Saturday, 8 August 2009

ရွှေ့ပြောင်းကလေးငယ်ကို ဖမ်းဆီးသည့်အပေါ် လူ့အခွင့်အရေးအဖွဲ့ စိုးရိမ်

ဥဆာ ဖိချိုင်း
ကြာသပတေးနေ့၊ သြဂုတ်လ 06 ရက် 2009 ခုနှစ် 19 နာရီ 39 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များကို ဖမ်းဆီးခြင်း၊ အတင်းအကျပ် နေရပ်ဒေသ ပြန်ပို့ခြင်းများ မပြုလုပ်ပါရန် ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တခုက ထိုင်းအစိုးရကို တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံတွင် အထူးအခြေခံဖြင့် ယာယီနေထိုင်ခွင့်ရသည့် တရားမဝင် ရွှေ့ပြောင်းလုပ်သားများမှ ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သည့် ကလေးများ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်က ယမန်နေ့တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ (Abhisit Vejjajiva) ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ရရှိထားသော မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်း အလုပ်သမားတဦး၏ ၃ နှစ်အရွယ်ရှိ သားငယ် ပိုးလ် ခေါ် အဗ္ဗဒူလာကို ဖမ်းဆီးသွားသည့်အမှု ဖြစ်အပြီး ထိုသို့ တိုက်တွန်းစာ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူ့မိခင်မှာ ထိုင်းနိုင်ငံ ဆမွတ်ပရာကန်ပြည်နယ် မောင်းခရိုင်တွင် ရိုတီ ရောင်းချစားသောက်သူ ဖြစ်သည်။

အဆိုပါ ကလေးငယ်ကို Suan Plu လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထားရှိပြီး ၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၂၇ ရက် ည ၁ဝ နာရီခန့်တွင် ပြန်ပို့ရန် စီစဉ်ထားခဲ့သည်။ ကလေးကို ၁၉၇၉ ခုနှစ် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၅၄ ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် စွဲဆိုခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (HRDF) က ထိုင်းရှေ့နေများကောင်စီ အပါအဝင် အခြား လူ့အခွင့်အရေး အဖွဲ့များနှင့် ဆက်သွယ်ညှိနှိုင်း၍ နေရပ်ရင်းပြန်ပို့ခြင်းကို ဆိုင်းငံ့ထား၍ ကလေးကို ချက်ချင်းလွှတ်ပေးပါရန် ထိုင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုသို့ ပန်ကြားခဲ့သည်။ ထို့နောက် အဆိုပါကလေးကို ထိုင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

''အခုလို ကလေးကိုလွှတ်ပေးပြီးမိဘထံပြန်ပို့ပေးခဲ့ပေမဲ့ ထိုင်းနိုင်ငံတော်အေဂျင်စီအတော်များများက ပိုးလ် လိုကလေးတွေရဲ့ ဥပဒေ အကြောင်းအချက်တွေနဲ့ ဥပဒေဆိုင်ရာ အဆင့်အတန်းတွေကို မှန်မှန်ကန်ကန် တိတိကျကျ နားမလည်ကြလို့ အခြား လူ့အခွင့်အရေး အဖွဲ့တွေကလည်း စိုးရိမ် ပူပန်နေကြပါတယ်'' ဟု AHRC က ကြေညာချက် ထုတ်ပြန်ရာတွင် ပြောဆိုသွားသည်။

အလားတူ အခြေအနေမျိုးတွင် ရှိနေကြသော ကလေးများအား ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း စသည်များ နောင်တွင် မပြုလုပ်နိုင်အောင် ကာကွယ်ရန် တရားမဝင် ရွှေ့ပြောင်းမိဘများမှ ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သော ကလေးတိုင်းကို ကာကွယ်နိုင်ရန် အောက်ပါ ဥပဒေဆိုင်ရာ သဘောထားအမြင်နှင့် အဆိုပြုချက်တရပ်ကို တင်ပြအဆိုပြုမည်ဟု အဆိုပါ လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

''ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ နေရပ်ရင်းပြန်ပို့ခြင်းတို့သည် နိုင်ငံတကာ ရာဇဝတ်ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။ ဥပဒေက ပြစ်မှုမမြောက်သည်ဟု ယူဆသော အမှုကို မကျူးလွန်လျှင် လူတဦးတယောက်ကို ရာဇဝတ်ပြစ်ဒဏ် မပေးရ'' ဟု အဆိုပါစာတွင် ရေးသားထားသည်။

ပြဿနာကို ကာကွယ်နိုင်ရန် ဤအဖွဲ့က အစိုးရသို့ အဆိုပြုတင်ပြမည်။ အလားတူ ကလေးများ၏ အခွင့်အရေးကို ကာကွယ်နိုင်ရန် ထိုင်းနိုင်ငံနှင့် ထိုင်းအစိုးရ အရာရှိများက မည်သည့်ကလေးကိုမျှ ဖမ်းဆီးခြင်း၊ နေရပ်ရင်း ပြန်ပို့ခြင်း မပြုလုပ်ရန် ကာကွယ်တားဆီးသည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။ သူတို့၏ နေထိုင်ခွင့်ကို စစ်ဆေး၍ ကလေးတဦးကို နိုင်ငံမဲ့အဖြစ် မသတ်မှတ်ရန် ဖြစ်သည်။ ဤအစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ရန်၊ ကလေးများ၏ အမည်နှင့် ကိုယ်ရေးအချက်အလက် အားလုံးကို ကွန်ပြူတာမှတ်တမ်းတွင် သိုလှောင်သိမ်းဆည်းထားရန် ဖြစ်သည်။

''ထိုင်းနိုင်ငံသည် နိုင်ငံတကာ ပြည်သူ့အခွင့်အရေးနှင့် လူ့အခွင့်အရေး နောက်ဆက်တွဲစာချုပ် (ICCPR)၊ လူ့အခွင့်အရေး ကြေညာစာတမ်း၊ ကလေးအခွင့်အရေး ကွန်ဗင်းရှင်း (CRC) တို့ကို လက်မှတ်ရေးထိုးထားသော နိုင်ငံတနိုင်ငံ ဖြစ်သည်နှင့်အညီ ကလေးများကို အနည်းဆုံး မူကြီး ၄ ရပ်ဖြစ်သော မခွဲခြားရေး၊ ကလေးအတွက် အကျိုးအရှိဆုံး ဆောင်ရွက်ပေးရေး၊ ကလေး အကာအကွယ်ပေးရေး၊ အသက်ရှင် ရပ်တည်နေထိုင်ခွင့်ပေးရေး စသော အချက်များနှင့်အညီ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသည်'' ဟု အဆိုပါ စာတွင် ရေးထားသည်။
အပြည့်အစုံသို့ >>

Thursday, 6 August 2009

မလေးရှားမှ မြန်မာ (၆) ဦး သေဒဏ်ပေးခံရ

မင်းနိုင်သူ / ၆ သြဂုတ် ၂၀၀၉
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား (၆) ဦးကို ဂိုဏ်ဖွဲ့ကာ လူသတ်မှုကျူးလွန်ခဲ့သည့်အတွက် မလေးရှားတရားရုံးချုပ်က ယနေ့ သေဒဏ်ပေးလိုက်သည်။
၎င်းတို့ (၆) ဦးသည် ၂၀၀၅ ခုနှစ်၊ ဇွန်လအတွင်း မြန်မာ-မွတ်စလင်တဦးဖြစ်သည့် ဆာဒစ်ဟူစိန်ကို ဂိုဏ်ဖွဲ့သတ်ဖြတ်ခဲ့ခြင်း အတွက် သေဒဏ်ပေးခံကြရခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာတဦးက ပြောသည်။၎င်းက “သူတို့က ဂိုဏ်ဖွဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရုံသာမကဘူး၊ တခြားမြန်မာနိုင်ငံသား တွေကိုလည်း ခြိမ်းခြောက် ငွေညှစ်နေတဲ့သူတွေပါ။ ညပိုင်းတွေမှာ လမ်းမှာတွေ့လို့ ဖမ်းဆီးပြီး သူတို့ ဖျက်ဆီးခဲ့တဲ့ မိန်းကလေးတွေလည်း ရှိခဲ့ပါတယ်။ သူတို့ ဒီလိုကြိုးပေးခံရတာဟာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရတာပါပဲ” ဟု ပြောသည်။
မလေးရှားတရားရုံးချုပ်က သေဒဏ်ချမှတ်လိုက်သူများမှာ အောင်စိုးဦး (ခ) စလမ်၊ ၀င်းနိုင် (ခ) ကာစင်၊ နဂုရာရှစ်၊ မွန်ဂျီ (ခ) အက်ကာရင်ဟာရှင်း၊ ဆိုင်ဒူလဒ် (ခ) စိုးစိုးနှင့် ဇော်ဦးတို့ဖြစ်ကာ ၎င်းတို့သည် မြန်မာ-မွတ်စလင်များဖြစ်ကြောင်း သိရသည်။“သူတို့က ဆလာယမ်ဈေးကြီးတ၀ှိုက်မှာ ကျက်စားနေတဲ့ ဂိုဏ်စတားတွေပါ။ သူတို့ကို တရုတ်သူဌေးတယောက်က ကျောထောက်နောက်ခံပြုပေးထားတယ်” ဟု မလေးရှားရှိ မြန်မာတဦးက ပြောသည်။
အပြည့်အစုံသို့ >>

ဝန်ဆောင်ခ မတတ်နိုင်သဖြင့် နိုင်ငံခြားထွက်မည့်သူ နည်းပါး

E-mail Print
ငွေကြေး မတတ်နိုင်သောကြောင့် နိုင်ငံခြားထွက်အလုပ်လုပ် လိုသူ အရေအတွက် ကျဆင်းနေသဖြင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု ကုမ္ပဏီများမှာ ဝန်ဆောင်ခကို အကြွေးစနစ်ဖြင့် ဖြေရှင်းပေးခြင်း၊ ဝန်ဆောင်ခ လျှော့ပေးခြင်း၊ နယ်ဘက်သို့ ပွဲစားလွှတ်ကာ လူရှာခိုင်းခြင်းတို့ ဆောင်ရွက်နေရကြောင်း ကြားသိရသည်။

“၀န်ဆောင်ခ တ၀က်ကို မြန်မာပြည်မှာ ပေး၊ ကျန်တဲ့တ၀က်ကို မလေးရှားမှာ အလုပ်လုပ်လို့ ရတဲ့ လစာထဲ က ပြန်ဆပ်ဆိုတာမျိုး အကြွေးစနစ်နဲ့ လုပ်ပေးရတယ်။ တချို့အေဂျင်စီတွေကလည်း ၀န်ဆောင်ခကို တော်တော် လျှော့ချပြီး နိုင်ငံခြားထွက်ချင်တဲ့ လူအရေအတွက် ပြန်များလာအောင် လုပ်နေရတယ်” ဟု ကမာရွတ်မြို့နယ်မှ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီ မန်နေဂျာတဦးက ပြောသည်။

ထို့ပြင် အကျိုးဆောင်ပွဲစားများကို နယ်များသို့ စေလွှတ်ကာ နိုင်ငံခြားသွားလိုသူ ရှာခိုင်းခြင်းဖြင့် ပြည်ပထွက် အလုပ်လုပ်လိုသူ များပြားလာအောင် လုပ်ဆောင်လျက်ရှိသည်ဟုလည်း သိရှိရသည်။

“အညာဒေသတွေကို ပွဲစားလွှတ်ပြီး မလေးရှားသွားချင်တဲ့ လူရှာခိုင်းတယ်။ ပွဲစားက လူတယောက် ရှာပေး နိုင်ရင် သူ့အတွက် အမေရိကန် ဒေါ်လာ ၅၀ ကုမ္ပဏီက ပေးတယ်။ စင်ကာပူသွားချင်တဲ့ လူ တယောက် ရှာပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၁၁၀ ပေးတယ်။ ဒီ့အပြင် ပွဲစားက ၀န်ဆောင်ခကို ကုမ္ပဏီ တောင်းတဲ့ နှုန်းထက် ပိုတောင်းပြီး သူ့အတွက်ကျန်အောင်လည်း လုပ်လို့ရတယ်” ဟု ပန်းဆိုးတန်း လမ်းရှိ ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီတခုနှင့် ဆက်သွယ်ဆောင်ရွက်နေသူ ပွဲစား တဦးက ပြောသည်။

ယခုလပိုင်းအတွင်း မလေးရှား၊ စင်ကာပူနှင့် ယူအေအီး နိုင်ငံများမှ မြန်မာနိုင်ငံရှိ အထွေထွေ အလုပ် သမားခေါ်ယူမှု များပြားလာသော်လည်း ပြည်ပထွက်အလုပ်လုပ်မည့်သူ အရေအတွက် ကျဆင်းနေ သည်ဟု ဝန်ဆောင်မှု လုပ်ငန်းများက ဆိုသည်။

“အလုပ်ခေါ်စာတွေ ပို့တာ ဒီလအတွင်း များလာတယ်။ ဒါပေမယ့် နိုင်ငံခြား ထွက်ချင်ကြတဲ့ သူတွေက ငွေကြေး သိပ်မတတ်နိုင်ကြဘူး။ လူငယ်တိုင်းက နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ စိတ်ကူး အိပ်မက်တွေတော့ ရှိကြပါတယ်” ဟု ဗိုလ်တထောင်မြို့နယ်ရှိ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီပိုင်ရှင်တဦးက ပြောသည်။

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည် ဆိုပါက လူတဦးလျှင် ၀န်ဆောင်ခအဖြစ် အမေရိကန် ဒေါ်လာ ၆၀၀ (ကျပ် ၇ သိန်းနီးပါး) မှ ၁၁၀၀ (ကျပ် ၁၁ သိန်းကျော်) ထိ အလုပ်အမျိုးအစား ကိုလိုက်၍ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများက တောင်းယူနေကြသည်။

ယခုအခါ မြန်မာများ ထွက်ခွာအလုပ်လုပ်သည့် ပြည်ပနိုင်ငံများအနက် မလေးရှားနိုင်ငံမှ အလုပ်သမား ခေါ်စာများ မြင့်မားလာပြီး စားသောက်ဆိုင်၊ ပရိဘောဂစက်ရုံ၊ အလူမီနီယံစက်ရုံ၊ ပလတ်စတစ်စက်ရုံ တို့တွင် အလုပ်ခေါ်ယူလိုမှု များပြားလျက်ရှိသည်ဟု အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများက ပြောသည်။

“ဇူလိုင်လဆန်း လောက်ကတည်းက မလေးရှားက အလုပ်ခေါ်စာတွေ တော်တော် ပြန်တက်လာတယ်။ မလေးရှားက စက်ရုံအလုပ်ရုံ တွေမှာလည်း အချိန်ပိုတွေ ပြန်ဆင်းနေရပြီ။ မလေးရှား အလုပ်အကိုင်တွေတဖြည်းဖြည်း ပြန်ကောင်းလာနေတယ်” ဟု သုခစုစံပြည်ပအလုပ်အကိုင် ရှာဖွေးရေးအေဂျင်စီမှ ၀န်ထမ်းတဦးက ရှင်းပြသည်။

စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူသည် အနည်းဆုံး အင်္ဂလိပ်စကားပြောနှင့် တခြားသော အတတ်ပညာတခုခု (ဥပမာ - ကားမောင်း၊ ဂဟေဆော်၊ ပန်းရံ၊ လက်သမား) တတ်ရန်လိုအပ်ပြီး ၀န်ဆောင်ခ မှာလည်း အလုပ်သမားတဦးလျှင် အနည်းဆုံး ကျပ် ၂၂ သိန်း ခန့် ကုန်ကျနိုင်သည့်အတွက် စင်ကာပူသွားလိုသူ များထက် မလေးရှားသွားရောက် အလုပ်လုပ်လိုသူ အရေအတွက် ပိုမို များပြားသည်ဟု သိရှိရ သည်။

“မလေးရှားက ၀န်ဆောင်ခလည်း သက်သာတယ်၊ ပညာအရည်အချင်းလည်း မလိုဘူး။ ဘာပညာမှ မတတ်လည်း သွားလို့ရတယ်။ မလေးရှားကို နယ်က လူတွေအများဆုံးသွားတယ်။ စင်ကာပူကိုတော့ ရန်ကုန်လို မြို့ကလူတွေသွားတယ်” ဟု သုခစုစံကုမ္ပဏီဝန်ထမ်း တဦးက ဆိုသည်။

စင်ကာပူနိုင်ငံသို့ သွားရောက်သူ အရေအတွက်မှာလည်း အလွန် လျော့နည်းလျက်ရှိပြီး ၀န်ဆောင်မှု ကုမ္ပဏီတခုလျှင် စင်ကာပူနိုင်ငံသို့ တလ မြန်မာ ၁ ဦး၊ ၂ ဦး ခန့်သာ ပို့ပေးနိုင်ကြောင်း၊ လုံးဝမပို့နိုင်သည့် လများပင် ရှိကြောင်း စုံစမ်းသိရှိရသည်။

မလေးရှားနှင့် စင်ကာပူနိုင်ငံများအပြင် ယူအေအီးနိုင်ငံရှိ သင်္ဘောကျင်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ဟိုတယ်အချို့တွင် အလုပ်လုပ်ရန် အလုပ်ခေါ်စာများ ရောက်ရှိနေသော်လည်း သွားရောက်ရန် စိတ်ဝင်စားသူ နည်းပါးလျက်ရှိကြောင်း ဝန်ဆောင်မှု ကုမ္ပဏီများက ပြောသည်။

“ယူအေအီးက သင်္ဘောကျင်းမှာ လုပ်ရမယ်၊ ၀န်ဆောင်ခက အမေရိကန်ဒေါ်လာ ၁၅၀၀ (ကျပ် ၁၆ သိန်းကျော်)၊ အလုပ်သမားက တနေ့ အမေရိကန် ၁၇ ဒေါ်လာ (ကျပ် ၂ သောင်းကျော်) နဲ့ ညီမျှတဲ့ ယူအေအီးငွေရမယ်။ နေစရိတ်၊ စားစရိတ် အပြီးအစီး ဆိုပေမယ့် စိတ်ဝင်စားသူနည်းတယ်” ဟု ကမာရွတ်မြို့နယ်ရှိ A Win Win ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားရေးဝန်ကြီးဌာနက တရားဝင် လိုင်စင်ထုတ်ပေးထားသော ပြည်ပ အလုပ် အကိုင် ၀န်ဆောင်မှုအေဂျင်စီပေါင်း ၁၃၁ ခုရှိသော်လည်း စီးပွားရေး တွက်ခြေမကိုက်မှုကြောင့် ကုမ္ပဏီတချို့မှာ ၂၀၀၈ ခုနှစ်အတွင်းက ဖျက်သိမ်းခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
(ဧရာဝတီ)

အပြည့်အစုံသို့ >>

Wednesday, 5 August 2009

ဒေဝါလီခံ သင်္ဘောမှ လုပ်ခလစာရရှိရန် မြန်မာသင်္ဘောသားများ စောင့်ဆိုင်း

မုံပီး
အင်္ဂါနေ့၊ သြဂုတ်လ 04 ရက် 2009 ခုနှစ် 13 နာရီ 34 မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ သင်္ဘောပိုင်ရှင် အိစ်ဝင်း (Eastwind) ကုမ္ပဏီ ဒေဝါလီခံခဲ့ရသဖြင့် အကြွေးရှင်များက သင်္ဘောကို သိမ်းယူသောကြောင့် လိုင်ဘေးရီးယား အလံတင် အန်နာပါနာ သင်္ဘောပေါ်မှ မြန်မာသင်္ဘောသား ၂၃ ဦးသည် နယူးဇီလန်နိုင်ငံ အော့ကလန်ဆိပ်ကမ်း၌ အလုပ်လက်မဲ့များဖြစ်ကာ သောင်တင်နေသည်။

ထိုအထဲမှ တချို့မှာ တနှစ်စာ လစာပင် မရသေးဘဲ၊ အများစုမှာ ၃-၄ လစာ မရသေးသဖြင့် သူတို့၏ လုပ်ခလစာများအတွက် စောင့်ဆိုင်းနေကြရသည်။

“သင်္ဘောပိုင်ရှင်တွေ၊ ကုမ္ပဏီတွေက သူတို့သင်္ဘောသားတွေကို ပေးရမယ့်လစာတွေ မပေးရအောင် ကြိုးစားနေကြတဲ့ ကိစ္စတွေ တော်တော်များများ ရှိနေပါတယ်“ ဟု ရေကြောင်းသမဂ္ဂ အော့ကလန် သင်္ဘောသားများ ဌာနခွဲမှ အမျိုးသားဒုတိယ ဥက္ကဋ္ဌ ဂယ်ရီပါစ်လိုးက ပြောသည်။

အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လုပ်သားများ အဖွဲ့ချုပ် (ITWF) ကိုယ်စားပြုသူလည်းဖြစ်သည့် ပါစ်လိုးက မြန်မာသင်္ဘောသားများ ရသင့်သည့် လုပ်ခလစာများ ရရှိနိုင်ရန် သင်္ဘောကိုယ်စားလှယ်များနှင့် ညှိနှိုင်းပေးနေကြောင်း သူက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ သင်္ဘောသားတွေရဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေနဲ့ စကားပြောနေပါတယ်။ သူတို့က သင်္ဘောရောင်းပြီးတာနဲ့ သင်္ဘောသားတွေရဲ့ လုပ်ခကိစ္စတွေကို ဦးစားပေး စဉ်းစားပါမယ်လို့ ကောင်းကောင်းမွန်မွန်တော့ ပြောပါတယ်“ ဟု ပါစ်လိုးက ပြောသည်။

ကိုယ်စားလှယ်များသည် မိသားစုများနှင့် ဆက်သွယ်နိုင်ရန် တယ်လီဖုန်းများအပါအဝင် လိုအပ်သည်များကို ထောက်ပံ့ပေးကြသည်ဟု သူက ပြောသည်။

မြန်မာသဘောင်္သားများအပါအဝင် သင်္ဘောသားများသည် မကြာခဏ ကံမကောင်းဖြစ်ကြရသည်ဟု ပါစ်လိုးက ပြောပြသည်။

flag of convenience ဟုခေါ်သည့် ငွေကြေးကိစ္စ၊ ဥပဒေကိစ္စတို့တွင် သက်သာမှုရရှိစေရန် အခြားနိုင်ငံ တနိုင်ငံတွင် မှတ်ပုံတင်ထားတတ်သော သင်္ဘောများနှင့် သူတို့၏ သင်္ဘောသားများအပေါ် ဆက်ဆံရေးများနှင့် ပတ်သက်၍ ကမ္ဘာတဝှန်းတွင် မကြာခဏ ပြသာနာ ရှိတတ်ကာ သင်္ဘောသားများသည် သူတို့လုပ်ခများ မရရှိဘဲ အလုပ်လက်မဲ့ ဘဝနှင့် ကမ်းဆင်းကြရသည်ဟုလည်း သူက ဆိုသည်။

“ကျနော်တို့က မြန်မာသင်္ဘောသားတွေကို လုပ်ခတွေ မရမချင်း သင်္ဘောပေါ်မှာပဲနေဖို့ ပြောထားတယ်“ ဟု သူက ဆက်ပြောသည်။

သို့သော် မြန်မာသင်္ဘောသား ၂၃ ဦးအတွက်မူ သူတို့၏ လုပ်ခများကို သေချာစွာ ရရှိရန်နှင့် သူတို့ ဆန္ဒအရ အိမ်ပြန်ချင်လျှင်လည်း ပြန်နိုင်ရန် သို့မဟုတ် ဆက်လက်နေထိုင်ကာ နောက်ထပ်အလုပ် ရှာလိုပါကလည်း ရှာနိုင်ရန် သူ့အဖွဲ့က လုပ်ဆောင်ပေးနေပါသည်ဟု ပါစ်လိုးက ဆိုသည်။
အပြည့်အစုံသို့ >>

Tuesday, 4 August 2009

ထိုင်းအစိုးရက နယ်စပ်ထောက်ပံ့ အုပ်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်လို

ဥဆာ ဖိချိုင်း
တနင်္လာနေ့၊ သြဂုတ်လ 03 ရက် 2009 ခုနှစ် 20 နာရီ 59 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နယ်စပ်ဂိတ်များ အထူးသဖြင့် မြန်မာနိုင်ငံ မြဝတီနှင့်တဖက်ကမ်း မဲဆောက်တွင် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုင်းအစိုးရ ကူးသန်းရောင်းဝယ်ရေးဌာန ဒု-ဝန်ကြီး Alongkorn Polbut သည် ထိုင်းနယ်စပ် စီးပွားရေုးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသည့်အနေနှင့် မဲဆောက်နှင့် မြဝတီမြို့များသို့ ဇူလိုင်လ ၃၁ ရက်နှင့် သြဂုတ်လ ၁ ရက်နေ့များက သွားရောက်လည်ပတ်ခဲ့သည်။

သူ၏ ဝန်ကြီးဌာနက `အုပ်ချုပ်ထောက်ပံ့ ဗဟိုချက်မ စီမံကိန်း´ “Logistics Hubs Project” ကို ဆောင်ရွက်သွားမည်ဟု မဲဆောက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဒုဝန်ကြီး Alongkorn က ပြောကြားသွားသည်။ ဤလုပ်ငန်းသည် အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် အကောင်အထည်ဖော်မည့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အတွက်ပါ အထောက်အကူပြုမည်ဟု ဆိုသည်။

''မနှစ်က ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးဟာ ဘတ်သန်းပေါင်း ၁၅၆ဝဝဝ (အမေရိကန်ဒေါ်လာ ၄၇၂၇ သန်း) နဲ့ အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ဒီနှစ်မှာ ၁ဝ % တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်'' ဟု သူက ဆက်ပြောသည်။

''ထိုင်းအစိုးရက ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံတို့ကနေ မြန်မာနိုင်ငံ မြဝတီနဲ့ မော်လမြိုင်တို့ကိုသွားတဲ့ လမ်းကြောင်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပါမယ်။ ဒါ့အပြင် တာ့ခ်ပြည်နယ်ကို နယ်စပ် အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ပေးဘို့ ကျနော်တို့ဝန်ကြီးဌာနက ထိုင်းဝန်ကြီးအဖွဲ့ကို အဆိုပြုပါမယ်။ ဒီအထဲမှာ မဲဆောက်၊ မဲရမတ် (Mae Ramad) နဲ့ ဖုတ်ဖရ (Pob Phra) ခရိုင် (မြန်မာနိုင်ငံ ကရင်ပြည်နယ် နယ်စပ်) တို့ ပါဝင်ပါတယ်'' ဟု ဝန်ကြီးက ပြောကြားသွားသည်ဟု ထိုင်းအမျိုးသား သတင်းဗျူရို ဝဘ်ဆိုဒ် သတင်းပေးပို့ချက်တွင် ရေးသားထားချက်အရ သိရသည်။

တာ့ခ်ပြည်နယ် စီးပွားရေးဇုန် စီမံကိန်းကို ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ရန်နှင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ပြဿနာကို စစ်ဆေးထိန်းချုပ်နိုင်ရန်၊ နယ်စပ်အနီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေးအပ်နိုင်ရန် ရည်မှန်းချက်ဖြင့် ပြုလုပ်ခဲ့သည်။ ဤသို့ဖြင့် အလုပ်သမားများ ဘန်ကောက်ကဲ့သို့သော အနီးအနား ပြည်နယ်များရှိ မြို့ကြီးများသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြမည့် အန္တရာယ်ကို တားဆီးနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

စီမံကိန်းအတွက် ထိုင်းစီးပွားရေး လုပ်ငန်းများမှ မြန်မာနိုင်ငံရှိ အလုပ်သမားများကို ငှားရမ်းရာတွင် မှတ်ပုံတင်ခနှင့် အခွန်နှုန်း အထူးသက်သာသော နှုန်းထားဖြင့် ရရှိရေးတို့ကဲ့သို့သော ဥပဒေအရ အထူးအခွင့်အရေးတို့ကိုပါ ရရှိမည်ဖြစ်သည်။

မဲဆောက်နှင့် ကုန်သွယ်မှုပမာဏသည် ယခုနှစ်တွင် ဘတ်သန်းပေါင်း ၁၇ဝဝဝ (အမေရိကန် ဒေါ်လာ ၅၁၅ သန်း) ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ဘတ်သန်းပေါင်း ၂ဝဝဝဝ (အမေရိကန်ဒေါ်လာ ၆ဝ၆ သန်း) အထိ ရှိလာလိမ့်မည်ဟု မျှော်မှန်းကြောင်း တာ့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး (Komsan Ekkachai) က ပြောသည်။

မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် တဖက်ကမ်း ရနောင်းတွင် ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်သော ကွန်ဖရင့်တွင် ထိုင်းနိုင်ငံတောင်ပိုင်းမှ စီးပွားရေးသမားတဦးက တောင်အာရှ၊ အရှေ့တောင် အာရှနှင့် တရုတ်ပြည်တို့ကို ဆက်သွယ်သည့် လမ်းမကြီးများ ဖောက်လုပ်ရေးအတွက် ငွေကြေး အကုန်အကျခံ သုံးစွဲပါရန် ထိုင်းအစိုးရကို တိုက်တွန်းပြောဆိုသွားသည်။

လက်ရှိ စီးပွားရေးအကျပ်အတည်း အခြေအနေများအရ ထိုင်းစီးပွားရေးလုပ်ငန်းများသည် အမေရိကန်၊ ဂျပန်တို့ကို အဓိကပစ်မှတ်ထား ကုန်သွယ်နေရာမှ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကို ပြောင်းလဲ၍ ကုန်သွယ်သင့်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှု ဆွေးနွေးညှိနှိုင်းရေးဌာန တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Bunika Jamsai က ပြောသည်။ အဆိုပါနိုင်ငံများသည် စီးပွးရေးတိုးတက်မှုနှုန်း အလွန်လျင်မြန်ပြီး နေရာအားဖြင့်လည်း မဝေးသည့်အတွက် သယ်ယူပို့ဆောင်ရေးအရပါ အဆင်ပြေကြောင်း သူက အကြောင်းပြသည်။

''လောလောဆယ်မှာ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ကုန်ပစ္စည်း ၈၂ မျိုးအတွက် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရှိထားပြီး အခွန်နှုန်းထားကလည်း ၄ဝ % ကနေ သုညရာနှုန်းအထိ လျော့ကျသွားပါပြီ။ ဒါ့အပြင် ရနောင်းကနေ အိန္ဒိယနိုင်ငံအရောက် သယ်ယူပို့ဆောင်ရေးကလည်း ၄ ရက်ပဲ ကြာပါတယ်'' ဟု သူမက ပြောသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေက နယ်စပ်ကုန်သွယ်ရေးကို လာထိခိုက်စေသည်။ မကြာသေးမီကလည်း ကော့သောင်းနှင့် မြဝတီ နှစ်မြို့လုံးရှိ အဓိက နယ်စပ်စစ်ဆေးရေး ဂိတ်များတွင် မြန်မာအာဏာပိုင်များက တင်းကျပ်ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏အမှု စီရင်ချက်ချမည့်နေ့ကို သြဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည့်နောက်ပိုင်း အစိုးရဆန့်ကျင်ရေးအဖွဲ့များက ဒုက္ခပေးလာမည်ကို ရှောင်ရှားသည့်အနေနှင့် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အပြည့်အစုံသို့ >>

Sunday, 2 August 2009

ဘန်ကောက်မှမြန်မာတချို့ဒေါ်အောင်ဆန်စုကြည်လွှတ်မြောက်ရေး ထောက်ခံဆန္ဒပြ

E-mail Print
ထိုင်းနိုင်ငံရောက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူ ၂ဝ ကျော်သည် ယနေ့ နံနက်က မြန်မာသံရုံးရှေ့သို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားခြင်းကို ရပ်ဆိုင်းရန် တောင်းဆို ဆန္ဒပြကြသည်၊

ယနေ့နံနက်က တွေ့ရသည့် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှ ဆန္ဒပြပွဲ (ဓာတ်ပုံ- ဘစောတင်/ဧရာဝတီ)

အနီရောင် အဝတ်စများကို ခေါင်းတွင် စည်းကာ၊ ပိုစတာများ ကိုင်ဆောင်ထားကြသော မြန်မာပြည်သားများသည် သူတို့ ချစ်ခင် လေးစားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ချခံရမည်ကို အထူး စိုးရိမ်နေကြသည်။

“စစ်အာဏာရှင်တွေဟာ ကျနော်တို့ ခေါင်းဆောင်ကို မတရားသဖြင့် ကလိမ်စေ့ငြမ်းဆင်ကာ ထောင်ချဖို့ ကြံစည်တယ်၊ ဒီကနေ့  အမိန့်ချမယ်လို့ ကျနော်တို့ သိရတယ်၊ ဒါဟာ မတရားဘူး၊ မမျှတဘူး။ မြန်မာပြည်ရဲ့ တရားဥပဒေ စနစ်ဟာ ဘယ်လောက် ဆိုးရွားနေတယ် ဆိုတာကို ပြသနေတာ ဖြစ်တယ်၊ ဒါကို ကမ္ဘာကလည်း သိတယ်” ဟု လက်ကိုင် လော်စပီကာငယ်ဖြင့် အသံကုန် အော်ဟစ် တောင်းဆိုနေခဲ့သူ ကိုနိုင်ထွန်းလင်းက ပြောသည်။ ကိုနိုင်ထွန်းလင်းသည် မြန်မာ ဒုက္ခသည်များ ကူညီရေးအဖွဲ့ မှ အတွင်းရေးမှူး ဖြစ်သည်။

ဘန်ကောက်မြို့တွင် ယင်းသို့ ဆန္ဒပြနေစဉ်မှာပင် စစ်အစိုးရက စီရင်ချက်ချမည့်နေ့ကို သြဂုတ်လ ၁၁ ရက်နေ့သို့ ပြောင်းရွှေ့လိုက်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ချုပ်နှောင်ထားလိုသည်မှာ သံသယဖြစ်ဖွယ် မရှိဟု အများက ယူဆနေကြသည်။

ယနေ့ ဆန္ဒပြပွဲတွင် နိုင်ငံရေး လှုပ်ရှားသူများသာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သော မြန်မာ အလုပ်သမားများလည်း ပါဝင်သည်ကို တွေ့ရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နှစ်နှစ် ကာကာ ကြည်ညိုတယ်၊ ယုံကြည်တယ်၊ အခုလို မတရားသဖြင့် စီရင်ချက် ချတော့မယ်လို့ ကြားရတော့ အင်မတန်လည်း ဝမ်းနည်းတယ်၊ ကျနော် ဘယ်လိုမှ ခံနိုင်ရည် မရှိဘူး။ ကျနော်တို့ ပြည်သူတွေက ကိုယ်တတ်နိုင်တဲ့ ဘက်က ဒါဟာ မတရားဘူး ဆိုတာကို ထုတ်ဖော်ပြရမယ်၊ ဒါကြောင့် ကျနော် အခုလို လာရောက် ဆန္ဒပြတာ” ဟု ဘန်ကောက်မြို့ လုံဗိနီ ညဈေးမှ ဈေးသည်တဦးဖြစ်သူ ကိုဝင်းကိုက ဧရာဝတီကို ပြောသည်။

စစ်အစိုးရ၏ မတရားမှုများကို သည်းခံနိုင်ခြင်း မရှိတော့ကြောင်း ဘန်ဘော်ရပ်ကွက် ငါးသေတ္တာစက်ရုံမှ ကိုမြင့်နိုင်က ပြောသည်။

“ကျနော်ကတော့ နိုင်ငံရေးတွေ ဘာတွေ သိပ် မသိဘူး၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တိုင်းပြည် ကောင်းစားရေး အတွက် ဘဝကို ရင်းပြီး လုပ်ပေးနေတယ် ဆိုတာ နားလည်တယ်၊ သူတို့ကို လွတ်လပ်စေချင်တယ်” ဟု ကိုမြင့်နိုင်က ပြောသည်။ ကိုမြင့်နိုင်သည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နယ်မှ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏အိမ်သို့ အမေရိကန်တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့မှုကြောင့် တရားစွဲခံနေရခြင်း ဖြစ်သည်။

အာဆီယံအသင်းက စစ်အစိုးရ၏ ယခု လုပ်ရပ်ကို လျစ်လျူရှုထားရန် မသင့်လျော်ကြောင်း ထိုင်း အမျိုးသမီး သတင်းထောက်တဦးဖြစ်သူ Jonsinee KanKaew က ပြောသည်။

“အခုကိစ္စက နိုင်ငံရေး သက်သက်ကို ဇောင်းပေး ပြောနေလို့ မရတော့ဘူး။ လူ့ အခွင့်အရေး ချိုးဖောက်မှုကြီးလည်း ဖြစ်တယ်၊ မကျူးလွန်တဲ့ အပြစ်အတွက် ထောင်ချမယ် ဆိုရင် အာဆီယံ ပဋိညာဉ်စာတမ်းကို ဖောက်ဖျက်တာ ကျိန်းသေတယ်။ တကယ်လို့ မိုက်မဲစွာနဲ့ သူတို့ ဒေါ်စုကို ထောင်ချခဲ့ရင် အဲဒီအတွက် နိုင်ငံတကာရဲ့ ဖိအားကို အရင်ထက် ပိုမိုပြင်းထန်စွာ ရင်ဆိုင်ရမှာတော့ မလွဲပါဘူး” ဟု ဘန်ကောက်မြို့အခြေစိုက် သတင်းထောက် Jonsinee KanKaew က ပြောသည်၊
ရန်ကုန်မြို့တွင်လည်း ဒီမိုကရေစီအရေး လှုပ်ရှားသူများ ဆန္ဒပြကြမည်ကို အစိုးရက ကြိုတင် တားဆီးသည့်အနေဖြင့် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင် အများအပြားကို လမ်းပေါ်တွင် ချထားသည်။ ယမန်နေ့ညကလည်း ရန်ကုန်တိုင်း နှင့် မကွေးတိုင်းမှ NLD အဖွဲ့ဝင် ၃၀ ၀န်းကျင်ကို ထိန်းသိမ်းလိုက်သည်။

အမှုကို စီရင်ချက် ချရန် ပြန်လည် သတ်မှတ်ထားသော သြဂုတ်လသည် ရှစ်လေးလုံး လူထု အုံကြွမှု ၂၁ နှစ်မြောက် နှစ်ပတ်လည် ကာလလည်း ဖြစ်သည်။
အပြည့်အစုံသို့ >>

အိန္ဒိယရှိ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

Friday, 31 July 2009 18:24 ဇာနည်မာန်
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ရှိ မြန်မာအလုပ်သမား အနည်းဆုံး ၂၁ ဦးကို တရားမ၀င် နေထိုင်မှုဖြင့် အိန္ဒိယရဲများက ယမန်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ အိန္ဒိယတွင် နေထိုင်ခွင့် လက်မှတ် တစုံတရာမရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သူတို့ကို ပြည်နယ်မြို့တော် အိုက်ဇောရှိ တရားရုံးတွင် ရုံးတင်စစ်ဆေးကာ ထိုက်သင့်သော ပြစ်ဒဏ်များချ မှတ်မည်ဟု ပြည်နယ်ရဲဌာနမှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

“သူတို့ကို ဒီမှာ တရားဝင် နေထိုင်ခွင့်လက်မှတ်တွေ မရှိလို့ဖမ်းထားတာပါ၊ အခုသူတို့ကို တရားရုံးမှာပို့ထားပါ တယ်၊ တရားရုံးက သူတို့ကို မြန်မာပြည်ကို ပြန်ပို့ဖို့ ဒါမှမဟုတ် ဒဏ်ငွေဆောင်ခိုင်းဖို့ တခုခု အမိန့်ချမှတ်ပါ လိမ့်မယ်” ဟု သူက ဆိုသည်။

ဖမ်းဆီးခံရသူ အလုပ်သမားများမှာ ဒဏ်ငွေချမှတ်ခံရပါက အိန္ဒိယ ရူပီး ၅၀၀ မှ ၂၀၀၀ အထိ ပေးဆောင်ရ မည် ဖြစ်သည်။ ဒဏ်ငွေ မဆောင်နိုင်ပါက နယ်စပ်သို့ ပြန်ပို့ခံရခြင်း၊ ထောင်ဒဏ်အနည်းဆုံး ၉ လ အထိကျခံရခြင်း များရှိသည်။

မီဇိုရမ်သို့ ဝင်လာသည့် မြန်မာနိုင်ငံသား အရေအတွက် မြင့်မားလာသကဲ့သို့ နယ်စပ် ကုန်စည်ကူးသန်းရောင်း ၀ယ်မှုများ ပြုလုပ်ရာတွင် မူးယစ်ဆေးဝါးနှင့် တရားမ၀င် လက်နက်မှောင်ခိုမှုများ၌ မြန်မာတို့ ပါဝင်ပတ်သက်မှုများ ရှိနေသောကြောင့် တရားမ၀င်နေထိုင်သူများကို အရေးယူခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာ သတင်းဌာနများတွင် ဖော်ပြကြသည်။

ယမန်နေ့ညနေက မီဇိုရမ်ရှိ မြန်မာပြည်တွင်း ခေတ္တပြန်နေသော မြန်မာ အမျိုးသမီးတဦး ငှားရမ်းနေထိုင်သည့် အိမ်တအိမ်ကို သက်ဆိုင်ရာက ၀င်ရောက်ရှာဖွေရာတွင် လက်နက်ခဲယမ်းများကို တွေ့ရှိခဲ့သည်ကို သတင်းဌာန များတွင် ဖော်ပြ ထားသည်။

ဖမ်းဆီးရမိသော လက်နက်များမှာြ-၁၆ သေနတ် ၈ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၄ လုံး နှင့် လမ်းလျှောက်စကားပြောစက် ၅ ခုတို့ဖြစ်ပြီး အဆိုပါ အမျိုးသမီး၏ အမည်နှင့် အခြားအသေးစိတ်အချက်အလက် များ ကို ဖော်ပြထားခြင်း မရှိပါ။

အဆိုပါ ကိစ္စကြောင့် မြန်မာလုပ်သားများကို ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ယက်ကန်းလုပ်ငန်းရှင်များနှင့် အလုပ်သမားများအနေဖြင့် ယူဆနေကြသော်လည်း ရဲအရာရှိကမူ ထိုကဲ့သို့ မဟုတ်ကြောင်း ငြင်းဆိုသွားသည်။

လွန်ခဲ့သောနှစ်များက ယခုလို အလုပ်သမားများကို ဖမ်းဆီးခြင်းမျိုး မရှိခဲ့သော်လည်း ယခုနှစ်တွင်မှ ဖမ်းဆီး စစ်ဆေးခြင်းများ ရှိလာသည်ဟု မြန်မာ ယက်ကန်းလုပ်ငန်းပိုင်ရှင်တဦးက ဆိုသည်။

“ဒီနှစ်ထဲမှာ ဒါနဲ့ဆိုရင် ၃ ကြိမ်ရှိပြီ၊ သူတို့ ဒီမှာ ရဲတွေပြောတာတော့ အစိုးရရဲ့အမိန့်နဲ့လို့ပြောတယ်၊ သူတို့က မှောင်ခို ကုန်ကူးတဲ့ နိုင်ငံခြားသားကို ဖမ်းခိုင်းတိုင်း ဒီယက်ကန်းသမားတွေကိုပါ လာလာဖမ်းကြတယ်”ဟု အဆိုပါ ယက်ကန်းရုံပိုင်ရှင်က ဧရာဝတီကိုပြောသည်။

မီဇိုရမ်ပြည်နယ်တွင် လာရောက်အလုပ်လုပ်ကိုင်သူများအတွက် အလုပ်သမား မှတ်ပုံတင်ကဲ့သို့ စာရွက်စာတမ်း များကို အစိုးရမှ တရားဝင်ပြုလုပ်ပေးခြင်းမရှိ၍ သက်ဆိုင်ရာ ဒေသမှ အာဏာပိုင်များနှင့် ညှိနှိုင်း၍သာ နေထိုင်ခွင့် များ ရယူထားကြရသည်။

“သူတို့နေထိုင်ဖို့ ပါမစ်လိုဟာမျိုးက တရားဝင်ရယ်လို့တော့ မဟုတ်ဘူး၊ ဒီလိုပဲ သူတို့ တရားရုံးကို သွားပြီးတော့ အလုပ်သမားပုံနဲ့ အလုပ်ရှင် ထောက်ခံစာနဲ့သွားပြီး နားလည်မှုနဲ့လုပ်ထားတာပေါ့၊ အခု အစိုးရ အသစ်တက်လာ တော့ အရင်နှစ်တွေက လုပ်ထားတဲ့ဟာကို အသစ်ပြန်လုပ်ရမှာလိုမျိုး ဖြစ်နေတယ်၊ ဒီမှာက တခြား ထိုင်းတို့ မလေးရှားတို့မှာလို သီးသန့် မှတ်ပုံတင် လုပ်ပေးတာမျိုးတွေ၊ အလုပ်သမား အဖွဲ့အစည်းတွေဆိုတာ မရှိတော့ ဒီလိုဖြစ်လာရင် အလုပ်သမားတွေရော အလုပ်ရှင်တွေရော တော်တော်ဒုက္ခရောက်ကြပါတယ်”ဟု သူက ဆို သည်။

ယခုလို ဖမ်းဆီးမှုများ ရှိလာသောကြောင့် ယက်ကန်းရုံတချို့ရပ်နားထားရပြီး ယက်ကန်း လုပ်သားများမှာလည်း ပုန်းရှောင်နေကြရသောကြောင့် စားဝတ်နေရေး ထိခိုက်ရသည်ဟု ပုန်းရှောင်နေရသည့် ယက်ကန်းသမလေး မသေးသေးက ပြောပြသည်။

“အရင်တခါက အဖမ်းခံထားရတော့ ကြောက်တာပေါ့နော်၊ အခုလည်း မိသွားမှာစိုးလို့ မပြန်ရဲသေးဘူး၊ အခုလည်း ဖုန်းစောင့်နေတာ၊ အိမ်ရှင်က အာမခံ မပေးနိုင်တော့ ပုန်းခိုင်းထားလို့ ကျမတို့ ပုန်းနေတာ၊ ကျမတို့ တရုံလုံးပေါ့၊ အယောက် ၂၀ လောက်ရှိတယ်၊ အလုပ်ကတော့ ပျက်တာပေါ့၊ အလုပ်ပျက်တော့ သိပ်အဆင်မပြေဘူး”ဟု သူက ဆိုသည်။

ပြည်တွင်း၌ စားဝတ်နေရေးကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ဘက် အိန္ဒိယ နယ်စပ် မီဇိုရမ် ပြည်နယ်အတွင်း ဝင်ရောက်လာသူ မြန်မာနိုင်ငံသားပေါင်း ၅ သောင်းဝန်းကျင်ရှိနေပြီး ရက်ကန်းခတ်ခြင်း၊ ရွှေပန်းထိမ် လုပ်ငန်း၊ လက်သမား၊ အိမ်ဖော်၊ တောင်ယာ၊ လမ်းဖောက်လုပ်ငန်းများနှင့် အခြား ကြုံရာ ကျပန်း အလုပ်များ လုပ်ကိုင်နေကြသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP