Wednesday, 8 July 2009

မြူးနှင့်ဇူး အထည်ချုပ်စက်ရုံတွင် နားရက်မရှိ အလုပ်စေခိုင်းနေ

အောင်ထက် ဇူလှိုင် ၇ ၂၀၀၉
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် အမှတ် (၄) ရှိ မြူးနှင့်ဇူး ကိုရီးယား အထည်ချုပ်စက်ရုံတွင် အုပ်ချုပ်သူများက အလုပ်သမားများအား တနေ့ အလုပ်ချိန် (၁၂) နာရီနီးပါး အလုပ်စေခိုင်းနေ ကြောင်း သိရသည်။
ပုံမှန်အလုပ်ချိန် (၈) နာရီထက် ပိုမိုခိုင်းစေခြင်းမပြုရန် ဥပဒေကန့် သတ်ချက်များ ရှိနေသော် လည်း အဆိုပါ မြူးနှင့်ဇူး အထည်ချုပ် စက်ရုံ တွင် အလုပ်သမားများသည် ပုံမှန်အလုပ်ချိန်နှင့် အချိန်ပို စုစုပေါင်း (၁၂) နာရီခန့် လုပ်ငန်းခွင်ဝင်နေကြရသည်။
ပုံမှန်အလုပ်ချိန်ကို နေ့စဉ် နံနက် (၇) နာရီခွဲမှ နေ့လယ် (၁၂) နာရီထိ၊ ထမင်းစားချိန် မိနစ် (၄၀) အနားပေးကာ (၁၂) နာရီ မိနစ် (၄၀) မှ ညနေ (၅) နာရီခွဲအထိ တနေ့အလုပ်ချိန် (၉) နာရီ မိနစ် (၃၀) သတ်မှတ်ထားသည်။
အချိန်ပိုအနေဖြင့် ညနေ (၅) နာရီခွဲမှ (၆) နာရီအထိကို အပိုကြေး (၅၀) ကျပ်၊ ည (၈) နာခွဲအထိ ကို အပိုကြေး (၁၅၀) ကျပ် သတ်မှတ်ကာ အလုပ်သမားများအား မဆင်းမနေရ အလုပ်ဆင်းခိုင်း နေကြောင်း စက်ရုံအလုပ်သမားများက ပြောသည်။
မြူးနှင့်ဇူးစက်ရုံမှ အလုပ်သမားတဦးက “ကျနော်တို့ဝန်ထမ်းတွေ ည (၈) နာရီခွဲအထိ အလုပ် ဆင်းနေရတာ (၃) လလောက် ရှိတော့မယ်။ စက်ရုံဝန်ထမ်းအများစုက အချိန်ပိုမဆင်းနိုင်တော့ ဘူးလို့ တင်ပြပေမယ့် အုပ်ချုပ်သူတွေက ခွင့်မပြုဘူး။ တနင်္ဂနွေ နေ့မှာတောင် ပုံမှန်ကြေးနဲ့ မဆင်းမနေရ အလုပ်ဆင်းနေကြရတယ်” ဟု ပြောသည်။
အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးပါက ညနေ (၅) နာရီ မိနစ် (၃၀) အထိသာ အလုပ်ဆင်းရ ကြောင်းနှင့် တနင်္ဂနွေနေ့တွင် အများပြည်သူ အလုပ်ပိတ်ရက် ကဲ့သို့ပင် မိမိတို့လည်း ရရှိကြောင်း ဖြေကြားကြရန် အလုပ်သမားများအား အနီးကပ်အုပ်ချုပ် နေသည့် စူပါဗိုက်ဆာများက ပြောဆိုခိုင်းသည်ဟုလည်း သိရသည်။
ထိုသို့ တနေ့အလုပ်ချိန် (၁၂) နာရီနီးပါးနှင့် တနင်္ဂနွေနေ့ပါမကျန် အလုပ်ဆင်းနေရသော်လည်း လုပ်ခလစာငွေ (၄၃,၀၀၀) ကျပ်သာ ရရှိကြောင်း စက်ရုံမှ ကျွမ်းကျင်အဆင့် (၅) ၀န်ထမ်းတဦး ကပြောသည်။
လှိုင်သာယာစက်မှုဇုန်၌ ဇုန် (၁)၊ ဇုန် (၂)၊ ဇုန် (၃)၊ ဇုန် (၄) ဟူ၍ရှိပြီး ချားလ်မင်း၊ စံပယ်ပွင့်၊ အိုပယ်၊ ရက်စ်၊ ရွှေရွက်လှေ၊ ကျော်ကျော် ထွန်းထွန်း အပါအ၀င် အထည်ချုပ်စက်ရုံ (၃၀) ကျော် ရှိပြီး စက်ရုံ အတော်များများ၌ အချိန်ပိုလုပ်အားစေခိုင်းနေမှုများ ရှိနေကြောင်း သိရသည်။
ပန်ဒါ ဆေးဆိုးပန်းရိုက်နှင့် ရက်ကန်းစက်ရုံဆိုလျှင် အချိန်ပြည့် လည်ပတ်နေရသော လုပ်ငန်းခွင် အနေအထားကြောင့် တိကျသော ထမင်းစားချိန် သတ်မှတ်ချက် ထုတ်ပြန်ထားခြင်းမရှိဟု ယင်းစက်ရုံမှ အလုပ်သမားတဦးက ပြောသည်။
အမှတ် (၄) စက်မှုဇုန်ရှိ NEW WAY ဖိနပ်စက်ရုံဆိုလျှင် အလုပ်ချိန် ပိုမိုခိုင်းစေခြင်း၊ လစာငွေ လျှော့ချခြင်းတို့ကြောင့် ပြီးခဲ့သည့် ဇွန်လလယ်ကပင် အလုပ်ရှင်-အလုပ်သမား ပဋိပက္ခများ (၅) ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ွံ့ပြဿနာ (၃) ကြိမ်ဖြစ်ပွား ပါက စက်ရုံပိတ်သိမ်းရမည်ဟု အလုပ်သမားဝန်ကြီးဌာန စက်ရုံ လည်ပတ်ခွင့်စာချုပ်စဉ်တွင် ပါဝင်သော်လည်း အဆိုပါ NEW WAY စက်ရုံသည် ယနေ့အထိ စက်ရုံလည်ပတ်ခွင့် ရရှိနေဆဲဖြစ်သည်။

ခေတ်ပြိုင် www.khitpyaing.org
အပြည့်အစုံသို့ >>

ထိုင်းစစ်တပ်မှ မြန်မာအလုပ်သမား ၃၀၀ ခန့် ဖမ်းဆီး လူနေအိမ်များမီးရှို့

05/06/2009 ရက်နေ့မှ သတင်းကို ပြန်လည်ဖော်ပြထားသည်။


ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ် ၄၄ ကီလိုမီတာကျေးရွာက မြန်မာ ရွှေပြောင်း အလုပ်သမားများနေထိုင်တဲ့ ရပ်ကွက်များကို ထိုင်းနယ်ခြားစောင့်စစ်တပ်က ၀င်ရောက်ဖမ်းဆီးပြီး အလုပ်သမား များနေထိုင်တဲ့ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဇွန်လ ၄ ရက်နေ့ နံနက် ၃ နာရီခန့်က ထိုင်းစစ်တပ်မှ စစ်သားအင်းအား ၁၀၀ လောက် ရောက်လာ မြန်မာအလုပ် သမားနေထိုင်ရာ ၄၂ ကီလိုကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ၄၄ ကီလို ပတ်ဝန်းကျင်က ကျေးရွာတွေက မြန်မာအလုပ်သမား ၃၀၀ ကျော်လောက်ကို ဖမ်းဆီးသွားပါ တယ်။
ထွက်ပြေးလွတ်မြောက်သွားသူတွေရဲ့ နေအိမ်အချို့နဲ့ ကျန်နေခဲ့တဲ့ အိုးခွက်ပန်းကန် အသုံးအဆောင် အ၀တ် အထည် အားလုံးကို စုပုံမီးရှို့ခဲ့သွားတယ်လို့ မျက်မြင်သက်သေများက ပြောပြပါတယ်။မျက်မြင်သက်သေ မယဉ်ဝင်း ပြောပြတာက …
“ပြေးကြတာပေါ့ အိမ်သုံးလေးအိမ်လောက်ကို မီးရှို့သွားတယ်။ အိမ် ၃၀ လောက် အဖျက်ဆီး ခံရတယ်။ တွေ့သမျှစုပြီးရှို့ပါတယ်။ ပြီးတော့ မွေးထားတဲ့ ကြက်အချို့ကိုလည်း ယူသွားကြ တယ်။ အသက် ၇၀ ၀န်းကျင် လူကြီး ၃ ယောက် လောက်ပါတယ်။ ဗိုက်ကြီးသယ်တွေရော ကလေးသေးသေးလေးတွေလည်းပါတယ်။ အလုပ်အကိုင် အဆင်မပြေရတဲ့ကြားထဲ ပူပင် သောက ဖြစ်ရတာပေါ့လေ။ ဗမာပြည်မှာအဆင်မပြေလို့လာတာ ဒီမှာကလည်း မလုံခြုံ ကျမတို့ တော်တော်အခက်ကြုံရပါတယ်'' လို့ ပြောပြပါတယ်။


အဲဒီ ၄၂ကီလိုမီတာမှာ မြန်မာအလုပ်သမားများရဲ့ ကလေးငယ်များပညာရေးအတွက် ကျောင်း ဆရာလုပ်တဲ့ ကိုထိုက်သူအောင် က …
“ ၄၄ ရွာက ကျနော်တို့ ကျောင်းသား မူကြိုတန်းကနေ ၄ တန်းထိ ၁၂၀ ကျော် အားလုံးဖမ်း သွားတယ်။ အနီး အနား မှာရှိသမျှ လူနေ၀င်းတွေကို ဖမ်းသွားပါတယ်။ လူလေးရာကျော် လောက် ရှိပါတယ်။ ဘတ်မရှိတဲ့အတွက် ဖမ်းမယ်ဆိုရင် ဖမ်းပေါ့ဗျာ ခုဟာက နေအိမ်တွေကို ဖျက်ဆီးတယ်။ မူကြိုကလေး သုံးလေးနှစ်အရွယ် တစ် ယောက်ဆိုရင် မိဘတွေမှာဘတ်ရှိတယ်။ အဖိုးအဖွားဆီမှာသွားထားတာ အဘိုးအဖွားကိုဖမ်းတာနဲ့ ကလေး ကိုပါဖမ်းသွားတယ်။ မိဘက တောင်းပန်တာ မရဘူးဗျ။ အိမ်တွေကိုဖျက်ဆီးတာ။ အ၀တ်အစား တွေကိုမီးရှို့ တာတွေက အရမ်းရက်စက်ရာကျပါတယ်” လို့ ပြောပါတယ်။

နံနက် ၃ နာရီကျော်ကစလိုက်တဲ့ ဖမ်းဆီးမှုဟာ နံနက် ၈ နာရီ လောက်ထိ ဖမ်းထားတဲ့ လူတွေ ကို ဖုတ်ဖရမြို့ ကိုကားတွေနဲ့ ဆက်တိုက်သယ်ယူနေတယ် ဆိုတာကိုလည်း ပြောပြပါတယ်။
၄၄ ကီလိုရွာက မြန်မာအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း အခုလို ထိုင်းစစ် တပ်က မောင်းထုတ်ခဲ့လို့ ဘေးလွတ်ရာတောတောင်ထဲမှာ အတော်ကြာကြာ ရှောင်တိမ်းနေ ထိုင်ခဲ့ရပါတယ်။ အခု မိုးကျလာလို့ နေထိုင်ရာဝင်းများကို ပြန်လာခဲ့တာ ရက်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ အခု ထပ်လာပြီး အိမ်တွေမီးရှို့ လူတွေကိုဖမ်း အခုလို ဖြစ်နေတာတွေဟာ ဖုတ်ဖရမြို့နယ်အတွင်းမှာ ၂၀၀၈ ခုနှစ်က ၂ ကြိမ်၊ အခုနှစ် ၂၀၀၉ တွင် ၂ ကြိမ်ရှိနေပြီဖြစ် တယ်လို့ အဲဒီဒေသက မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောပြပါတယ်။
အတ္တကင်းစင် ဒီမိုကရေးစီလွင်ပြင်
http://socialactionforwomen.blogspot.com/
အပြည့်အစုံသို့ >>

Sunday, 5 July 2009

အလုပ်သမားလက်မှတ် အသစ်နှင့် ပတ်သက်သော အင်တာဗျူ

ထိုင်းနိုင်ငံထဲမှာ နိုင်ငံခြားသားအလုပ်သမား ၂ သန်းကို နေထိုင်အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်တွေ လုပ်ခွင့်ပြုမယ်လို့ ထိုင်းအစိုးရ ကြေငြာခဲ့တဲ့အပေါ် သိချင်လို့ မေးမြန်းလာတာတွေနဲ့ပတ်သတ်ပြီး ကြေငြာချက်ကို အသေအချာ လေ့လာစူးစမ်းပြီး ပြန်လည်ရှင်းလင်း ဖြေကြားပေးလိုက်ပါတယ်။

 မေး။ အလုပ်လုပ်ခွင့်လက်မှတ်ကို ဘယ်သူတွေအတွက် လုပ်ပေးမှာပါလဲ

ဖြေ။ ထိုင်းနိုင်ငံထဲ ၀င်အလုပ်လုပ်နေတဲ့ မြန်မာ၊ လောနဲ့ ကမောဒီးယားနိုင်ငံသားတွေကို လုပ်ပေးမှာပါ။ ဒီနေရာမှာ ထောရော ၃၈၊ ၁ လို့ခေါ်တဲ့ နေထိုင်ခွင့်လက်မှတ် ရှိတဲ့သူရော၊ ဘာအထောက်အထားမှ မရှိတဲ့သူတွေကိုရော အားလုံးကို လုပ်ပေးမှာပါ။

 မေး။ ကိုယ့်ဖာသာ မှတ်ပုံတင်ခွင့်ရှိပါသလား

ဖြေ။ မဟုတ်ပါဘူး။ အလုပ်ရှင်ဖြစ်တဲ့သူတွေက သူတို့လိုသလောက် သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးကိုသွားပြီး အလုပ်သမားငှားရမ်းခွင့် ကိုတာတွေကို အရင်သွားလျောက်ရမှာပါ။ အလုပ်ရှင်တွေကို ရိုးရိုးအလုပ်ရှင်တွေနဲ့ ကုမဏီပိုင်ရှင်၊ အသင်းအဖွဲ့တွေဆိုပြီး ၂ မျိုးခွဲထားပါတယ်။ အဲဒီအလုပ်ရှင်တွေကမှ ကိုယ့်အလုပ်သမားတွေကို ကိုယ့်ရဲ့မြို့နယ်ရုံး၊ နယ်မြေအုပ်ချုပ်ရေးရုံးတွေမှာရှိတဲံ မှတ်ပုံတင်ဌာနတွေဆီ တပါတည်း ခေါ်သွားရမှာပါ။

 မေး။ အဲဒီမှာ အလုပ်လုပ်ခွင့်လက်မှတ် တခါတည်းလုပ်ပေးမယ် ဆိုပါတော့။

ဖြေ။ ဒီနေရာမှာ လက်မှတ်လုပ်မယ့်သူတွေကို တခါမှ မှတ်ပုံမတင်ဖူးသေးတဲ့သူတွေနဲ့၊ နေထိုင်ခွင့်လက်မှတ်ရှိပြီး သက်တမ်းကုန်နေသူတွေဆိုပြီး ၂ အုပ်စုခွဲထားပါတယ်။

တခါမှ မှတ်ပုံမတင်ဖူးသေးတဲ့သူတွေအနေနဲ့ ပထမ နေထိုင်ခွင့်ကိုအရင်လုပ်ရပါမယ်။ နေထိုင်ခွင့်ရှိတဲ့သူတွေကတော့ သက်တမ်းကုန်နေရင် တိုးဖို့ လိုအပ်ပါတယ်။ ပြီးရင် ဒုတိယအဆင့်အနေနဲ့ ဆေးစစ်ရပါမယ်။ ပြီးတော့မှ အလုပ်လုပ်ခွင့်လက်မှတ် လုပ်ရမှာပါ။

 မေး။ ဘယ်တော့ စလုပ်ပေးမှာပါလဲ

ဖြေ။ ၂၀၀၉ ဇူလိုင် ၁ ရက်နေ့ကစပြီး လုပ်ပေးမှာပါ။ သြဂုတ်လ ၂၉ ရက်နေ့အထိ ရက် ၆၀ ကြာကာလအတွင်း လုပ်ပေးမှာပါ။ ဇူလိုင် ၁ ရက်နေ့ကနေ သြဂုတ်လ ၁၄ ရက်အထိ ၄၅ ရက်တာအတွင်းမှာတော့ နေ့လည် ၁ နာရီခွဲကနေ ညနေ ၅ နာရီခွဲအထိ ပိတ်ရက်မရှိပဲ ဆေးရုံမှာ ဆေးစစ်ပေးမှာပါ။

 မေး။ ဆေးသွားစစ်တဲ့အခါ ဘာတွေယူသွားရမလဲ

ဖြေ။ နေထိုင်ခွင့်လက်မှတ် ယူသွားရမယ်။ တခါတလေ အလုပ်ရှင်ရဲ့ ကိုတာစာရွက်၊ ဒါမှမဟုတ် ကိုယ့်ဓါတ်ပုံကို ဆေးရုံကတောင်းတတ်ပါတယ်။ ပြီးတော့ ဆေးစစ်ခနဲ့ ကျန်းမာရေးအာမခံကဒ်လုပ်ခကို တခါတည်း အဲဒီမှာ ပေးရမှာပါ။

 မေး။ လက်မှတ်သွားလုပ်တဲ့အခါမှာရော ဘာတွေလိုအပ်မလဲ

ဖြေ။ အလုပ်ရှင်နဲ့အလုပ်သမားတွေ အတူသွားရပါမယ်။ တပါတည်း ယူသွားရမှာက

၁၊ နေထိုင်ခွင့်လက်မှတ်နဲ့ မိတူ

၂၊ အလုပ်ရှင်ရဲ့ ထိုင်းနိုင်ငံသားမှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား မိတူ

၃၊ ကိုတာစာရွက်

၎၊ ဆေးလက်မှတ်

၅၊ တောထော ၁၃ လို့ခေါ်တဲ့ အလုပ်သမားလက်မှတ်လျောက်လွှာပုံစံ၊ လျှောက်လွှာပုံစံကို အလုပ်သမားရုံးမှာ တောင်းယူနိုင်ပါတယ်။

၆ ကတော့ လုပ်ငန်းတည်တဲ့နေရာကိုပြတဲ့ မြေပုံပါပဲ။

 မေး။ လက်မှတ်လုပ်တဲ့အခါ ကုန်ကျစားရိတ် ဘယ်လောက်ရှိနိုင်မလဲ

ဖြေ။ နေထိုင်ခွင့် အသစ်လုပ်တာပဲဖြစ်ဖြစ်၊ သက်တမ်းတိုးတာပဲဖြစ်ဖြစ် ၀န်ဆောင်ခအဖြစ် ဘတ် ၈၀ ပေးရပါမယ်။ အလုပ်သမားလက်မှတ်လုပ်ဖို့ လျှောက်လွှာခက ဘတ် ၁၀၀ ကျပါတယ်။ အလုပ်လုပ်ခွင့် မှတ်ပုံတင်ကြေးအဖြစ်ကတော့ သက်တမ်းအလိုက်ပေးရမှာပါ။

၃ လသက်တမ်းအတွက်ဆိုရင် ဘတ် ၄၅၀၊ ၆ လအတွက် ဘတ် ၉၀၀ နဲ့ တနှစ်သက်တမ်းအတွက်ဆိုရင်တော့ ဘတ် ၁၈၀၀ ပေးဖို့လိုအပ်ပါတယ်။ ဆေးစစ်ခနဲ့ ကျန်းမာရေးအာမခကဒ်အတွက် ဘတ် ၁၉၀၀ ပေးရမယ်။ ငွေပေးတိုင်းမှာ ငွေလက်ခံဖြတ်ပိုင်း ပေးပါလိမ့်မယ်။ မပေးရင် တောင်းယူပါ။

 မေး။ အားလုံးစုစုပေါင်း ငွေဘယ်လောက်လောက်ကုန်နိုင်မလဲ

ဖြေ။ အင်း အစကအဆုံးထိ တနှစ်စာအတွက် စုစုပေါင်းကုန်ကျငွေက ဘတ် ၃၈၈၀ လို့ ပြောနိုင်ပါတယ်။

 မေး။ လက်မှတ်တွေကို အရောင်တွေခွဲထားတယ်လို့ပြောပါတယ်။ ဘယ်လိုခွဲထားတာလဲ။

ဖြေ။ လုပ်ငန်းအမျိုးအစားလိုက်ပြီး ခွဲထားတာပါ။ ရေလုပ်ငန်းကအလုပ်သမားတွေအတွက်က အပြာရောင်၊ ရေလုပ်ငန်းနဲ့ဆက်စပ်နေတဲ့အလုပ်တွေအတွက်က လိမော်ရောင်၊ အစိမ်းရောင်က စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအတွက်၊ အ၀ါရောင်က ဆောက်လုပ်ရေးလုပ်ငန်းကသူတွေအတွက်၊ မီးခိုးရောင်ကတော့ အိမ်ဖော်လုပ်ငန်းအတွက်နဲ့ အခြားလုပ်ငန်းတွေအတွက်ကတော့ အညိုရောင်လို့ သတ်မှတ်ထားပါတယ်။

 မေး။ လက်မှတ်လုပ်ခွင့်ကြေငြာချက်မှာ တခြားဘာများ ထူးထူးခြားခြား ဖော်ပြထားတာ ရှိပါသလဲ။

ဖြေ။ ဒီတခါ လက်မှတ်လုပ်ရာမှာ ထူးခြားချက်က ဒီအလုပ်လုပ်ခွင်လက်မှတ်တွေကို ထိုင်းအစိုးရက  လာမည့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိပဲ ခွင့်ပြုထားတာပါ။ တနှစ်စာဆိုပေမယ့် ၈ လပဲ သက်တမ်းရှိတဲ့သဘောလို့ ပြောရမယ်။ အဲဒီရက်နောက်ပိုင်းမှာ အလုပ်သမားတွေအနေနဲ့ မိမိမူရင်းနိုင်ငံတွေပြန်ပြီး နိုင်ငံသားပြန်လည်စီစစ်ရမယ်လို့ ဆိုထားပါတယ်။ ဒါမှသာ သူတို့ကို ထိုင်းအစိုးရက တရားဝင် ပြန်လည်ခန့်ထားမယ်လို့ ပြောပါတယ်။

ဒါကတော့ ၂၀၀၃ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက် စာချွန်လွှာအရ ထိုင်းနိုင်ငံဘက်က စတင်ကြိုးပမ်းခဲ့တာ ခုထိ မအောင်မြင်နိုင်သေးတဲ့ ကိစဆိုပါတော့။ ဒီတော့ ဒီတခေါက်လည်း ဘာတွေဆက်ဖြစ်လာမလဲ ဘာမှ အသေအချာ မပြောနိုင်ပါဘူး။

 

 

 

 

အပြည့်အစုံသို့ >>

ဘန်ကောက်မြို့လုမ္ဗနီ နိုက်ဘဇားညဈေးအတွင်း မြန်မာအလုပ်သမားတစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်


6 may 2009 ၇က် ညက ဘန်ကောက်မြို့ လုမ္ဗနီ နိုက်ဘဇားညဈေးတွင် ဈေးရောင်းအလုပ်သမား မြန်မာတစ်ဦးအား ဈေးဆိုင်ပိုင်ရှင် မြန်မာတစ်ဦးနှင့် အပေါင်းပါများက ဈေးအတွင်းအုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြောင်း သိရသည်။ရိုက်နှက်ခံရသူ ကိုချစ်ထူးအား မေလ(၅)ရက်နေ့ကတစ်ကြိမ် ထိုင်းပုလိပ်ကို ဖမ်းခိုင်းပြီး ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ ကိုချစ်ထူးက ကျေနပ်မှုမရှိ၍ ရိုက်နှက်ရန်စေခိုင်းသူ မြန်မာဈေးဆိုင်ပိုင်ရှင် မချို၏ဆိုင်အား ဓါတ်ပုံရိုက်ယူခဲ့သည်။ ဓါတ်ပုံရိုက်ယူမှုကို မချို ကသိရှိသွားသဖြင့် မချို၏ ခင်ပွန်းအပါအ၀င် လူ(၇)ဦးက လာရောက်၍ ယမန်နေ့က ဒုတိယအကြိမ် အကြမ်းဖက် ၀ိုင်းဝန်း ရိုက်နှက် ကြခြင်းဖြစ်သည်။ရိုက်နှက်ခြင်းခံရသူ ကိုချစ်ထူးက “ကျနော် မချိုရဲ့ လူငှါးတွေနဲ့ သိတယ်။ သူတို့တွေနဲ့ စကားပြောတာကို မချိုက မကျေနပ်ဘူး။ မချိုက ဒီဈေးအတွင်းမှာ မြန်မာတွေဆိုင်လာဖွင့်လို့ဖြစ်ဖြစ်၊ အလုပ်လာလုပ်တာဖြစ်ဖြစ် နယ်မြေခံရဲတွေကို ဖမ်းခိုင်းတယ်။ ဒီလိုပဲလုပ်စားနေတာ။ ပထမနေ့က ပုလိပ်တွေရောက်လာပြီး ကျနော့်ကို လက်ထိပ်ခတ်တယ်။ ခြိမ်းခြောက်တယ်။ ငွေတောင်းတယ်။ ကျနော် အရင်(၂)ပတ်က ပုလိပ်ဖမ်းလို့ ဘတ် (၆၀၀၀)ပေးထားပြီးပြီ၊ ကျနော့်မှာ အလုပ်သမားဘတ်တွေရှိတယ်။ ဈေးမရောင်းရဘူး ဘာညာပြောလို့ ကျနော်ငွေပေးပြီး ကျေအေးခဲ့တာ။ အဲဒါကို ဒီညတခါ ကျနော် ဈေးရောင်းနေတဲ့ ဆိုင်ရှေ့ကို ကားနဲ့ရောက်လာပြီး ၀ိုင်းရိုက်ကြတယ်။ ကျနော်လည်း ပြန်ထိုးတာပဲ၊ ရဲစခန်းကို ကျနော့်ကို ဖမ်းသွားခဲ့တယ်။ ကျနော် အာမခံနဲ့ အခုလွတ်လာပြီ” ဟုပြောသည်။

ဘန်ကောက်မြို့လယ်ခေါင် နိုင်ငံခြားသားများ စုဝေးဈေးဝယ်ထွက်ရာ လူစည်ကားသည့် ယခုလိုနေရာမျိုးတွင် တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)ရှိသော မြန်မာအလုပ်သမားတစ်ယောက်ကို ဤကဲ့သို့ ဈေးရောင်းချိန်တွင် တရားလက်လွတ် ၀ိုင်းဝန်းအကြမ်းဖက် ရိုက်နှက်ကြသဖြင့် ထိုင်းနိုင်ငံတရားဥပဒေနှင့် လူများ၏ လုံခြုံရေးမှာ အာမခံချက်မရှိသလိုဖြစ်နေကြောင်း ရိုက်နှက်ခံရသူ ကိုချစ်ထူးက ဆက်လက်ပြောပြသည်။ကိုချစ်ထူးသည် မြန်မာဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူဖြစ်ပြီး ထိုင်းမြန်မာ ကျောင်းသားများနှင့် ပူးတွဲလှုပ်ရှားနေသူတစ်ဦးလည်း ဖြစ်သည်။အခင်းဖြစ်ပွားရာဆိုင်ဘေးမှ ကိုကိုဝင်းက “မချိုရဲ့လူတွေက ၀ိုင်းထိုးကြတယ်။ ကိုချစ်ထူးကလည်း ပြန်ထိုးတယ်။ တစ်ယောက်နဲ့ အများဆိုတော့ ကိုချစ်ထူးနည်းည်းနာသွားတယ်။ မျက်နှာမှာ ဖူးယောင် ပွန်းပဲ့သွားတယ်။ ဒီမိန်းမက ဈေးထဲမှာ ဈေးရောင်းအလုပ်သမားတွေ ဘယ်ဆိုင်မှာ ဘယ်သူ၊ ဘတ်မရှိလဲ၊ ဘယ်ဗမာက ဈေးဆိုင်လာဖွင့်လဲ စုံစမ်းပြီးတော့ လစဉ်ကြေး တစ်ယောက်ကို (၂၀၀၀)ဘတ်စီ ပုလိပ်နဲ့ ပေါင်းပြီးကောက်တယ်။ တော်တော်ဆိုးတယ်ဗျာ။ မြန်မာအချင်းချင်း မလုပ်ကောင်းဘူး’’ဟု ပြောသည်။

အဆိုပါ နိုက်ဘဇားဈေးအတွင်း ဈေးရောင်းမြန်မာအလုပ်သမားများသည် အင်္ဂလိပ်နှင့် ထိုင်းဘာသာစကားကို ကျွမ်းကျင်သူမှ အလုပ်အကိုင်ရရှိနိုင်သည်။ ဈေးအတွင်း မြန်မာအလုပ်သမားရာချီရှိကြောင်း အလုပ်သမားများ ပြောကြားချက်အရ သိရှိရသည်။

အပြည့်အစုံသို့ >>

အလုပ်သမား မှတ်ပုံတင်အသစ်များနှင့် အတူ

ထိုင်နိုင်ငံအစိုးရက နိုင်ငံခြားသား အလုပ်သမားများကို အလုပ်လုပ်ခွင့် လက်မှတ် ပြုလုပ်ခွင့်ပေးလိုက် ပြီး နောက်ပိုင်းတွင် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်များသည် အလုပ်သမားသစ်များ ခေါ်ယူမှုများနှင့် အတူ ကယ်ရီပွဲစားများမှ အလုပ်ဝင်ကြေး (စမတ်ခ) များအဖြစ် လူတစ်ဦးလျှင် ၅၀၀၀ ဘတ်၊ ၄၀၀၀ ဘတ်၊ အနဲခံ ဘတ် ၃၀၀၀ ဖြစ်လည်ကောင်း ပေးဆောင်ဝင်ရောက် ရမှုများများစွာဖြစ်ပေါ်နေလေသည်။
စမှုပါကန် ပါနန်းတွင် ၀င်ကြေးနှင့် အလုပ်သမား မှတ်ပုံတင်ကြေး အဖြစ် လူခံဖြစ် ၀င်ရောက်ပါက ဘတ် ၆၀၀0 ဖြစ်လည်းကောင်း၊ လူခံမဟုတ်ပါက ဘတ် ၈၀၀0။ ၉၀၀၀ အထိပေးရကြောင်း ၀င်ရောက်လုပ်ကိုင်နေသူ အလုပ်သမားတစ်ဦးက ဆို၏။
ဘန်ဘော် ငါးသေတ္တ္တာစက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ မထက် မှလည်း "သမိးတို့ ငါးသေတ္တာ စက်ရုံမှာ တစ်ယောက်ကို ဘတ် ၃၀၀0 ပေးပြီး ၀င်ရတာတွေတယ်။ ခဲ ရောင် မှာ အလုပ်ကောင်းကောင်းရမယ့် ဆိုပြီး ခေါ်တာ။ အရင်ကတော့ ဟုတ်ပါတယ်။ ခုတော့ အရောင် အားလုံး OT အတူတူပါဘဲ။ မသိတဲ့လူက အဟုတ်မှတ်ပြီး ၀င်တယ်လေ။ ခုတော့ စိတ်စါတ်ကျနေ ကျတယ်။ အလုပ်က အရင်လိုမှ မကောင်းတော့ တာ၊ ဒါတောင် လူပြည့်သွားလို့ အလုပ်မရတဲ့ လူတွေပြန်သွားတာမနည်းဘူး" ။
ထိုအတူ အလုပ်ကောင်းကောင်းရမည်ဟု ဆိုကာ ကယ်ရီိပွဲစားများ၏ လိမ်လည်ခံရခြင် များလည် များစွာဖြစ်ပေါ် နေလေသည်။ လိမ်လည်ခံရသူ ကိုမင်းအောင်က "ကျွန်တော်တို့ သူငယ်ချင် ၃ယောက်ကို ဖလန်ဆောင် ဖနတ်ရုံမှာ အလုပ်ရမယ်ဆိုပြီး တယောက်ကို ဘတ် ၁၅၀၀ နဲ့ ခေါ်တယ်။ လမ်းမှာ စမတ်ခ တောင်းတော့ အလုပ်မ၀င်ရသေလို့ ကျွန်တော်တို့က မပေးဘူး။ နောက်တော့ အတင်းတောင်းလို့ ပေးလိုက်တယ်။ ကျွန်တော်တို့ ၃ ယောက်ကို ခဏစောင့် သူဋ္ဌေနဲ့ စကားသွားပြောလိုက်ဦးမယ် ဆိုပြီး မပေါ်လာတော့ဘူး" အချို့စက်ရုံများတွင် ကယ်ရီိများသည် သူဋ္ဌေနှင့် ပေါင်း၍ ကန်ထရိုက်ပင် ဆွဲကာ အလုပ်သမားများ သွင်းနေကြသည်။
ထိုင်အစိုးရ၏ အလုပ်သမားမှတ်ပုံတင်အသစ် လုပ်ကိုင်ပေးခြင်ကြောင့် မြန်မာပြည် အလုပ်သမားများစွာ ပင် အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ ၀င်ရောက်လာကြသည့် ။
လမ်းအဆင့်ဆင့်တွင် အဖမ်းအဆီးများကို ရှောင်တိမ်းပြီးလာရ သကဲ့သို့ ခရီးစရိတ်များ ဘတ်ငွေ သောင်းချိ ပေးရသည့် အပြင် အလုပ်ဝင်ရန် ကယ်ရီပွဲစာခများ မြောက်များစွာပင် ပေးဆောင်ဝင်ရောက်နေရသည်။
ထိုင်အစိုးရ၏ အလုပ်သမားမှတ်ပုံတင် လုပ်ကိုင်ပေးမည့် သတင်းကြောင်း အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ လာ ရောက်ကြသည့် လမ်းခရီတွင်ပင် အလုပ်သမား ထောင်ကျော် ဖမ်းဆီးခံထိနေကြသည်။
အပြည့်အစုံသို့ >>

Saturday, 4 July 2009

မလေးရှားက နိုင်ငံခြားသားအလုပ်သမား လက်မခံတော့ဟုဆို

         မလေးရှား အစိုးရက မြန်မာနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသား အလုပ်သမားများကို ၂၀၀၉ ခုနှစ် ဇွန် လ (၁) ရက်နေ့မှ စတင်ကာ အလုပ်လုပ်ခွင့် မပြုဘဲ လိုက်လံဖမ်းဆီး လျှက်ရှိရာ ကွာလာလမ်ပူမြို့တော်ရှိ လူစည် ကားရာနေရာများ၌ အလုပ်သမား အများအပြား အဖမ်းခံရလျှက် ရှိကြောင်း သတင်းရရှိသည်။

          ယနေ့ နေ့လယ်က ရာနှင့်ချီသော မလေးရှား အာဏာပိုင်များနှင့် ရလာ (RALA)များက စစ်ထရပ်ကား သုံးစီး ဖြင့် မြို့ထဲတွင် လိုက်လံဖမ်းဆီးရာ လူနှစ်ရာခန့် အဖမ်းခံရသည်ဟု ကွာလာလမ်ပူ အခြေစိုက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ကိုဇင်ထူးက ပြောသည်။

         မလေးရှားအစိုးရက ထုတ်ပြန်ထားသည့် ကြေညာချက်တွင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းမိပါက ထောင်ဒဏ်နှင့် ကြိမ်ဒဏ် ပေးမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များကိုလည်း ဒဏ်ငွေရိုက်ခြင်း၊ ဆိုင် လိုင်စင် သိမ်း ခြင်းတို့အပြင် ဆိုင်ကိုပါအသိမ်းခံရမည်ဟု ပါရှိကြောင်း၊ ထို့ကြောင့် ဆိုင်ရှင်များကလည်း အလုပ်သမားများကို အသုံးမပြုဝံ့ကြတော့ကြောင်း ၎င်းက ဆိုသည်။
         ယင်းသတင်းကို မလေးရှားနိုင်ငံ၏ ထင်ရှားသော သတင်းစာတစောင်ဖြစ်သည့် စတား (Star) သတင်းစာတွင် ဖေါ်ပြထားသည်။

 

မလေးရှားမှာလည်း မြန်မာအလုပ်သမားတွေ အဖမ်းခံရ


         မလေးရှား အာဏာပိုင်များက မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်ကို မကြာသေးမီက ဖမ်းဆီးလိုက်ကြောင်း ကြားသိရသည်။
         နောက်ဆုံးအကြိမ် နိုင်ငံခြားသား အလုပ်သမားများအား နှိမ်နင်းသည့်စီမံကိန်းတွင် မလေးရှား အာဏာပိုင် များက မွန်အမျိုးသား ၅၀ ကျော်အပါအဝင် မြန်မာအလုပ်သမားများကို ယခုကဲ့သို့ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း မွန်ဒုက္ခသည် အဖွဲ့အစည်း Roi Mon မှ တာဝန်ရှိသူတဦးက ပြောပြသည်။
         ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် ကရင် အလုပ်သမား ၂၀ ပါဝင်သည်ဟုလည်း ကရင် ဒုက္ခသည်အဖွဲ့အစည်း၏ ဥက္ကဌ မန်းစိန်သန်းကဆိုသည်။
         တခြားသော ရာပေါင်းများစွာရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များသည် အဖမ်းအဆီးခံခဲ့ရပြီးနောက် လွတ်မြောက်ခဲ့သော်လည်း နောက်တကြိမ် အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် စိတ်လွတ်လပ်စွာ အလုပ်မလုပ် နိုင်သောကြောင့် အလုပ်လုပ်ချိန်များလျော့ပါးကာ ဝင်ငွေနည်းပါးသွားသည်ဟု ကြားသိရသည်။ နောက်ဆုံး အကြိမ် နှိမ်နင်းဖမ်းဆီးမှုမှာ ဇွန်လ ၁ ရက်နေ့တွင် စတင်ခဲ့သည်။
        မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ တရုတ်တန်းရှိရာ ပတ်တလင် လမ်းတလမ်းတည်းတွင်ပင် စားသောက်ဆိုင် များနှင့် တခြားသော စီးပွားရေးလုပ်ငန်းများ၌ အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁၀၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။
       မလေးရှားအာဏာပိုင်များက ယင်းလမ်းထဲရှိ လုပ်ငန်းအသီးသီးကို နိုင်ငံခြားသား အလုပ်သမားများ မထားရှိရန် လာရောက် ခြိမ်းခြောက်ပြောဆိုသည်ဟု Roi Mon အဖွဲ့အစည်းက ဆိုသည်။
        "ကျမ သူငယ်ချင်းနှစ်ယောက်ဆို ပြီးခဲ့တဲ့အပတ်က အလုပ်ပြုတ်ပြီး ပြန်သွားရပြီ" ဟု မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား တဦးဖြစ်သူ မဝါယုက ပြောပြသည်။
          ကွာလာလမ်ပူအခြေစိုက် မြန်မာအလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအသင်း၏ အဆိုအရ မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် တရားဝင်နှင့် တရားမဝင် မြန်မာဦးရေ ၅ သိန်းခန့်ရှိသည်ဟု သိရသည်။
           မလေးရှားအစိုးရက နိုင်ငံခြားသားအလုပ်သမားများကို လုံးဝလက်မခံတော့ကြောင်း ယမန်နှစ် ဒီဇင်ဘာလက ကြေညာခဲ့သည်။

(Thursday, 11 June 2009 ရက်နေ့မှ သတင်းကို ဖော်ပြလိုက်ပါသည်.)(ဧရာဝတီ)


အပြည့်အစုံသို့ >>

မဲဆောက် ဆန္ဒပြ အလုပ်သမားများ သပိတ်လှန်

(6 May 2009 ) မှ သတင်းကို ပြန်လည်ဖော်ပြလိုက်သည်။)
E-mail Print

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာ အလုပ်သမား ၂ဝဝ ခန့်သည် လုပ်အားခ နှင့် အလုပ်သမား အခွင့်အရေး ရရှိရန် ယနေ့ ဆန္ဒပြ တောင်းဆိုကြရာ အလုပ်ရှင်က တောင်းဆိုချက်များ ပေးမည်ဟု သဘောတူလိုက်သောကြောင့် သပိတ်လှန်လိုက်ကြောင်း သိရသည်။

ဆန္ဒပြနေသော အလုပ်သမားများ (ဓာတ်ပုံ – ရောင်ခြည်ဦး)

အလုပ်သမားများသည် TK အသေးလေး သိုးမွေးစက်ရုံဟု လူသိများသည့် Panthong Manufacturing ကုမ္ပဏီ လီမိတက်က ပိုင်ဆိုင်သည့် စက်ရုံမှ ဖြစ်သည်။

မဲဆောက်မြို့ရှိ အလုပ်သမား ကာကွယ်ရေးရုံးရှေ့တွင် မနက် ၈ နာရီကျော်မှ နေ့လယ် ၂ နာရီခွဲ အထိ ဆန္ဒပြခဲ့သည်ဟု အလုပ်သမား ကိုယ်စားလှယ်တဦးက ပြောသည်။

“တောင်းဆိုတဲ့ အချက် ၃ချက်က ထိုင်းနိုင်ငံမှာ သတ်မှတ်ထားတဲ့ ဥပဒေ အတိုင်း အလုပ်သမား လုပ်အားခ ရချင်တယ်၊ ကျန်းမာရေး စောင့်ရှောက်ခွင့် ရဖို့ နဲ့ သောက်ရေ သုံးရေ လုံလောက်စွာ ရရှိဖို့ ဖြစ်တယ်။ ရေရဖို့ ဆိုတာက ည ၁ဝ နာရီမှာ အချိန်ပို အလုပ် ဆင်းရင် ည ၁၁ နာရီ ဆိုရင် ချိုးရေ မရှိတော့ဘူး။ ချိုးရတဲ့သူ ချိုးရသလို၊ မချိုးရတဲ့သူလည်း ရှိတယ်၊ ဒီအချက်တွေကို တောင်းဆိုခဲ့ကြပါတယ်” ဟု အဆိုပါ အလုပ်သမားက ပြောသည်။

ဆန္ဒပြသည့် နေရာသို့ ထိုင်းရဲများ ရောက်ရှိလာသော်လည်း ဖမ်းဆီးခြင်း မရှိဟု သိရသည်။

ယင်း တောင်းဆိုချက်များကို ပြီးခဲ့သည့်လက အလုပ်သမား ကာကွယ်ရေး ရုံးသို့ စာရေးသား ပေးပို့ပြီး တောင်းဆိုခဲ့သော်လည်း ထူးခြားမှု မရှိသည့် အတွက် ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့၏ စက်ရုံတွင် မြန်မာ အလုပ်သမားပေါင်း ၃ဝဝ ကျော် ရှိပြီး တရက်လျှင် အလုပ်ချိန် ၉ နာရီ ရှိကြောင်း၊ အချိန်ပို လုပ်အားခ အဖြစ် ငါးဘတ်တန် ခေါက်ဆွဲထုပ် တထုပ် ရရှိခဲ့ကြောင်း၊ ယခု အချိန်တွင် ထိုခေါက်ဆွဲ တထုပ်ပင် မရတော့ကြောင်းလည်း ၎င်းအလုပ်သမားက ရှင်းပြသည်။

အလုပ်သမား နှင့် အလုပ်ရှင်အကြား ညှိနှိုင်းပြီး သဘောတူညီချက်များ ရခဲ့ကြသည်ဟု ရောင်ခြည်ဦး အလုပ်သမား အဖွဲ့မှ တာဝန်ခံ ဦးမိုးဆွေက ပြောသည်။

“လာမယ့် ၂၁ ရက်နေ့မှ လစာ ထုတ်ပေးမယ်၊ ဒီကြားရက်တွေမှာ အလုပ်ရှင်က ထမင်း ၃ နပ် ကျွေးမယ် ဆိုပြီး သဘောတူညီမှု ရတယ်၊ လောလောဆယ် သူတို့အနေနဲ့ ငွေကြေး အခက်အခဲ တွေ့နေလို့ သည်းခံစောင့်ပေးပါလို့ အလုပ်ရှင် ကိုယ်စားလှယ်က အလုပ်သမားရုံးမှာ လာဖြေရှင်းသွားပါတယ်” ဟု ဦးမိုးဆွေက ပြောသည်။

ဤအမှု ပြေလည်စေရေး အတွက် မဲဆောက်အခြေစိုက် အလုပ်သမား ရေးရာအဖွဲ့များ ဖြစ်သည့် ရွှေ့ပြောင်း အလုပ်သမား ကူညီ စောင့်ရှောက်ရေး အဖွဲ့ (MAP) နှင့် ရောင်ခြည်ဦးတို့က ကူညီဆောင်ရွက်ပေးခဲ့သည်။

မဲဆောက်မြို့တွင် မြန်မာပြည်သား အများအပြားသည် စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဈေးဆိုင်များ၊ အိမ်များတွင် ဝင်ရောက် လုပ်ကိုင်လျက်ရှိသည်။

၂ဝဝ၂ ခုနှစ်မှ ယခုအချိန်အထိ အလုပ်သမားများက အလုပ်ရှင်ကို လစာ ရရှိရေးအတွက် တရားစွဲသည့် အမှုပေါင်း ၁၃၈ မှု ရှိခဲ့သည်၊ အမှု အားလုံးတွင် ထိုင်းတရားရုံးက မြန်မာပြည်သား အလုပ်သမားများကို အနိုင်ပေးခဲ့သည့် အတွက် လစာ နှင့် လျော်ကြေးငွေများ ရရှိကြသည်ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ ပြောဆိုချက်အရ သိရသည်။

“အခုလို အလုပ်ပါးတဲ့ အချိန်မှာဆိုရင် တလမှ အများဆုံး ဘတ်၂ထောင် ရတယ် ခင်ဗျ။ တခါတလေ ဆိုရင် ဘတ် ၃ဝဝ လောက်ပဲ ရတယ်။ စားဖို့ သောက်ဖို့ ဒုက္ခ ရောက်ရပါတယ်” ဟု TK စက်ရုံမှ အလုပ်သမား တဦးက ပြောသည်။

ထိုင်း ဥပဒေအရ မဲဆောက်ဒေသရှိ အလုပ်သမားတဦး အနည်းဆုံး ရရှိမည့် တနေ့ လုပ်အားခမှာ ၁၅၁ ဘတ် (၄ ဒေါ်လာခန့်) ဖြစ်သည်။

အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP