Thursday, 30 July 2009

မြန်မာအစိုးရ တောင်းဆိုမှုကြောင့် ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ရွှေ့ဆိုင်း

NEJ ၂၈ ၊ဇူလိုင်၊ ၂၀၀၉
ထိုင်းဝန်ကြီးချုပ် အဖိဆစ် ၀စ်ချာချီဝ၏ သောကြာနေ့ မြန်မာနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ကို မြန်မာစစ်အစိုးရ၏ မေတ္တာရပ်ခံချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအစိုးရက ယနေ့ ထုတ်ပြန်ပြောကြားသည်။

ထိုသို့ ရက်ရွှေ့ဆိုင်းရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏အမှု စီရင်ချက်ချတော့မည်ဖြစ်သောကြောင့်ဟု အကြောင်းပြကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အရေးကြီးသည့်ကိစ္စ လုပ်ဆောင်ရန်ရှိသည့်အတွက် ယင်းသို့ရက်ရွှေ့ဆိုင်းရန် တောင်းဆိုခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရသူ ပင်နစ်တန် ၀တ်ထနာရာဂွန်က သတင်းထောက်များကို ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်သည် လာမည့်သြဂုတ်လ တတိယပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်နိုင်သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။

မစ္စတာအဖိဆစ်သည် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုကိစ္စများ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ (၁) ရက်ကြာ ခရီးသွားရောက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်အင်္ဂါနေ့တွင် ထိုင်းအစိုးရက ကြေညာခဲ့သည်။
အပြည့်အစုံသို့ >>

Wednesday, 29 July 2009

လွတ်ရက်စေ့ မြန်မာအကျဉ်းသား (၇၀၀) ကျော် မလေးရှားထောင်တွင် သောင်တင်နေ

ဝီရ / ၂၈ ဇူလိုင် ၂၀၀၉
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် (KLIA) အနီး အကျဉ်းစခန်းဟောင်းတွင် နယ်အကျဉ်းထောင်များမှ ရွှေ့ပြောင်းလာသည့် လွတ်ရက်စေ့ မြန်မာအကျဉ်းသား (၇၀၀) ကျော်တို့ သောင်တင်နေကြောင်း သိရသည်။

၎င်းတို့အနက် အကျဉ်းသား (၆၀၀) ခန့်သည် လွတ်ရက်စေ့နေသူများဖြစ်ပြီး ဇူလိုင်လအစောပိုင်းတွင် မလေးရှားနိုင်ငံ၊ စမုန်းညှင်းထိန်းသိမ်းရေးစခန်း၌ ဆန္ဒပြခဲ့သဖြင့် ရဲနှင့်အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ အကျဉ်းစခန်းဟောင်းသို့ ပြောင်းရွှေ့ခံရခြင်းဖြစ်သည်။

မြန်မာအကျဉ်းသားများ မလေးရှားထောင်အတွင်း သောင်တင်နေရခြင်းမှာ နယ်စပ်သို့ပို့ဆောင်မှု ရပ်ဆိုင်းထားသောကြောင့် ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ဖမ်းဆီးထားသည့် တရားမ၀င်မြန်မာနိုင်ငံသားများကို ယခင်က မလေးရှား-ထိုင်းနယ်စပ်ဘက်သို့ ပြည်နှင်ဒဏ်ပေးကာ ပို့ဆောင်ခဲ့သော်လည်း ပြီးခဲ့သည့်လအနည်းငယ်မှစ၍ နယ်စပ်သို့ပို့ဆောင်ခြင်းကို ရပ်ဆိုင်းလိုက်ပြီး နေရပ်တိုင်းပြည်များသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း ကွာလာလမ်ပူမြို့တော်မှ အကျဉ်းသားပြန်လည်ပို့ဆောင်ရေးတာဝန်ခံ Shainurin Shaari က ပြောသည်။

ယခုအခါ ကွာလာလမ်ပူလေဆိပ်အနီး အကျဉ်းစခန်းဟောင်းရှိ မြန်မာအကျဉ်းသားအများစုမှာ နိုင်ငံသားအဖြစ် မှတ်ပုံတင်နိုင်ရေး သက်သေအထောက်အထား ရရှိရန် အခက်အခဲဖြစ်နေကြောင်း၊ မြန်မာသံရုံးမှ လာရောက်ကြည့်ရှုခဲ့သော်လည်း မြန်မာနိုင်ငံသား အဖြစ် အသိမှတ်ပြုရန် မလွယ်ကူသဖြင့် ယခုကဲ့သို့ သောင်တင်နေရကြောင်း မလေးရှားသတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါအကျဉ်းစခန်းအတွင်းရှိ ဆွေမျိုးထံ သွားရောက်တွေ့ဆုံခဲ့သူ ကိုနေဝင်းက “အဲဒီအထဲက ကျခံနေရတဲ့ မြန်မာတွေအားလုံး က မှတ်ပုံတင် မပြနိုင်တာကြောင့် သောင်တင်နေကြတာ။ အချို့ဆို နှစ်နဲ့ချီပြီး ဒီမှာရှိနေတယ်။ ဒီလထဲမှာပဲ မြန်မာတွေ (၆၀၀) လောက် ဒီစခန်းထဲကို ထပ်ရောက်လာတယ်” ဟု ပြောသည်။

သောင်တင်နေသည့် မြန်မာအကျဉ်းသားများအား အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးခွင့်အဖွဲ့နှင့် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်တို့က လာရောက်စောင့်ကြည့်မှုများရှိကြောင်း၊ ၎င်းတို့အနက် (၁၀၀) ကျော်မှာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထုတ်ပေးသည့် လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ကြောင်း ကိုနေ၀င်းက ပြောသည်။

အကျဉ်းသားများအား ဖုန်းခေါ်ဆိုခွင့်အပါအဝင် မိတ်ဆွေအပေါင်းအသင်းများနှင့် တွေ့ဆုံခွင့်၊ ပြင်ပမှ အစားအစာသွင်းခွင့်များ ပေးထားကြောင်း သိရသည်။

မလေးရှား-ထိုင်းနယ်စပ်တွင် မြန်မာနိုင်ငံသားများအား လူပွဲစားများထံ ရောင်းစားမှုများရှိခဲ့ပြီး ယင်းသို့ရောင်းစားခဲ့မှုတွင် ပါဝင်သည့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိ (၅) ဦးကို ဖမ်းဆီးထားပြီး ယမန်နေ့က တရားစွဲထားသည်။
အပြည့်အစုံသို့ >>

Monday, 27 July 2009

ရထားလမ်းဖောက်ရန် ရွာသားများ လယ်မြေသိမ်းခံရ



မကွေး-နက်မောက်ရထားလမ်း ဖောက်လုပ်နေမှုကြောင့် ဒေသခံ ရွာသားလယ်မြေများကို သိမ်းယူနေခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

နအဖဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သားဖြစ်သူ ပိုင်ဆိုင်သည့် ဧရာရွှေဝါကုမ္ပဏီက ပြီးခဲ့သည့်လအတွင်းက စတင်ကာ တာဝန်ယူလုပ်ဆောင်နေခြင်းဖြစ်ပြီး တစုံတရာ လျော်ကြေးပေးခြင်း မရှိသည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေသည်။

“အခုလောလောဆယ် တောင်သူတွေ စိုက်ပျိုးထားတဲ့ဟာတွေကို စက်ကြီးတွေနဲ့ ထိုးနေတာ၊ အထက်က လျော်ကြေးပေးတယ်လို့ ကြားတယ်၊ ဒါပေမဲ့ ရွာသားတွေလက်ထဲကို တပြားမှ မရောက်ဘူး” ဟု ဒေသခံရွာသားတဦးက ပြောသည်။

မကွေးနှင့် နက်မောက်မြို့ အကွာအဝေး မိုင် ၄၀ ရှိပြီး မကျည်းကန်၊ ပတိန်ဉာဏ်၊ နဘူးရွာ အစရှိသည့် ကျေးရွာများမှ လယ်မြေများကို မြေတူးစက်ကြီးများဖြင့် ဖျက်ဆီးသိမ်းယူနေကာ စုစုပေါင်း လယ်ဧက ၂၀၀ ကျော် ရှိသည်။

“တချို့လူတွေက စက်မောင်းတဲ့သူတွေ၊ ရထားလမ်းဖောက်တဲ့ အာဏာပိုင်တွေကို ကျွေးလိုက်မွေးလိုက်ရင် ရထားလမ်းကို ကွေ့ပြီး ဖောက်သွားတယ်၊ မကျွေးမမွေးရင် အပျက်အစီး ပိုများတယ်” ဟု ဒေသခံရွာသားက ဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် သုံးနှစ်ခန့်ကလည်း မကွေးလေယာဉ်ကွင်းနှင့် ဆေးတက္ကသိုလ်အနီးမှ လယ်မြေဧက ၁,၀၀၀ ကျော် သိမ်းဆည်းခံခဲ့ရပြီး အာဏာပိုင်များဘက်မှ တဧကလျှင် ငွေ ၃,၀၀၀ ကျပ်သာ လျော်ကြေးပေးခဲ့သည်ဟု ပြောသည်။

“အဲဒီနေရာတွေမှာ သူတို့က ဘာမှမလုပ်ဘဲ လေယာဉ်ကွင်းက လူကြီးတွေ၊ ဆေးကျောင်းက ပါမောက္ခတွေက တောင်သူတွေကို ပဲတို့၊ နှမ်းတို့ ပြန်စိုက်မယ်ဆိုရင် တဧကကို ၁၀,၀၀၀ တောင်းနေတာ၊ သုံးနှစ်လောက်ရှိနေပြီ” ဟု ဒေသခံရွာသားက ဆက်ပြောသည်။

နအဖစစ်အစိုးရလက်ထပ်တွင် မြန်မာပြည်အနှံ့အပြားရှိ တောင်သူလယ်သမားပိုင် လယ်မြေ၊ ဥယျာဉ်များကို စစ်တပ်အဆောက်အဦးများနှင့် ၎င်းတို့စီမံကိန်းများ ဆောက်လုပ်ရန် သိမ်းယူနေလျှက်ရှိသည်။
အပြည့်အစုံသို့ >>

Saturday, 25 July 2009

နယ်စပ်ဒေသတွင် မြန်မာအလုပ်သမားများကို ထိုင်းကျန်မားရေးဖွဲ့က A(H1N1) ရောဂါပိုးစစ်ဆေး

Fri 24 Jul 2009, အာသံ
ယနေ့နံနက် (၆) နာရီအချိန်မှစ၍ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ထိုင်းဘက်ကမ်းသို့ အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများကို ထိုင်း ကျန်းမာရေးနှင့် အုပ်ချူပ်ရေးအဖွဲ့တို့က ပူးပေါင်းကာ အလုပ်သ မားများကို A(H1N1) ရောဂါပိုးစစ်ဆေးနေကြောင်း သိရပါသည်။

ထိုင်းဘက်ကမ်းရှိစက်ရုံအတွင်း၌ အလုပ်လုပ်နေသော မြန်မာအလုပ်သမား များသည် ထိုင်းကျန်မာရေး ဌာနမှ ရောဂါပိုး စစ်ဆေးစမ်းသပ်ခြင်းကို ခံယူ နေရကြောင်း ထိုင်းဘက်ကမ်း ဖိနပ်စက်ရုံတွင် အလုပ်လုပ်နေသော အမျိုး သမီးတစ်ဦးက ပြောသည်။

“ထိုင်းကျန်မာရေးဌာနတွေက ကျမတို့သွေးကို မစစ်ပဲနဲ့ အပူချိန်တိုင်းယုံ လောက်ပဲ ပြီးတာနဲ့ ကဒ်ထုတ်ပေးတယ်။ သူတို့က လူကိုယ်ထဲမှာ ဖုဝဲတွေ့မှ သာ သွေးစစ်ဆေးတာမျိုးလုပ်နေတယ်” ဟု ၄င်းက ဆက်ပြောပါသည်။

ထိုင်းဘက်ကမ်းမှ ထုတ်ပေးသော ကဒ်ပြားမရှိပါက သွားရေးလာခွင့်မရှိ၍ ဘုရားသုံးဆူဒေသခံ ပြည်သူများကလည်း သွားလာရေးလွယ်ကူအောင် ထိုစမ်းသပ်စစ်ဆေးနေသော နေရာတွင် တန်စီပြီး အစစ်ဆေးခံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက် အလုပ်သမားနဲ့ ဒေသခံ ထောင်ချီပြီးရှိနေကြတယ်၊ ထိုင်းဘက် ကမ်းမှာ ရောဂါပိုး စမ်းသပ်စစ်ဆေးတဲ့ နေရာအရှေ့မှာ စစ်ဆေးခံနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းဘက်ကမ်းမှာ ထုတ်ပေးတဲ့ Travelers Arriving in Thailand မရှိရင် သွားလာခွင့်မရှိဘူး” ဟု ၄င်းက ဆက်ပြောပါသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ကမ္ဘာ့လူတုပ်ကွေး A(H1N1) ရောဂါ မကူးစက်ပြန့်ပွားသွားအောင် ထိုင်းနိုင်ငံမှ ဘုရားသုံးဆူမြို့ ဝင် ပေါက်များကို စစ်ဆေးမှုများ ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။

၎င်းနယ်စပ်ဝင်ပေါက်သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ထိုင်းအစိုးရနှင့် မြန် မာအစိုးရတို့က တရားဝင် ပိတ်ထားသည်ဟု ဆိုသော်လည်း ယခုချိန်ထိ နား လည်မှုဖြင့် နယ်စပ်ပြည်သူတို့က ဝင်ပေါက်သုံးပေါက်ဖြင့် သွားလာနေကြ သည်။

“ဇူလိုင် ၂၀ ရက်နေ့မတိုင်ခင်က အဓိက ထိုင်းဘက်ကမ်းမှာ အလုပ်လုပ်နေ တဲ့သူတွေ ကျောင်းတက် နေတဲ့ ကျောင်းသား တွေ ဝင်ထွက်သွားလာနေတဲ့ ဝင်ပေါက်မှပဲ ကျန်းမာရေးဌာနကနေ စစ်ဆေးတာရှိတယ်၊ ဝက်တုပ် ကွေး ရောဂါနပတ်သက်ပြီးတော့ ပညာပေးအစည်းဝေးခေါ်ထားပြီး ယခုဆိုရင် စစ်ဆေးမှုတွေ ပိုတင်းနေတယ်” ဟု ဘုရား သုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၀ ရက်နေ့က မြို့နယ်မယကဥက္ကဌနှင့် ဘုရားသုံးဆူရှိ မြန်မာအ စိုးရ အဖွဲ့ပေါင်းစုံ ၂၅ ဖွဲ့တို့မှ ဝက်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာ ပေးအစည်းဝေးပြုလုပ်ပြီးနောက် ထိုင်းဘက်ကမ်းနှင့် မြန်မာဘက်ကမ်း သို့ဝင်ထွက်သွားလာနေသည်များကို ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီ

အပြည့်အစုံသို့ >>

အီလက်ထရွန်းနစ် ပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမားများ အလုပ်ထုတ်ခံနေရ


PDF Print E-mail
Thursday, 23 July 2009 09:21

အီလက်ထရွန်းနစ် ပစ္စည်းများထုတ်လုပ်သော စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား မြောက်များစွာအား အကြောင်းပြချက်မရှိပဲ မန်နေဂျာမှ အလုပ်ထုတ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်၊ ခေါင်ရွက်၊ ဝတ်နံစုန်း ဘေးတွင်တည်ရှိသော လုံငန်စီထုန်း(ခေါ်) အီလက်ထရွန်းနစ် ပစည်းများထုတ်လုပ်သည့် စက်ရုံတွင် ယခင်က မြန်မာအလုပ်သမား(၁ဝဝဝ)ကျော် ရှိခဲ့သော်လည်း ယခုအခါ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ အလုပ်ထုတ်နေသောကြောင့် အလုပ်သမားများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

စီဒီခွေ၊ တီဗွီအောက်စက်၊ စလောင်းများနှင့် ကွန်ပျူတာသုံး ကီးဘုတ်များ၊ လက်နှိပ်စက်များ ထုတ်လုပ်သည့် အဆိုပါစက်ရုံတွင် ၃နှစ်ကျော် အလုပ်လုပ်ခဲ့ရာမှ ပြီးခဲ့သည့် နှစ်ရက်က အလုပ်ထုတ်ခံခဲ့ရသော အရီက “ကျမတို့အားလုံးမှာ ဘတ်(အလုပ်သမားလက်မှတ်)ရှိပါတယ်။ အရင်တုန်းက တော်တော်အလုပ်ကောင်းတဲ့ စက်ရုံပါ။ တစ်နေ့ကို (၂ဝ၃)ဘတ် ရပါတယ်။ အချိန်ပိုဆိုလည်း (၃၈)ဘတ်ရပါတယ်။ အခုဟာက ဘာမပြော ညာမပြောနဲ့ နှစ်ရက်တစ်ခါ ၊ သုံးရက်တစ်ခါ အလုပ်ထုတ်နေတယ်။ အခုလူ(၂ဝဝ) ကျော်ကျော်လောက်ပဲ ကျန်တော့တယ်။ ဆွေမျိုးရှိတဲ့လူတွေ၊ အဆက်အသွယ်ရှိတဲ့ လူတွေတော့ ပြောင်းကုန်ကြပြီ။ ကျမတို့က ဘယ်သွားလို့ ဘယ်လာရမလဲ မသိဘူး။ အလုပ်မပြုတ်ခင် (၅)ရက် နားခိုင်းတယ်။ အခုပြန်ဆင်းတော့ အလုပ်ဖြုတ်လိုက်တယ်”ဟု ပြောပြသည်။

တစ်ကြိမ်အလုပ်ထုတ်လျှင် အလုပ်သမား (၅ဝ)မှ (၁ဝဝ)ခန့်အထိ ရှိပြီး တခါတရံ(၂ဝဝ) အထိ ထုတ်ပစ်လေ့ရှိသည်။ အလုပ်ထုတ်ခံရပြီး အခြားနေရာများသို့ မသွားတတ် မလာတတ် ဖြစ်နေသော ကလေးမိခင်များနှင့် မိသားစုများရှိသည်ဟုလည်း သိရသည်။

ကလေးမိခင်တစ်ဦးဖြစ်သူ မတင်မော်ဦးက “ကျမတို့ အရင် ဘတ်လုပ်ခဆိုပြီး (၁၅)ရက် တစ်ဝိ (တစ်ပတ်)ကို ဘတ်ငွေ(၅ဝဝ)နဲ့ ပုလိပ်ကြေးဆိုပြီး(၅ဝဝ) ဘတ် ဖြတ်ထားပါတယ်။ ထမင်းကျွေးခဆိုပြီး တစ်ပတ်ကို ဘတ်(၇ဝ)ဖြတ်ပါတယ်။ ထွက်သွားတဲ့ လူတွေဆီက ဖြတ်ထားတဲ့ ငွေတွေကိုလည်း ပြန်မပေးဘူး။ အခုကျမတို့ ထမင်းမစားရဘူး။ မာမား(ခေါက်ဆွဲခြောက်)ကိုပဲ စားနေရတယ်။ လမ်းဘေးက ကန်စွန်းရွက်တွေ ခူးချက်စားလို့ ကုန်ပြီ၊ ဆွေမျိုးရှိတဲ့ လူတွေကတော့ ပိုက်ဆံနည်းနည်းပါးပါးမှာပြီး စားနေကြတယ်”ဟု ပြောသည်။

ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မှုကြောင့် ပြည်ပရောက် မြန်မာများမှာ အလုပ်အကိုင် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး အလုပ်လက်မဲ့ ပြဿနာများနှင့်လည်း ရင်ဆိုင်နေကြရသည်။

အပြည့်အစုံသို့ >>

Wednesday, 22 July 2009

မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးလျှက်ရှိ

Tuesday, 21 July 2009 15:39

ထိုင်းနိုင်ငံတွင် အလုပ်သမားလက်မှတ်(ဘတ်) ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသား အလုပ်သမားများအတွက် နိုင်ငံကူး လက်မှတ်များကို မြန်မာနိုင်ငံ တောင်ဘက်စွန်း နယ်စပ်မြို့ဖြစ်သည့် ကော့သောင်တွင် ဆက်လက်ထုတ်ပေးလျှက် ရှိကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားရန်အတွက် ထိုင်းနိုင်ငံမှ ထုတ်ပေးသော အလုပ်သမားလက်မှတ် (ဘတ်)နှင့်အတူ အလုပ်ရှင်၏ ထောက်ခံချက်ဖြင့် ထိုင်းနိုင်ငံအလုပ်သမား ရုံးတွင် သွားရောက်လျှောက်ထားရမည်ဖြစ်ပြီး အလုပ်သမားရုံးမှ လျှောက်လွှာ မိတ္တူကို ပြန်ပေးလိုက်မည်ဖြစ်သည်။

လျှောက်ထားသည့် အမည်စာရင်းများကို သံရုံးမှတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြီး မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အတည်ပြုပြီး အကြောင်းပြန်ပေးမည် ဖြစ်သည်။

အမည်စာရင်းပါသူများသည် ထိုင်းနိုင်ငံ အလုပ်သမားရုံးမှ ပေးထားသည့် လျှောက်လွှာမိတ္တူ၊ မြန်မာနိုင်ငံမှ ထုတ်ပေးထားသည့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း မူရင်းနှင့် မိတ္တူလေးစောင် ယူဆောင်လာပြီး နိုင်ငံကူးလက်မှတ် ပြုလုပ်နိုင်သည်။

နိုင်ငံကူးလက်မှတ်လုပ်ပေးသည့် ရုံးကို ယခုနှစ် ဇွန်လ (၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ (၁၀)ရက်မှ စတင်ကာ ထုတ်ပေးနေခြင်းဖြစ်သည်။ ယခုအချိန်ထိ (၇၈)ယောက်သာ ထုတ်ပေးခဲ့ရသည်ဟု ကော့သောင်မြို့ နိုင်ငံကူး လက်မှတ်ထုတ်ပေးသည့် အဖွဲ့မှ တာဝန်ခံတဦးက အခုလိုပြောပြသည်။

“ကျနော်တို့ဆီကို စာရင်းရောက်တာ (၁၄၀၀) လောက်ရှိတယ်။ အခုချိန်ထိ ထုတ်ပေးတာက (၇၈) ယောက်ရှိပြီ။ ကျနော်တို့က သက်တမ်း (၃)နှစ်ပေးတယ်။ ဗီဇာကို ထိုင်းက (၂)နှစ်ပေးတယ်။ ကျနော်တို့ဆီမှာ ကုန်ကျတဲ့စရိတ်ကတော့ ဗမာငွေ ကျပ်(၃၀၀၀)ပါ။ နေ့ချင်းအပြီးလုပ်ပေးတယ်”

ဗီဇာလျှောက်ထားရန်အတွက် ကော့သောင်တဖက်ကမ်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် ဗီဇာရုံးဖွင့်ထားပြီး ထိုင်းဘတ်ငွေ (၂၀၀၀) ပေးသွင်းကာ ဗီဇာလျှောက်ထားနိုင်ကြောင်းနှင့် ယခုထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်များသည် ထိုင်းနိုင်ငံအတွင်းသာ သွားလာအလုပ်လုပ်ကိုင်ခွင့်ရှိပြီး တခြားနိုင်ငံများသို့ သွား၍မရကြောင်းကိုလည်း ၎င်းကဆက်ပြောပြသည်။

နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို မည်သည့်ဖမ်းဆီး တားဆီးမှုမျိုးမှ လုပ်မည်မဟုတ်သည့်အပြင် အခွန်ငွေလည်း ပေးဆောင်ရန် မလိုကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လိုသည့်အခါ ခိုးကူးစရာမလိုဘဲ တရားဝင် ပြန်လာနိုင်ကြောင်း အဆိုပါ တာဝန်ခံက ဆက်ပြောပြသည်။

ထိုင်းနိုင်ငံအလုပ်သမား လက်မှတ်(ဘတ်)များပေါ်မှ နာမည်များနှင့် မြန်မာနိုင်ငံ သန်းခေါင်စာရင်းထဲမှ နာမည်များကွဲလွဲနေမှုနဲ့ ပတ်သက်ပြီးလည်း ၎င်းကအခုလို ရှင်းပြသည်။

“အကိုတို့ ထိုင်းအလုပ်သမားရုံးမှာ သွားလျှောက်တဲ့အခါ ထိုင်းမှာခေါ်တဲ့ နာမည်ရဲ့ဘေးမှာ “ခေါ်” ဆိုပြီး နာမည်အရင်းကို ထည့်လိုက်ပေါ့။ ဥပမာဗျာ ထိုင်းမှာခေါ်တာက မောင်နီ၊ ကိုယ့်နာမည်အရင်းက ကိုကိုဦးဆိုရင် မောင်နီ (ခေါ်) ကိုကိုဦး ဆိုပြီး လျှောက်လွှာမှာ ဖြည့်လိုက်ပေါ့။ ဒါဆို ပိုလွယ်တယ်”

အဆိုပါ နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးကော်မတီမှ ဒါရိုက်တာ ဦးထူးချစ်က အခုလိုပြောသည်။

“အလုပ်သမား အများစုက မှတ်ပုံတင် မရှိတာရယ်၊ သူတို့ရဲ့ အိမ်ထောင်စု စာရင်းကို မပြချင်တာရယ်၊ နောက်တခုက သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်တယ်။ ဒါတွေပြီးခဲ့တဲ့ နှစ်တွေမှာ လာလုပ်ခဲ့ဘူးတယ် မအောင်မြင်ဘူး။ ဒါကြောင့်မို့ ပတ်စ်ပို့နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲလိမ့်မယ်ထင်ပါတယ်”

ပြီးခဲ့သည့် ၂၀၀၆-၀၇ ခုနှစ်များက နိုင်ငံကူးလက်မှတ်များကို နယ်စပ်ဒေသများတွင် လုပ်ပေးခဲ့သော်လည်း အလုပ်သမားများမှ စိတ်ဝင်စားမှု နည်းပါးခြင်းကြောင့်၎င်း၊ ထိုင်းနိုင်ငံမှ ဗီဇာ မထုတ်ပေးခြင်းကြောင့်၎င်း၊ ကော့သောင်ဒေသတွင် လူသုံးထောင်ကျော်ခန့်သာ လက်မှတ်ထုတ်ပေးခဲ့ပြီး ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

အပြည့်အစုံသို့ >>

လူကုန်ကူးမှုတွင် ပါဝင်သည့် မလေးလူဝင်မှုအရာရှိများအား ဖမ်းဆီး

Tuesday, 21 July 2009 18:21

မလေးရှားနိုင်ငံအတွင်းမှာ တရားမ၀င် အလုပ်လာလုပ်နေကြတဲ့ မြန်မာလူမျိုးတွေကို ရောင်းစားတယ်လို့ သံယယရှိခံရတဲ့ မလေးလူဝင်မှုကြီးကြပ်ရေးက အရာရှိ ငါးဦးကို မလေးအာဏာပိုင်တွေက အင်္ဂါနေ့က ဖမ်းဆီးလိုက်တယ်လို့ မလေးရဲ အရာရှိတစ်ဦးက ပြောပါတယ်။

အခုလို ထိုင်း-မလေးရှားနယ်စပ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လူကုန်ကူးနေသည့် ကိစ္စတွင် မလေးအစိုးရ အရာရှိများ ပါဝင်ပတ်သက်နေသည်ကို သိရတာဟာ ဒါပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့သည့်လကလည်း မလေးရှားနိုင်ငံကို လူကုန်ကူးမှုတွင် အများဆုံး ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူကုန်ကူးမှု အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းသွင်းဖို့ အမေရိကန်အစိုးရကို တိုက်တွန်းခဲ့ကြ ပြီးပါပြီ။

ရာဇ၀တ်မှုဆိုင်ရာ ရဲထောက်လှမ်းရေး မိုဟာမက် ဘာကရီဇီနင်က “မလေးအာဏာပိုင်တွေအနေနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိ ငါးဦးနဲ့ ဘတ်စ်ကားသမား လေးဦးကို ပြီးခဲ့တဲ့ငါးရက်နေ့က ဖမ်းထားပြီးပါပြီ” လို့ ပြောပါတယ်။

စုံးစမ်းစစ်ဆေးမှုများအရ မလေး လ၀က အရာရှိတွေဟာ တရားဝင်ခရီးသွား စာရွက်စာတမ်း ကိုင်ဆောင်ထားခြင်းမရှိတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို မလေးရှားနိုင်ငံရဲ့မြောက်ဖက် ထိုင်းနယ်စပ်တွေကို ခေါ်ဆောင်သွားပြီးတော့ လူကုန်ကူးသူတွေ လက်ထဲသို့ မလေးရင်းဂစ် ၆၀၀ (အမေရိကန်ဒေါ်လာ ၁၇၀) နဲ့ ရောင်းစားခဲ့ပါတယ်။

“လူကုန်ကူးသူတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံထဲကို ခေါ်သွားပြီး၊ အလုပ်သမားတွေကို ပြန်လွှတ်ဖို့ သူတို့ဆီကနေ တစ်ယောက်ကို မလေးရင်းဂစ်ငွေ ၂၀၀၀ (အမေရိကန်ဒေါ်လာ ၅၇၀) တောင်းပါတယ်။ အလုပ်သမားတွေက အဲဒီလိုမှ မပေးနိုင်ရင် လူကုန်ကူးတဲ့သူတွေက သူတို့ကို ငါးဖမ်းလုပ်ငန်းတွေမှာအလုပ်လုပ်ဖို့ ရောင်းစားပစ်တယ်”လို့ ရဲထောက်လှမ်းရေး အရာရှိ မိုဟာမက် ဘာကရီက ပြောပါတယ်။ “ဒါတွေက တစ်ကယ်ကို ဖြစ်နေတာပါ” လို့လည်း သူက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ကိုးဦးစလုံးကို လူကုန်ကူးသူတွေနဲ့ ပေါင်းစားတဲ့ အမှုနဲ့ တရားစွဲခံရနိုင်တယ်လို့ အဆိုပါ ရဲထောက်လှမ်းရေးက ပြောပါတယ်။ ဘတ်စ်ကားမောင်းသူတွေကိုလည်း အဆိုပါအမှုမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို နယ်စပ်သို့ ပို့ဆောင်ရာမှာ ပါဝင်ကူညီခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အမှုမှန်ပေါ်ပေါက်ခဲ့ရင်၊ အခုလို လူကုန်ကူးမှုကြောင့် ဖမ်းဆီးခံထားရတဲ့ လူအားလုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင် တယ်လို့ ဆိုပါတယ်။ အဖမ်းဆီးခံလိုက်ရတဲ့ အရာရှိတွေဟာ မလေး လူဝင်မှုကြီးကြပ်ရေးဌာနက အဆင့်မြင့် အထက်ပိုင်း အရာရှိတွေဖြစ်တယ်လို့ သိရပါတယ်။ ထိုကိစ္စနှင့်ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိတွေဘက်က ဘာမှတုန့်ပြန်ပြော ဆိုခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ဧပြီလတုန်းက အမေရိကန် အထက်လွှတ်တော်ကော်မတီရဲ့ အစီရင်ခံစာအရ မလေးရှားနိုင်ငံမှာ တရားမ၀င် အလုပ် လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လူကုန်ကူးသူတွေက သူတို့ကို ပြန်လွှတ်ပေးဖို့ ပေးစရာ ပိုက်ဆံမရှိရင် သူတို့ကို ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ ပြည်တန်ဆာလုပ်ငန်း၊ ငါးဖမ်းလှေများနဲ့ စားသောက်ဆိုင်တွေကို ရောင်းစားတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရက မလေးအစိုးရကို လူကုန်ကူးမှုဆိုင်ရာ ဥပဒေကို ပြဌာန်းပြီး အပြည့်အ၀ အကောင်အထည်ဖော်ဖို့ ပြောခဲ့ပါတယ်။ မလေးရှားနိုင်ငံအတွင်းမှာ လူကုန်ကူးမှုဟာ လွန်ခဲ့တဲ့နှစ်တွေ အတော်ကြာကြာကတည်းက ရှိနေခဲ့ပါတယ်။ အဆိုပါ လူကုန်ကူးမှုများအတွက် မလေးအစိုးရအနေနဲ့ တရားစွဲမှု၊ ပြစ်ဒဏ်စီရင်မှုနှင့် စီရင်ချက်ချမှုတို့ကို တိုးမြှင့်လုပ်ဆောင် သွားဖို့ အမေရိကန်အစိုးရက တောင်းဆိုထားပြီးဖြစ်ပါတယ်။

မလေးရှားနိုင်ငံအခြေစိုက် UNHCR အနေနဲ့ ယခုဆိုလျှင် မလေးရှားနိုင်ငံအတွင်း၌ ဒုက္ခသည်ပေါင်း လေးသောင်းရှစ်ထောင်ကို မှတ်ပုံတင်ထားပြီးဖြစ်ကြောင်းနှင့် အဆိုပါ မှတ်ပုံတင်ထားသူများတွင် အများစုမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရသည်။ သို့သော် မလေးရှားနိုင်ငံအတွင်း၌ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းများ၏ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံအတွင်းသို့ ၀င်ရောက်လာသော ဒုက္ခသည်အရေအတွက်မှာ အထက်ဖော်ပြပါ ကိန်းဂဏန်း၏ နှစ်ဆခန့်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ဧရာဝတီ အွန်လိုင်း သတင်းအင်္ဂလိပ်စာမျက်နှာတွင် ဖော်ပြထားသော By JULIA ZAPPEI / AP WRITER ၏ “Malaysian Officers Held over Burmese Migrant Sale” ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

(ကျော်သိင်္ခ)

အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP