်ဖြစ်တော့ အခုလို ဖြစ်သွားတယ်ဆိုတော့ အကျဉ်းစခန်းထဲမှာ ကျန်ရှိနေတဲ့ သူတွေအတွက် အခက်အခဲ တော်တော်ကို ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

စခန်းထဲရှိ မြန်မာအကျဉ်းသား ၇၀၀ သည် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုများ မရသည့်အပြင်၊ ပုံမှန် စားသောက်ရေးအတွက်ပါ ခက်ခဲနေကြသည်။

ထိုအကျဉ်းစခန်းတွင် ထိန်းသိမ်းခံရသူများအနက် ၉ ဦးသည့် A (H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက်ခံနေရပြီး၊ ၄ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း အကျဉ်းစခန်းထဲတွင် ထိန်းသိမ်းခံနေရသူ အမည်မဖော်လိုသူ မြန်မာအကျဉ်းသား တဦးက ပြောသည်။

ယခုလ ၄ ရက်နေ့ကလည်း အဆိုပါအကျဉ်းစခန်းမှ ၃၅ နှစ်အရွယ် တိုဂိုနိုင်ငံသား Malou-Ouro Dramane ဆိုသူသည် A (H1N1) ရောဂါနှင့် သေဆုံးခဲ့ကြောင်း မလေး လူဝင်မှုကြီးကြပ်ရေး အရာရှိများက သြဂုတ်လ ၆ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။
အပြည့်အစုံသို့ >>

Friday, 14 August 2009

ထိုင်းမိဖုရားမွေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားတက်ရောက်သူများကို ထိုင်းအာဏာပိုင်များဝင်ရောက်ဖမ်း

နွယ်လေး။
သြဂုတ်လ ၁၃ ရက် ၊၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပါကန်တွင် ထိုင်းမိဖုရားမွေးနေ့ကို ဂုဏ်ပြုပြီး ကျင်းပပြုလုပ်သည့် ကရင် လက်ချည်ပွဲ အခမ်းအနား တက်ရောက်သူများကို ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီးခဲ့သည်။

အခမ်းအနားတက်ရောက်သည့် အလုပ်သမားကဒ်ရှိသူ အချို့နှင့် မရှိသူလူပေါင်း ၂၀၀ နီးပါးကို ဖမ်းဆီးသွားသည် ဟု အလုပ်သမားအချို့ကို ကူညီခဲ့သူ ကိုအောင်က ယခုလိုပြောသည်။

“ပွဲပျက်သွားတယ်။ သီချင်းဆိုတာရှိတယ်။ဘောလုံးပွဲလည်းပျက်တယ်။ ဆုပေးပွဲလည်းပျက်တယ်။ ကား သုံးလေး စီး စာရသွားပြီးပြန်ပို့တယ်။ နောက်တခေါက်ပြန်လာတယ်။ နောက်ကျတော့ သူတို့ အပြင်မှာ မဟုတ်ပဲ အထဲမှာလာဖမ်းတော့တာ။”

ယမန်နေ့နေ့ခင်းပိုင်းတွင် အခမ်းအနား ကျင်းပနေစဉ် ထိုင်းတာဝန်ရှိသူများကလမ်းပိတ်ပြီး ဖမ်းဆီးခဲ့ကာ နောက် ပိုင်းတွင် ပွဲခင်းအတွင်းဝင်ရောက်ဖမ်းဆီးခဲ့သည်။

တဖန်ပါရှိ ပက်နန်းလှေဆိပ်မှ တစ်ဘက်ကမ်းသို့ လှေနှင့် ကူးပြီးထွက်ပြေးလာသူများကို ထိုင်းအာဏာပိုင်များက တဘက်ကမ်းမှ စောင့်ဖမ်းသည်ဟု၎င်းက “ပုလိပ်လာတော့ ရေထဲ ခုန်ချတဲ့ လူနဲ့လှေလေးက သေးသေး လေး လူတွေကပြည့်သိပ် နေတာပဲ မြုပ်တော့မယ်ဆဲဆဲ ပုလိပ်တွေကလိုက်တာပဲ။ ပုလိပ်လွတ်အောင် သူတို့ ပြေး တယ်။ ရေနစ်မှာကိုသူတို့ မကြောက်ဘူး။” ဟုပြောသည်။

အခမ်းအနားသို့တက်ရောက်သူ လူပေါင်း ၆၀၀ နီးပါးရှိပြီး မွန်၊ကရင်လူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုးများ ဖြစ်၍ဘန်ကောက်နှင့် အခြားဒေသမှ လာရောက်သူများဖြစ်ကြသည်။

သမီးနှစ်ယောက်ဖမ်းဆီးခံထားရပြီး ထွက်ပြေးလွတ်မြောက်လာသည့် ဘန်ကောက်မှ မခင်ဝင်း က “အစ်မတို့ ကပြေးတာပေါ့။ လူများမသိဘူး။ သူတို့(ထိုင်းရဲ) လာတာလူ တစ်ပုံကြီးပေါ့။ တစ်ပုံကြီးသူတို့ ဖမ်းတာ ။ လမ်းက တစ်ခုတည်းရှိတာ ဘယ်မှသွားလို့မရဘူး။ ပိတ်ပြီးဖမ်းတာ။ ခုထိ မလွတ်လာသေးဘူး သမီး နှစ်ယောက်က” ဟုပြောသည်။

အများစုမှာ အလုပ်သမားကဒ်ရှိသော်လည်း နယ်ကျော်သည်ဟုဆိုကာ ထိုင်းရဲများက ဖမ်းဆီးခြင်းဖြစ်ပြီး နယ်မ ကျော်သည့် အလုပ်သမားကဒ်ရှိသူများကို ထိုင်းတာဝန်ရှိသူများက ပြန်လွတ်ပေးခဲ့သည်ဟု မခင်ဝင်းက ဆက်ပြောသည်။

ယခင်နှစ်က ထိုင်းမိဖုရား မွေးနေ့ အခမ်းအနား ဂုဏ်ပြုပွဲကျင်းပခဲ့သော်လည်း ယခုနှစ်ကဲ့သို့ အဖမ်းအဆီးများ မရှိခဲ့ပေ။
အပြည့်အစုံသို့ >>

ပွဲစားနှင့် အလုပ်ခေါင်းက အနိုင်ကျင့်သဖြင့် မြန်မာအလုပ်သမားများ အခက်အခဲဖြစ်နေ

မြတ်သဇင်။

ဩဂုတ်လ ၁၃ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံပူလီခရိုင်၊ အန်ဖေစာတဟိမြို့နယ်မှ ထိုင်းငါးဖမ်းလှေများတွင် ရောင်းစားခံနေရသော မြန်မာအလုပ်သမားများသည်ပွဲစားနှင့် အလုပ်ခေါင်းတို့၏ အနိုင်ကျင့်မှု ကို ခံနေရသဖြင့်အခက်အခဲဖြစ်နေသည် ဟု သိရသည်။

လူကုန်ကူးသူပွဲစားများက မြန်မာအလုပ်သမားများအား ခေါ်ဆောင်လာပြီး အန်ဖေစာတဟိ မြို့နယ်၊ အချောင်း ကျေးရွာရှိ ထိုင်းငါးဖမ်းလှေများ၌ရောင်းစားကြသည်ဟု ၎င်းလှေဆိပ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ် သမားတစ်ဦးကပြောသည်။

“ချုံပူလီကို မဲဆောက်ကတက်လာတဲ့လူတွေ အများကြီးရောက်တယ်၊ အချောင်းမှာရှိတဲ့ ပွဲစားတွေက လူတွေကို အများကြီးဒိုင်ခံပြီးဝယ်တယ်၊ သူတို့တွေကိုအခန်းထဲမှာ လှောင်ထား လိုက်တယ်၊ ၀ယ်ထား တဲ့လူတွေကို ပွဲစားတွေကဆိုရင်သူတို့ကတစ်ဆင့် အခြားပွဲစားလေး တွေကို ဘတ် ၇၀၀၀ နဲ့ ပြန်ပြီး ရောင်းကြတယ်။ အရောင်းစားခံထားရတဲ့ သူတွေဆိုရင် ၇၀၀၀ ထက်မက ဘတ် ၂၃၀၀၀၊ ၂၅၀၀၀ ထိပွဲစားကို ပေးရတယ်၊ ဒီ ၂၅၀၀၀ ကို ရဖို့အတွက်ဆိုရင် အလုပ်သမားတွေက အနည်းဆုံး (၈)လထိ အလုပ်လုပ်ပေးရတယ်။”

ထိုအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း၌အလုပ်ခေါင်းတို့၏အနိုင်ကျင့်မှုကို ခံနေရပြီး အခက်အခဲဖြစ် နေ ကြသည်ဟုရန်ကုန်တိုင်း၊ လှိုင်သာယာ မြို့နယ်မှ ရောင်းစားခံရပြီး ထွက်ပြေးလာသည့်လူငယ်တစ်ဦးက ယခုလို ပြောသည်။

“ကျနော် (၈)လပိုင်း (၂၂) ရက်ဆိုရင် (ရ)လပြည့်ပြီ။ ပိုက်ဆရာ(အလုပ်ခေါင်း)တွေက အလုပ် သမား တွေ အလုပ်မလုပ်တတ်ရင် ကောင်းကောင်းသင်မပေးဘူး၊ အလုပ်လုပ်တာ အဆင် မပြေရင် လူတွေ ကိုပိုက်ဆွဲတဲ့ချိတ်တွေနဲ့ရိုက်၊ လက်သီးတွေနဲ့ထိုး၊ ခြေထောက်တွေနဲ့ကန်လုပ်တယ်။ ကျနော့်ခါးမှာ ချိတ် နဲ့ ကောက်ပေါက်ခံရတာ အညိုအမည်းနှစ်ပတ် လောက် စွဲတယ်။”

အဆိုပါအလုပ်သမားများအား ပွဲစားများက အကြွေးစံနစ်ဖြင့် လှေပိုင်ရှင်များထံ ရောင်းချခဲ့ပြီး ၎င်းတို့၏ လုပ်အား ခဖြင့် အကြွေးဆပ်ကြရသည်။

သို့သော်ထိုအလုပ်သမားများအနေနှင့် ၎င်းတို့၏လုပ်အားခ မည်မျှရသည်ကို မသိရဘဲ အလုပ်ခေါင်းက “မင်းအ ကြွေးကျေပြီ” ဟုပြောမှသိရသည်ဟု အဆိုပါလူငယ်က ပြောသည်။

ပင်လယ်ထဲသို့ တကြိမ်ထွက်လျှင် လ၀က်ခန့် ကြာမြင့်တတ်ပြီး လှေကမ်းကပ်သည့်အခါ၌ ပွဲစားများ၏ ထိန်းချုပ် မှုအောက်တွင် နေကြရကာ တရက်သာနားခွင့်ရှိကြသည်။

ငါးဖမ်းလှေတစ်စီးတွင် မြန်မာအလုပ်သမား ၂၀ ကျော်ရှိ၍ အများစုမှာအကြွေးမကြေသေး သူများဖြစ်ပြီး အကြွေး ကြေပါက အခြားနေရာများသို့ပြောင်းရွှေ့လုပ်ကိုင်ကြသည်။

ထိုဒေသ၌ ထိုင်းငါးဖမ်းလှေ ၁၀၀၀ ခန့်ရှိပြီး ၎င်းလှေများတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၂၀၀၀ ကျော်ရှိသည်ဟု သိရသည်။

အပြည့်အစုံသို့ >>

မြန်မာအလုပ်သမားများအတွက် အသံလွှင့်ဌာနတခု မဲဆောက်တွင် ထုတ်လွှင့်မည်

NEJ / ၁၃ သြဂုတ် ၂၀၀၉
ဒေသတွင်းရောက် မြန်မာအလုပ်သမားများအတွက် (FM) ရေဒီယိုအသံလွှင့်ဌာန တခုကို မဲဆောက်မြို့တွင် လာမည့်သီတင်းပတ်မှ စတင်ထုတ်လွှင့်မည်ဖြစ်သည်။

မဲဆောက်ဒေသအတွင်း (၁) သိန်းခွဲခန့်ရှိသည့် မြန်မာများအတွက် ထိုင်း ဖောင်ဒေးရှင်းတခုဖြစ်သည့် MIGRANT ASSITANCE PROGRAN (MAP) အဖွဲ့၏ တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာရေး အစီအစဉ်မှ ကမကထပြု၍ ထုထ်လွှင့်မည် ဖြစ်သည်။

အလုပ်သမားအခွင့်အရေး၊ ထိုင်းအလုပ်သမားဥပဒေ၊ အိပ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်ပညာပေးနှင့် ပညာရေး၊ လူမှုရေးများအပြင် ဖျော်ဖြေ ရေးကဏ္ဍများပါဝင်ပြီး ကြာသပတေးနှင့် သောကြာ (၂) ရက်နား၍ နေ့စဉ် တနေ့ (၈) နာရီ ထုတ်လွှင့်မည်ဖြစ်သည်။

နံနက် (၁၁) နာရီမှ ည (၇) နာရီအထိ ထုတ်လွှင့်မည့် အစီအစဉ်နှင့် ပတ်သက်၍ တာဝန်ခံကိုမင်းမင်းက“ဒီလဆန်း (၈) ရက်ကစပြီး စမ်းသပ်မှုတွေ ထုတ်လွင့်ခဲ့တယ်။ အားလုံး အဆင်ပြေတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဖြည့်ပြီးတာနဲ့ လာမယ့်အပတ်မှာ ပုံမှန်လွှင့်မှာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာဘာသာဖြင့် စတင်ထုတ်လွှင့်မည်ဖြစ်သော်လည်း ထိုင်းအပါအ၀င် အခြားတိုင်းရင်းသားဘာသာများ ဖြင့်လည်း ထုထ်လွှင့်သွားရန်ရှိသည်ဟု သိရပြီး မဲဆောက်မြို့မှ ကီလိုမီတာ (၃၀) အတွင်း ဖမ်းယူနားဆင် နိုင်မည်ဖြစ်သောကြောင့် နယ်စပ်မြ၀တီမြို့အထိ ရောက်ရှိမည်ဖြစ်သည်။

စမ်းသပ်မှုကို နားထောင်ခဲ့သူ ထိုင်းဆန်စက်ရုံမှအလုပ်သမ မိုးမိုးက “မြန်မာလိုလွှင့်တော့ အများစုနားလည်ပြီး ဗဟုသုတလည်း ရတယ်။ သီချင်းလည်း တောင်းလို့ရတယ်ဆိုတော့ အလုပ်လုပ်ရင်း နားထောင်လို့ရတယ်။ ရိုးရိုးရေဒီယိုနဲ့ဖမ်းလို့ရတယ်။ လက်ကိုင်ဖုန်းနဲ့လည်းရတော့ ဒီလိုင်းအလုပ်ဖြစ်မယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ (JACBA) အဖွဲ့၏ဥက္ကဋ္ဌ ဦးမိုးကြိုးက “အလုပ်သမားရေးအပါအ၀င် အခြားကဏ္ဍ တွေလည်းစုံတော့ ဂရုတစိုက်ထုတ်လွှင့်ဖို့ပဲ အရေးကြီးတယ်။ အဓိက သောတရှင်တွေကို ရင်ဘတ်ထဲက လေးစားမယ်ဆိုရင် သိပ်ကိုအောင်မြင်မယ့် အလုပ်တခုလို့ ယူဆတယ်” ဟု ပြောသည်။

အဆိုပါ ရေဒီယိုလိုင်းကို မဲဆောက်မြို့မှ ကီလိုမီတာ (၃၀) အတွင်း FM 102.5 MEGAHERTZ တွင် ဖမ်းယူရရှိနိုင်သည်ဟု အသံလွှင့်ထုတ်လုပ်ရေးမှူးက ပြောသည်။

MAP အဖွဲ့သည် တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာရေးအစီအစဉ်အရ ချင်းမိုင်မြို့တွင်လည်း မြန်မာအလုပ်သမားများအတွက် ရှမ်း၊ ထိုင်း၊ ကရင်၊ အာခါ စသည့် ဘာသာ (၄) မျိုးဖြင့် နေ့စဉ်အသံလွှင့်ပေးနေသည်မှာ (၁၀) နှစ်ခန့်ရှိပြီဟု သိရသည်။
အပြည့်အစုံသို့ >>

Wednesday, 12 August 2009

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဘန်ကောက်ဌာနခွဲ) မှ ဦးဆောင်၍ (၆) ကြိမ်မြောက်သွေးလှူဒါန်း

၁၂၊ ၈၊ ၀၉
ယနေ့ ကျရောက်သော ထိုင်းဘုရင့် မိဖုရားကြီး မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရွှေ့ပြောင်မြန်မာ အလုပ် သမားများက လုံမနီဥယျာဉ်အနီးရှိ၊ ထိုင်းဗဟို အမျိုးသား သွေးလှူဘဏ်တွင် သွေးလှူဒါန်းကြသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဘန်ကောက် ဌာနခွဲ) မှ ဦးဆောင် ကျင်းပသော အဆိုပါသွေးလှူပွဲတွင် အလုပ်သမား ၁၀၀ ခန့် သွားရောက် သွေးလှူဒါန်းကြသော်လည်း ယခင် သွေးလှူဒါန်းဖူးသူ အလုပ်သမား ၃၀ ခန့်သာ သွေးလှူဒါန်းခွင့် ရကြသည်။

ရောင်ခြည်ဦး(ဘန်ကောက်ဌာနခွဲ)မှ ကိုအောင်မြင့်သိန်းက " ဆေးရုံးက ဆရာမကြီးက မြန်မာအလုပ်သမား တွေမှာ ကူးစက်ရောဂါရှိနိုင်တယ်၊ သွေးလှူဒါန်းလို့ ရောဂါပိုးတွေ့ရှိရင် သွေးသွင်းခံရမယ့် သူတွေအတွက် ဘာမှအကျိုးမရှိပါဘူး ဆိုပြီးတော့ လက်မခံတာပါ" ဟုဆိုသည်။

လာရောက်
သွေးလှူဒါန်းသည့် ယခင်နှစ်များက အလုပ်သမားများထဲတွင် ကူးစက်ေ၇ာဂါပိုးတွေ့ရှိ ရခြင် ကြောင့် ထိုသိုပြောဆိုခြင်ဖြစ်ကြောင့် ဆေးရုံရှိတာဝန်ကျ ဆရာမတစ်ဦးကပြောဆိုခဲ့သည်။

ယခင်နှစ်က သွေးလှူဒါန်းသည့် မနှင်းဆီအား ဆယ်သွယ်မေးမြန်းရာ " ကျွန်မမှာ အသည်းရောင်အသည်း ဝါရောဂါပိုးတွေ့ရှိတာကို ဆေးရုံးက အကြောင်းကြားစာရောက်လာတော့ အရမ်းကိုကြောက်ခဲ့မိတယ်၊ ကျွန်မက မြန်မာပြည်မှာလည်း ၆ ကြိမ်လောက်သွေးလှူဒါန်းဖူးပေမယ့် ရောဂါပိုးရှိကြောင်းမသိခဲ့ဘူး၊ ကျွန်မသွေးအသွင်းခံလိုက်ရတဲ့ မြန်မာပြည်က လူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်" ဟု ထုတ်ဖော်ပြော ဆိုခဲ့သည်။


သွေးလှူဒါန်းခွင့်ရသူ ကိုပြည်စိုးက " သွေးလှူဒါန်းခွင့်မရတဲ့ လူတွေနဲ့ အတူစိတ်မကောင်းဖြစ်ကြတယ်၊ အမှန်တော့ အားလုံးကို လှူဒါန်းခွင့်ပေးသင့်တယ်၊ ရောဂါပိုးရှိခဲ့မယ့်ဆိုရင်လည် လှူဒါန်းတဲ့လူတွေအတွက် ကြိုတင်ကာကွယ်ကုသလို ရတာပေါ့" ဟုဆိုသည်။


ယခုအကြိမ်လှူဒါန်းခြင်သည် ထိုင်းဘုရင်မိဖုရာကြီးမွေးနေ့ကို ဂုဏ်ပြုခြင်နှင့် စစ်အစိုးရ၏ မတရားဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးအတွက် ရည်စူးကျင်းပခြင်းဖြစ်သည်။ ယခုအကြိမ်သည် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့(ဘန်ကောက်ဌာနခွဲ) အနေ့ဖြင့် (၆) ကြိမ် မြောက် သွေးလှူဒါန်းခြင်ဖြစ်သည်။


အယ်ကဟော်

အပြည့်အစုံသို့ >>

Sunday, 9 August 2009

၂၁ နှစ်မြောက် ရှစ်လေးလုံးနေ့တွင် ဘန်ကောက်မြန်မာသံရုံးရှေ့၌ ဆန္ဒပြ



၀၉၊၀၈၊၂၀၀၉

သြဂုတ်လ ဂ ၂၀၀၉ တွင် တွင်ရောက်သော ၂၁ နှစ်မြောက် ရှစ်လေးလုံးနေ့၌ မြန်မာသံရုံးရှေ့တွင် Barma Democratic Network က ဦးဆောင်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၅၀ ကျော် စုရုံးဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက နိုင်ငံရေးကြွေးကြော်သံများကို ကြွေးကြော်ပြီး တောင်းဆိုချက်များကို မြန်မာသံရုံးအတွင်းသို့ ပေးပို့ခဲ့ကြသည်။ ဘန်ကောက်မြန်မာသံရုံးဆန္ဒပြပွဲသည် နံနက် ၁၀ နာရီတွင် စတင်ပြီး ၁၁ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။
အလာတူ ဘန်ကောက်မြို့ လတ်ဒေ(ထ်)ဝီး ရှိStudent Christian Center တွင် TACDB,SEAS နှင့် ALTSEAN Burma တို့က ဦးဆောင်ကာ ၂၁ နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို နေ့လည် ၁ နာရီမှ ညနေ ၄ နာရီ ထိ ကျင်းပပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံရေးအဖွဲ့အစည်းများ ၊ ထိုင်းတက္ကသိုလ်မှ ပါမောက္ခများ၊ ကျောင်းသားကျောင်းသူများများ နှင့် နိုင်ငံရေးစိတ်ဝင်စားသူများ တရာခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အပြည့်အစုံသို့ >>

Saturday, 8 August 2009

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဘန်ကောက်ရုံးခွဲ)မှ (၆)ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပမည်

အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP